
ဘာသာစကားကိုနားမလည်ဘဲ ကြည့်ခဲ့ဘူးတဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားက အနှစ်သက်ဆုံး ဇာတ်ကားပါပဲ။ ဂျာမန်ကားပါ။ ဒီဇာတ်ကားက ၇၉ကြိမ်မြောက် အော်စကာဆုပေးပွဲမှာလည်း အကောင်းဆုံး နိုင်ငံခြားဘာသာစကားရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Drama ပါ။ ဒီဇာတ်ကားမှာ မင်းသားကြီး Ulrich Mühe ရဲ့ သရုပ်ဆောင်မှုဟာ အံ့မခန်းလောက်ပဲလို့ကို ချီးကျူးလို့ရပါတယ်။ သူစကားများများမပြောခဲ့ရပါဘူး ဒါပေမယ့် ခံစားချက်ကို မျက်လုံး မျက်နှာတို့နဲ့ပဲ သရုပ်ဆောင်သွားပြီး လိုအပ်တဲ့ ဇာတ်သရုပ်ကို ပီပြင်အောင်ဖော်ပြနိုင်တာဟာ တကယ့်ကို လေးစားစရာအချက်ပါ။ ပြီးတော့ ဇာတ်လမ်းမှာ မလိုအပ်တဲ့ အပိုတွေကို ရှင်းမပြဘဲ လိုချင်တဲ့ ပွိုင့်ကိုရောက်အောင် လိုအပ်တဲ့နေရာမှာ ပြခဲ့တဲ့ တင်ဆက်ပုံဟာ ဒါရိုက်တာ ဇာတ်ညွှန်းဆရာတွေရဲ့ ကျွမ်းကျင်မှုတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီဇာတ်ကားကို ၁၀/၁၀တောင် ပေးပစ်ချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်။ ။Ulrich Mühe က ဒီဇာတ်ကားမှာ အရှေ့ဂျာမနီရဲ့ ရဲအရာရှိတယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အနောက်ကို ထွက်ပြေးဖို့ ကူညီတဲ့ သူတယောက်ကို စစ်ရင်း ဘယ်လိုစစ်ရတယ်ဆိုတဲ့သင်တန်းကို ပို့ချရင်းစလိုက်တာပါ။ သူ့ရဲ့ တာဝန်နောက်တခုကတော့ အရှေ့အစိုးရကို ပုန်ကန်တဲ့ အဖွဲ့အစည်းကို ထောက်ခံတဲ့ စာရေးဆရာတယောက်ကို စပိုင်လုပ်ဖို့ပါ။ အထက်ကအမိန့်အရ အဲဒီစာရေးဆရာရဲ့ အိမ်မှာ အသံဖမ်းကိရိယာတွေ အများကြီးတတ်လိုက်ပါတယ် ပြီးတော့ သူနဲ့ သူ့ရဲ့ လက်ထောက်နဲ့က ပြောသမျှအကုန်လုံးကို နားထောင်ပြီး Report တွေ လိုက်ရေးရတာပါ။ ဒီအလုပ်ကိုလုပ်ရင်း ဒီစာရေးဆရာလင်မယားကို သူခင်တွယ်လာပြီး ရက်စက်တတ်တယ်ဆိုတဲ့ သူ့နှလုံးသားက လှုပ်နှိုးလာချိန်မှာတော့ ဇာတ်လမ်းက အကွေ့အကောက်တွေနဲ့ စိတ်ဝင်စားဖွယ်ရာဖြစ်လာပါတယ်။