Pages

Saturday, May 08, 2010

တခြမ်းပဲလင်းတဲ့မြို့

သူ့မှာ မြို့ရိုးမရှိဘူး
မီတာဘောက်တွေ တပ်မထားဘူး
သူ့မြို့နှစ်ခြမ်းခွဲထားပုံကလည်း ခပ်လွယ်လွယ်
လမ်းသွယ်လေးတခုပဲရှိတာ။

ကြယ်တွေစုံတာ မြင်ချင်ရုံသက်သက်နဲ့တော့
အိမ်အမိုးကို သူတို့ ဖြုတ်မထားကြဘူးလေ
မိုးဆိုတာ တနေ့မှာတော့ ရောက်လာအုံးမှာကို။

သူ့မြို့ကို မြေပုံထဲမှာ
ရှာကြည့်သူတွေအတွက်
သူဟက်ဟက်ပက်ပက်ရယ်တယ်
ပထဝီဆိုတာ အမြင်သက်သက်ပါတဲ့။

တစ်တလီ တစ်
နှစ်တလီ နှစ်လို့ စာအံခဲ့တဲ့ အချိန်မှာ
အီတလီ အီလို့ ထည့်သင်မပေးခဲ့တာ(Italy)
အဲဒီဆရာရဲ့ အားနည်းချက်လား
မမေးခဲ့မိတဲ့ ကျောင်းသားရဲ့ အပြစ်လား။

၎င်းက လည်းကောင်းဖြစ်ချိန်မှာ
၁င်းက တကောင်းမဖြစ်ခဲ့တာတော့
သူတို့တွေ မတရားခဲ့ဘူးလို့
ဒီမြို့မှာ အခုထက်ထိမြင်နေတုန်း။

မြို့လေးက
သူ့ရဲ့ အလှအပတွေ အတွက်
သူ့ဆရာကို
ဘီယာတခွက်စာ ကဗျာတပုဒ်ရေးခိုင်းတယ်
ကဗျာဆရာဆီက အံကျလာတာက
ပလုံဆီနေတဲ့ အယ်ကိုဟောတွေ သက်သက်ရယ်။

သူ့မြို့မှာ မြို့စားမရှိဘူး
အခွန်အတုတ်မရှိဘူး
ရှုံချည်ဆန့်ချည် ဥပဒေမရှိဘူး
သူ့မြို့မှာ နားလည်မှုရယ်
ချစ်ခြင်းမေတ္တာရယ်
သစ္စာတရားရယ်
အဲဒီလို ရိုးရိုးရှင်းရှင်းလေးနဲ့ပေါ့။

မြို့ကလေးရဲ့ ကျန်းမာရေးအတွက်
ကျင်းပတဲ့ အသက်ရှုပြိုင်ပွဲမှာ
အသက်မှန်မှန်အရှုနိုင်ဆုံးလူကို
မြို့ကလေးက ဒဏ်ရာတရံထပ်ပေးလိုက်တယ်ဆိုပဲ။

သူ့မြို့ကလေးက
သူ့အိပ်မက်တွေနဲ့သူ
အသက်မှန်မှန်ရှုရင်း
ပလုံစီတွေနဲ့မျောရင်း
တခြမ်းပဲလင်းနေတာကတော့
ပြောစမှတ်ဖြစ်စရာ ဒဏ္ဍာရီအနေနဲ့ ကျန်ခဲ့တယ်..........