Pages

Sunday, November 21, 2010

အိပ်မက်၂၁ (Dream 21 by Naguib Mahfouz)

ဒီလမ်းကျဉ်းကျဉ်းလေးထဲမှာ ဘယ်သူကမှ လမ်းလျှောက်မထွက်ချင်ကြသလို ဘယ်သူမှလည်း လေသာဆောင်မှာ ထွက်ထိုင်နေတာမျိုး မရှိကြဘူး။ အမျိုးသမီးတယောက်ကတော့ အဝတ်အထည်ဆိုင်ထဲက အခင်းအကျင်းတွေကို ရပ်ပြီး ငေးကြည့်ရင်း ဖြည်းဖြည်းချင်း လျှောက်လာတယ်။

အသက် ၂၀တောင် ပြည့်မယ် မထင်သေးတဲ့ ကောင်လေးလေးယောက်က အမျိုးသမီးဆီကို တည့်တည့်လျှောက်သွားကြတယ်။ အမျိုးသမီးကလည်း မျက်မှောင်တချက်ကြုပ်ကြည့်လိုက်ပြီး သူတို့လမ်းပေါ်ကနေ ရှောင်ထွက်သွားတယ်။ ဒါပေမယ့် သူတို့ သူမဆီကို ရန်မူဖို့ရောက်လာကြပြီး သူမကို အနိုင်ကျင့်ကြတယ်။ သူမ ရုန်းကန်နေတာကို အနီးဝန်းကျင်က လူတွေက ဝင်ရောက်ဖျန်ဖြေချင်း မရှိဘဲ ကြည့်နေကြတယ်။ ကောင်လေးတွေက သူမရဲ့ ဝတ်ရုံကို ဖြဲဆုတ်ပစ်ကြတယ်။ သူမကတော့ အော်ဟစ်ရင်း အနီးဝန်းကျင်က လူတွေကို အကူအညီတောင်းနေတုန်းပဲ။ ဘာတွေဖြစ်နေကြတယ်ဆိုတာကို တွေ့လိုက်တဲ့ခဏမှာ အံ့သြခြင်းကြီးစွာနဲ့ ကျွန်တော့်ခြေလှမ်းတွေရပ်တန့်သွားတယ်။ ကျွန်တော် တခုခု လုပ်ချင်တယ် ဒါမှမဟုတ် တစုံတယောက်ကို တခုခု လုပ်ပေးစေချင်တယ် ဒါပေမယ့် ဘာမှတော့ ဖြစ်မလာခဲ့ဘူး။

ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ် ပြီးဆုံးသွားချိန်မှာပဲ ကောင်လေးတွေက ထွက်ပြေးသွားတယ်။ မကြာခင်ပဲ ရဲတွေရောက်လာတယ်။ သေချာ ဂရုပြုမိတော့ ကျွန်တော်က တခြားလူတစုနဲ့ အတူ ရဲအရာရှိရဲ့ စားပွဲရှေ့မှာ ရောက်လို့ ကျွန်တော်တို့ကို စစ်မေးခံနေတယ်။ ကျွန်တော်တို့ကို ဘာလုပ်ခဲ့သလဲလို့ မေးတော့ ဘာမှ မလုပ်ခဲ့ဘူးလို့ တညီတညွတ်တည်း အဖြေပေးခဲ့ကြတယ်။ အစီရင်ခံစာပေါ်မှာ ကျွန်တော့်နာမည်ကို ရေးတော့ ကျွန်တော့်ကို ကျွန်တော်ရှက်လွန်းလို့ လက်တွေက တုန်ယင်နေခဲ့တယ်လေ.......

နေဦး
(၂၀၁၀ နိုဝင်ဘာ ၂၁)

(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်ရဲ့ အိပ်မက်များပေါင်းချုပ်ထဲမှာ အိပ်မက် ၂၁ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်)