Pages

Monday, November 15, 2010

အိပ်မက် ၁၅ (Dream 15 by Naguib Mahfouz)

ခန်းမကျယ်ကြီးရဲ့ လျှောက်လမ်းတဖက်တချက်မှာ ရုံးခန်းကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတယ်။ အစိုးရရုံးခန်းတခုပဲ ပြောမလား ကိုယ်စားလှယ်ရုံးတခုပဲလား ဝန်ထမ်းတွေကလည်း ကိုယ့်ရဲ့ စားပွဲမှာကို ငြိမ်ငြိမ်ဆိတ်ဆိတ်ထိုင်နေတဲ့သူက ထိုင်လို့ တချို့ကလည်း ရုံးထဲမှာပဲ လှုပ်ရှားသွားလာနေကြလို့ပဲ။

ရုံးထဲမှာက ယောက်ျားလေးဝန်ထမ်းကော မိန်းကလေးဝန်ထမ်းတွေကော ရှိနေကြပြီး တယောက်နဲ့ တယောက်ကလည်း ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါးပဲ ကလူကြလို့ မျက်စပစ်ကြလို့။ ကျွန်တော်ကကော ဟုတ်တယ် ကျွန်တော်ကလည်း ဒီရုံးက ဝန်ထမ်းတယောက်ပဲ ထင်တယ် လစာကလည်း ခပ်နည်းနည်းပဲ ရတဲ့ ဝန်ထမ်းတယောက်ပေါ့။ စိတ်ထဲမှာလည်း လခနည်းတာကိုပဲ ခံပြင်းခံခက်ဖြစ်နေရတာလေ။ ဒါပေမယ့်လည်း ကျွန်တော် ကိုယ့်ထက် ရာထူးအဆင့်မြင့်တဲ့ ခပ်ချောချော အမျိုးသမီးတယောက်ကို လက်ထပ်ခွင့်တောင်းမိတယ်။ ကျွန်တော့်စိတ်ထင် သူက ဒီရုံးမှာ လုပ်နေတာ ကျွန်တော့်ထက်တော့ အတော်ကြာပြီထင်တယ်။ သူမက ကျေးဇူးတင်ကြောင်းပြောပြီး တခါတည်း ကျွန်တော့်ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တယ်။

"ပျော်ရွှင်တဲ့ဘဝတခု တည်ဆောင်ဖို့ လိုအပ်တဲ့ အရာကို ကျွန်မတို့ နှစ်ယောက်မှာ မပြည့်စုံသေးဘူးလေ" သူမက ရှင်းပြသွားခဲ့တယ်။

ဒီစကားက ကျွန်တော့်အတွင်းစိတ်ထဲထိ ဒဏ်ရာတခုအဖြစ် စူးနစ်ဝင်ရောက်သွားခဲ့တယ်။

အဲဒီအချိန်ကစလို့ ကျွန်တော့်ကို စိတ်ဝင်စားတဲ့ တခြားအမျိုးသမီးအချို့ရှိပေမယ့် ဘယ်အမျိုးသမီးကိုမှ ဒီစကားမျိုး မပြောဖြစ် မဆွေးနွေးဖြစ်တော့ဘူး။ အဲဒီအချိန်တွေမှာ ကျွန်တော်ကိုယ်ကိုတိုင်လည်း အထီးကျန်သလို အမြဲတမ်းလည်း စိတ်ပျက်လက်ပျက် ခံစားနေခဲ့ရတယ်။ နောက်တော့ ကောင်မလေးအသစ်တယောက်  အလုပ်ဝင်လာတယ်။ ဒါဟာ ပထမဆုံးအကြိမ် ကျွန်တော့်အတွက် လက်အောက်ဝန်ထမ်းတယောက်ရတာပဲ။ ကျွန်တော်က အယ်ဒီတာ သူမက စာစီစာရိုက်သမား ကျွန်တော့်လခက သူမထက် နှစ်ဆလောက်ရတယ်။ သူမက ရုပ်သိပ်မချောဘူး နောက် လူတွေကလည်း သူမရဲ့ အကျင့်ပျက်မှုတွေအကြောင်း အတင်းပြောကြတာကို ကြားကြားနေရတယ်။ ဒါပေမယ့် နောက်ဆုံး ကျွန်တော့်ရဲ့ အထီးကျန်မှုကို ဖြိုဖျက်ပစ်ဖို့ သူမကို ချဉ်းကပ်ကြည့်လိုက်တယ်။ သူမကလည်း အလိုက်သင့်ပဲ ကျွန်တော့်ရဲ့ချဉ်းကပ်မှုကို တုံ့ပြန်ခဲ့တယ်။ ကျွန်တော် အရမ်းပျော်သွားတယ် နောက် ကျွန်တော့်စဉ်းစားဆင်ခြင်မှုတွေပျောက်ဆုံးပြီး သူမကို လက်ထပ်ခွင့်တောင်းလိုက်မိတယ်။

"ကျွန်မ ဝမ်းနည်းပါတယ်"

ကျွန်တော် ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူး နောက် သူမက ဆက်ပြောတယ် "ကျွန်မရတဲ့လခနဲ့ ကျွန်မ အဆင်ပြေပါတယ် အထူးသဖြင့် ရှင့်ရဲ့ လခပါပေါင်းလိုက်ရင် ဘာမှပြောစရာတောင် မလိုပါဘူး။
ဒါပေမယ့် ကျွန်မ ပိုက်ဆံကို ဂရုမစိုက်ဘူး"
ဒါဆိုရင် သူမ ဘာကို ဂရုစိုက်တာလဲ ကျွန်တော်မေးဖို့ ကြိုးစားနေချိန်မှာပဲ သူမက အဝေးတနေရာကို ထွက်သွားလေရဲ့............

နေဦး
(၂၀၁၀ နိုဝင်ဘာ ၁၄)