Pages

Monday, November 22, 2010

လူတွေကို ပေါင်းရသင်းရခက်တယ်

လူတွေ အရှက်လုံဖို့ပဲ
ငါက သူတို့အပါးက ဝစ်လစ်စလစ် နေနေပြရတယ်

လူတွေ သန့်သန့်ရှင်းရှင်းနေနိုင်ဖို့ပဲ
ငါ့ခါးကြောတွေကိုတင်း
ငါ့တကိုယ်လုံးကို ပုတ်ခတ်ညှင်းဆဲတဲ့ဒဏ် ခံရတယ်

လူတွေ အမြင်လှဖို့ပဲ
ငါ့ကိုယ်တလျှောက်
မီးခြစ်ခြစ်တောက် အပူခံပေးရတယ်

လူတွေသစ်လွင်နေဖို့အရေးပဲ
ငါအသုံးတော်ခံလို့ နှစ်တွေကြာတော့
ငါ့လို အဟောင်းကို စွန့်ပစ်တတ်ကြတယ်

အဝတ်တထည်ဘဝနဲ့ သူတို့ လှပဖို့ ကူခဲ့တဲ့ ကျွန်တော်
အခုတော့ သူတို့ စိတ်တိုင်းကျ
လက်နှီးစုတ် ခြေသုတ်ခုံ ဘဝနဲ့
ဆက်အသုံးတော်ခံနေရပြန်တယ်......

နေဦး
(၂၀၁၀ နိုဝင်ဘာ ၂၂၊ နေ့လည် ၁း၂၆)

Sunday, November 21, 2010

အိပ်မက်၂၁ (Dream 21 by Naguib Mahfouz)

ဒီလမ်းကျဉ်းကျဉ်းလေးထဲမှာ ဘယ်သူကမှ လမ်းလျှောက်မထွက်ချင်ကြသလို ဘယ်သူမှလည်း လေသာဆောင်မှာ ထွက်ထိုင်နေတာမျိုး မရှိကြဘူး။ အမျိုးသမီးတယောက်ကတော့ အဝတ်အထည်ဆိုင်ထဲက အခင်းအကျင်းတွေကို ရပ်ပြီး ငေးကြည့်ရင်း ဖြည်းဖြည်းချင်း လျှောက်လာတယ်။

အသက် ၂၀တောင် ပြည့်မယ် မထင်သေးတဲ့ ကောင်လေးလေးယောက်က အမျိုးသမီးဆီကို တည့်တည့်လျှောက်သွားကြတယ်။ အမျိုးသမီးကလည်း မျက်မှောင်တချက်ကြုပ်ကြည့်လိုက်ပြီး သူတို့လမ်းပေါ်ကနေ ရှောင်ထွက်သွားတယ်။ ဒါပေမယ့် သူတို့ သူမဆီကို ရန်မူဖို့ရောက်လာကြပြီး သူမကို အနိုင်ကျင့်ကြတယ်။ သူမ ရုန်းကန်နေတာကို အနီးဝန်းကျင်က လူတွေက ဝင်ရောက်ဖျန်ဖြေချင်း မရှိဘဲ ကြည့်နေကြတယ်။ ကောင်လေးတွေက သူမရဲ့ ဝတ်ရုံကို ဖြဲဆုတ်ပစ်ကြတယ်။ သူမကတော့ အော်ဟစ်ရင်း အနီးဝန်းကျင်က လူတွေကို အကူအညီတောင်းနေတုန်းပဲ။ ဘာတွေဖြစ်နေကြတယ်ဆိုတာကို တွေ့လိုက်တဲ့ခဏမှာ အံ့သြခြင်းကြီးစွာနဲ့ ကျွန်တော့်ခြေလှမ်းတွေရပ်တန့်သွားတယ်။ ကျွန်တော် တခုခု လုပ်ချင်တယ် ဒါမှမဟုတ် တစုံတယောက်ကို တခုခု လုပ်ပေးစေချင်တယ် ဒါပေမယ့် ဘာမှတော့ ဖြစ်မလာခဲ့ဘူး။

ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ် ပြီးဆုံးသွားချိန်မှာပဲ ကောင်လေးတွေက ထွက်ပြေးသွားတယ်။ မကြာခင်ပဲ ရဲတွေရောက်လာတယ်။ သေချာ ဂရုပြုမိတော့ ကျွန်တော်က တခြားလူတစုနဲ့ အတူ ရဲအရာရှိရဲ့ စားပွဲရှေ့မှာ ရောက်လို့ ကျွန်တော်တို့ကို စစ်မေးခံနေတယ်။ ကျွန်တော်တို့ကို ဘာလုပ်ခဲ့သလဲလို့ မေးတော့ ဘာမှ မလုပ်ခဲ့ဘူးလို့ တညီတညွတ်တည်း အဖြေပေးခဲ့ကြတယ်။ အစီရင်ခံစာပေါ်မှာ ကျွန်တော့်နာမည်ကို ရေးတော့ ကျွန်တော့်ကို ကျွန်တော်ရှက်လွန်းလို့ လက်တွေက တုန်ယင်နေခဲ့တယ်လေ.......

နေဦး
(၂၀၁၀ နိုဝင်ဘာ ၂၁)

(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်ရဲ့ အိပ်မက်များပေါင်းချုပ်ထဲမှာ အိပ်မက် ၂၁ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်)

Monday, November 15, 2010

အိပ်မက် ၁၅ (Dream 15 by Naguib Mahfouz)

ခန်းမကျယ်ကြီးရဲ့ လျှောက်လမ်းတဖက်တချက်မှာ ရုံးခန်းကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတယ်။ အစိုးရရုံးခန်းတခုပဲ ပြောမလား ကိုယ်စားလှယ်ရုံးတခုပဲလား ဝန်ထမ်းတွေကလည်း ကိုယ့်ရဲ့ စားပွဲမှာကို ငြိမ်ငြိမ်ဆိတ်ဆိတ်ထိုင်နေတဲ့သူက ထိုင်လို့ တချို့ကလည်း ရုံးထဲမှာပဲ လှုပ်ရှားသွားလာနေကြလို့ပဲ။

ရုံးထဲမှာက ယောက်ျားလေးဝန်ထမ်းကော မိန်းကလေးဝန်ထမ်းတွေကော ရှိနေကြပြီး တယောက်နဲ့ တယောက်ကလည်း ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါးပဲ ကလူကြလို့ မျက်စပစ်ကြလို့။ ကျွန်တော်ကကော ဟုတ်တယ် ကျွန်တော်ကလည်း ဒီရုံးက ဝန်ထမ်းတယောက်ပဲ ထင်တယ် လစာကလည်း ခပ်နည်းနည်းပဲ ရတဲ့ ဝန်ထမ်းတယောက်ပေါ့။ စိတ်ထဲမှာလည်း လခနည်းတာကိုပဲ ခံပြင်းခံခက်ဖြစ်နေရတာလေ။ ဒါပေမယ့်လည်း ကျွန်တော် ကိုယ့်ထက် ရာထူးအဆင့်မြင့်တဲ့ ခပ်ချောချော အမျိုးသမီးတယောက်ကို လက်ထပ်ခွင့်တောင်းမိတယ်။ ကျွန်တော့်စိတ်ထင် သူက ဒီရုံးမှာ လုပ်နေတာ ကျွန်တော့်ထက်တော့ အတော်ကြာပြီထင်တယ်။ သူမက ကျေးဇူးတင်ကြောင်းပြောပြီး တခါတည်း ကျွန်တော့်ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တယ်။

"ပျော်ရွှင်တဲ့ဘဝတခု တည်ဆောင်ဖို့ လိုအပ်တဲ့ အရာကို ကျွန်မတို့ နှစ်ယောက်မှာ မပြည့်စုံသေးဘူးလေ" သူမက ရှင်းပြသွားခဲ့တယ်။

ဒီစကားက ကျွန်တော့်အတွင်းစိတ်ထဲထိ ဒဏ်ရာတခုအဖြစ် စူးနစ်ဝင်ရောက်သွားခဲ့တယ်။

အဲဒီအချိန်ကစလို့ ကျွန်တော့်ကို စိတ်ဝင်စားတဲ့ တခြားအမျိုးသမီးအချို့ရှိပေမယ့် ဘယ်အမျိုးသမီးကိုမှ ဒီစကားမျိုး မပြောဖြစ် မဆွေးနွေးဖြစ်တော့ဘူး။ အဲဒီအချိန်တွေမှာ ကျွန်တော်ကိုယ်ကိုတိုင်လည်း အထီးကျန်သလို အမြဲတမ်းလည်း စိတ်ပျက်လက်ပျက် ခံစားနေခဲ့ရတယ်။ နောက်တော့ ကောင်မလေးအသစ်တယောက်  အလုပ်ဝင်လာတယ်။ ဒါဟာ ပထမဆုံးအကြိမ် ကျွန်တော့်အတွက် လက်အောက်ဝန်ထမ်းတယောက်ရတာပဲ။ ကျွန်တော်က အယ်ဒီတာ သူမက စာစီစာရိုက်သမား ကျွန်တော့်လခက သူမထက် နှစ်ဆလောက်ရတယ်။ သူမက ရုပ်သိပ်မချောဘူး နောက် လူတွေကလည်း သူမရဲ့ အကျင့်ပျက်မှုတွေအကြောင်း အတင်းပြောကြတာကို ကြားကြားနေရတယ်။ ဒါပေမယ့် နောက်ဆုံး ကျွန်တော့်ရဲ့ အထီးကျန်မှုကို ဖြိုဖျက်ပစ်ဖို့ သူမကို ချဉ်းကပ်ကြည့်လိုက်တယ်။ သူမကလည်း အလိုက်သင့်ပဲ ကျွန်တော့်ရဲ့ချဉ်းကပ်မှုကို တုံ့ပြန်ခဲ့တယ်။ ကျွန်တော် အရမ်းပျော်သွားတယ် နောက် ကျွန်တော့်စဉ်းစားဆင်ခြင်မှုတွေပျောက်ဆုံးပြီး သူမကို လက်ထပ်ခွင့်တောင်းလိုက်မိတယ်။

"ကျွန်မ ဝမ်းနည်းပါတယ်"

ကျွန်တော် ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူး နောက် သူမက ဆက်ပြောတယ် "ကျွန်မရတဲ့လခနဲ့ ကျွန်မ အဆင်ပြေပါတယ် အထူးသဖြင့် ရှင့်ရဲ့ လခပါပေါင်းလိုက်ရင် ဘာမှပြောစရာတောင် မလိုပါဘူး။
ဒါပေမယ့် ကျွန်မ ပိုက်ဆံကို ဂရုမစိုက်ဘူး"
ဒါဆိုရင် သူမ ဘာကို ဂရုစိုက်တာလဲ ကျွန်တော်မေးဖို့ ကြိုးစားနေချိန်မှာပဲ သူမက အဝေးတနေရာကို ထွက်သွားလေရဲ့............

နေဦး
(၂၀၁၀ နိုဝင်ဘာ ၁၄)

Saturday, November 13, 2010

အိပ်မက် - ၃ (Dream 3 by Naguib Mahfouz)

လှေရဲ့ အလယ်က ရွက်တိုင်မှာ လူတယောက်ကို တကိုယ်လုံး ကြိုးနဲ့ တင်းတင်းတုတ်ချည်ခံထားရတယ်။

သူက သူ့ရဲ့ခေါင်းကို ပရမ်းပတာကို ဘယ်ညာယိမ်းခါနေရင်း ပါးစပ်ကလည်း နာကျင်သံနဲ့ အော်ဟစ်နေတယ် "ဘယ်တော့မှ အခုလို နှိပ်စက်မှုတွေက ရပ်တန့်မှာလဲ"

ကျွန်တော်တို့ သုံးယောက်ကတော့ သူ့ကို သနားတဲ့စိတ်နဲ့ကြည့်ရင်း တယောက်နဲ့တယောက် အကြည့်ချင်းဖလှယ်မိတယ်။

အဲသည့်အချိန်မှာပဲ အသံတခုကထွက်လာပြီး မေးလိုက်တယ် "မင်းကို ဒီလို ဘယ်သူလုပ်ထားတာလဲ"

နာကျင်နေတဲ့သူက သူ့ရဲ့ခေါင်းကို ဘယ်ညာယမ်းနေရင်းပဲ ပြန်ဖြေတယ် "ဒါ ကျွန်တော့်ကိုယ့်ကိုယ်ကို လုပ်ထားတာ"

"ဘာလို့အဲသလို လုပ်ထားရတာလဲ"

"ဒါ ကျွန်တော့်အတွက် ထိုက်တန်တဲ့ အပြစ်ပေးမှုမို့ပဲ"

"ဒါဆို မင်းက ဘာအပြစ်ကျူးလွန်မိလို့လဲ"

"လျစ်လျူရှုမှုကြောင့်" သူက ဒေါသစိတ်နဲ့ အော်ဟစ်တယ်

"မင်းက အိပ်မက်မက်ခဲ့သလို အဲသည့် အိပ်မက်ကိုလည်း ခံစားခဲ့သူမှန်း ငါတို့သိကြပါတယ်" ကျွန်တော်
ဝင်ပြောလိုက်တယ်။ "ဒါပေမယ့် လူတိုင်းရဲ့ အတွင်းစိတ်တခုမှာ ဖုံးကွယ်ထားတဲ့ ဒေါသတွေရှိနေမှန်း ငါတို့မသိခဲ့ဘူး"

သူ့ရဲ့ အသံက ကျယ်သထက် ကျယ်လောင်လာပြီး ကျွန်တော်တို့ဆီကို ပြန်အော်လိုက်တယ်
"မင်းကိုယ်တိုင်လည်း အချက်တခုကို လျစ်လျူရှုခဲ့တာပဲ။
အဲဒါဘာလဲဆိုတော့ လူတွေဟာ သူတို့ရဲ့ အခြေအနေ ဘယ်လောက်ဆိုးဝါးနေသည့်တိုင် သူတို့ရဲ့ မြင့်မြတ် ကြီးကျယ်မှုကိုတော့ ခဝါချမထားခဲ့နိုင်ဘူးဆိုတာပဲ"

ဝမ်းနည်းမှုနဲ့ တိတ်ဆိတ်မှုက အဲသည့်စကားနဲ့အတူ ကျွန်တော်တို့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တယ်။


နေဦး
(၂၀၁၀ နိုဝင်ဘာ ၁၃)


(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်ရဲ့ အိပ်မက်များပေါင်းချုပ်ထဲမှာ အိပ်မက် ၃ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်

ကျွန်တော်

ကျွန်တော်က ရုန့်ရင်းကြမ်းတမ်း

ဒါပေမယ့် ပန်းအလှကိုမှ
မှန်းမိသူပါ....

ကျွန်တော်က ကမ်းဝေးလမ်းပျောက်
နေလိုလလို တောက်ပသူကိုမှ
တမ်းမိသူပါ.....

ကျွန်တော်က ဆင်းရဲမွဲကပ်
ဘဝအထပ်ထပ်အမြင့်က သူကိုမှ
လှမ်းမိသူပါ.....

ကျွန်တော်က ပေပွရှုပ်ခက်
ရှင်းသန့်မြတ်တဲ့သူကိုမှ
မက်မိသူပါ.....

ကျွန်တော်က သေရည်ရစ်မူး
စည်းတွေကို ဆူးလိုခြားတဲ့သူကိုမှ
ဆက်မိသူပါ.......

ကျွန်တော်က နစ်ဝင်ချစ်ဆူး
အချစ်တွေ ရူးခဲ့ပေမယ့်
ရွှေငွေဝိုင်းဖက်
ကျောက်တလက်လက်တွေဝိုင်း
ကျွန်တော့်ဘဝကို အရိုင်းလို့ ထင်သူကိုမှ
အချစ်တွေ ဆက်သခဲ့မိသူပါ.........


နေဦး
(၂၀၁၀ နိုဝင်ဘာ ၉၊ ည ၉း၄၇)

မျှော်အကြည့်

နာမည်မှားရေးခံရတဲ့ ချက်(cheque) တစောင်လိုပဲ
တန်ဖိုးတွေ ဘယ်လောက်သယ်လာလာ
ဒီချက်တစောင်က ဖြဲဆုတ်ဖို့သက်သက်သာ ဖြစ်လာခဲ့........

နေဦး
(၂၀၁၀ နိုဝင်ဘာ ၁၃၊ မနက် ၉း၀၈)

Tuesday, November 09, 2010

စနေသားနဲ့ အချင်းများတယ်

နေရောင်အောက်မှာ
အသက်ရှုသံတွေ ကြောက်နေတဲ့အချိန်ထိ
ဟောဟို ကြယ်က တောက်ပနေတုံးပဲ
နေရောင်တွေ ဘယ်လောက်ပြင်းပြင်း
ဒီကန္တာက ဘယ်လိုညှင်းညှင်း
ငါ့ အတင်းတွေ ဘယ်လိုချချ
ဟိုးရှေ့ကမ်းအထိ ငါလှမ်းပြမယ်………

မကျွမ်းရင်လည်း ခပ်စိမ်းစိမ်းနေ
မလွမ်းရင်လည်း ခပ်စိမ်းစိမ်းနေ
မလွမ်းလို့ ထားခဲ့တဲ့ သီချင်း
မကျွမ်းလို့ သွားခဲ့တဲ့ တမ်းချင်းတွေအတွက်
ငါ့အဆင်းကိုပဲ ငါလှစေမယ်……….

ဟောဒီ အသည်းက
ကတ္တီပါရောင် မပေါက်လည်း
ရွှေထီးကြီးဆောင်း
မောင်းတဒူဒူဟစ်ရအောင်….


အကြောင်းမတူခဲ့ဘူး
ပြောင်းယူလို့မရတဲ့ အရာတွေအတွက်
လက်ညှိးထိုး အပြစ်ထပ်
ငါ့အသက်ပဲ ပေးအပ်တော့မယ်…..

ဒီခရီး ဒီလမ်း
ကြမ်းလည်း လှမ်းမယ်
လွမ်းလည်း လှမ်းမယ်
မဆန်းလည်း တမ်းတတတ်တဲ့ငါ့ကို လမ်းဆုံးရင် မြေဖို့ပေးပါ…….


နေဦး

(၂၀၁၀ နိုဝင်ဘာ ၉၊ ညနေ ၅း၁၈)

Saturday, November 06, 2010

.....အယ်.......

ဟောဒီ အော်သံအောက်က
"သက်သာ" ဆိုတဲ့ အနေအထားတခုမှာ
သက်ပြင်းတွေ ခါခါချ
ငါ ညည အိပ်ရေးပျက်ရပါ့ပကော....

ခြေဆစ်လေးတွေကို
ရေအေးထဲ စိမ်
အတွေးတိမ်တွေကို ပုတ်ချ
ကမ်းမမြင် လမ်းမမြင်မှာ
ငါ ရုတ်တရက် လန့်နိုးလာရပြန်ပါ့ပကော.......

အသွေးတွေ အသားတွေ
ရင်ဘတ်ထဲက အကြောင်း
ဟောင်းသွားမစိုးလို့
ခဏ ချန်ထားကြရအောင်
ငါ့ကိုယ်လည်း လှောင်ချင်လှောင်ပါ
ဘဝကိုလည်း ပြောင်ချင်ပြောင်ပါ
ခဏတာဆိုတာ စက္ကန့်လား မိနစ်လား နာရီလား ရက်တွေ နှစ်တွေလား
အဲဒါ ငါတို့ လိုအပ်ချက်အပေါ်မှာ မူတည်လိမ့်မယ်.....

လက်ဗလာနဲ့ လာခဲ့သူအဖို့
တောင်းခံလာသူအတွက်
အသက်နဲ့ ခန္ဓာပဲ ကျန်တော့တယ်
မြင့်မြတ်တယ်ဆိုတဲ့ အရာရာက
မည်းမှောင် တိမ်ဝါး
ငါ့ ပါးစပ်လည်း ဒီရေကြောင့် ခါးလှပြီ.........

သစ္စာ ခါးခါးက ဒီနားမှာထား
မေတ္တာအချစ်စစ်က ဒီခုံမှာတင်
ရမ္မက်ကြောင့် ဖောက်ပြားခြင်းတွေကို
ဟိုး Trash Bin ထဲ ပစ်တင်လိုက်တယ်
မင်းတို့ ကောက်ယူလိုက သွားကောက်
ငါ့ အနာဂတ်က ဖိတ်ဖိတ်တောက် မနေလည်း
ငါ့အပြုံးက အရိပ်မည်းတွေအောက်မှာ လက်တယ်
အသက်ရှုစရာမလိုဘူး
နှလုံးခုန်စရာမလိုဘူး
ဒီဒေသဟာ ငါတို့ "သက်သာ" အနေအထားကြောင့် နေ့တွေညတွေလည်း ပါးတယ်
သူငယ်ချင်း......

နေဦး
(၂၀၁၀ နိုဝင်ဘာ ၆၊ နေ့လည် ၁၁း၅၂)

Tuesday, November 02, 2010

ဂျာနယ်

ကဲ....
ဒီမယ် မိန်းမရယ်
အသက်လည်း ၄၀ကျော်ပြီ
မင်းက ခုမှ ဘာစိုးရိမ်နေရတာတုန်း....
မင်းကိုငါ ဘယ်လောက်ချစ်တယ် မချစ်တယ်
လက်ထပ်တုန်းက တိုက်တလုံး ကားတစီးတင်တောင်းခဲ့တာလေ
လုပ်ငန်းရှယ်ယာတွေက ထားပါ ထည့်မပြောတော့ပါဘူး......

မင်္ဂလာပွဲတုန်းကလည်း
သူ့ခေတ်သူ့အခါ အခမ်းနားဆုံးဖြစ်အောင် လုပ်ခဲ့တာမလား....
ခုဆိုလည်းကြည့်လေ
မင်းလိုချင်တဲ့စိန်
မင်းပြောတာ ဘယ်နှကာရက်တဲ့
ငါလည်း မမှတ်မိတော့ပါဘူး ငါ ဘယ်မှာငြင်းဘူးတုန်း
မင်း အိတ်ကို LV မှ ကိုင်ချင်တာဆိုလို့
စင်ကာပူကို ဈေးဝယ်သက်သက်ထွက်ကြတုန်းကကော
ငါ ဘယ်နှခါ တွန့်တိုဘူးလို့တုန်း........

သံယောဇဉ်ဆိုတာ ရှိလွန်းလို့
ကြည့်စမ်း ဟောဒီမှာ မင်းနဲ့ငါနေဖို့
ဆောက်ထားတဲ့အိမ်ကြီး
နန်းတော်လားထင်ရအောင် ဟီးနေတာပဲ
မိန်းမရယ်
အဲဒါနဲ့များ.........

....ကိုကိုရေ ကိုကို ဖုန်းလာနေတယ် ကိုကိုရေ......
ဟယ်လို
သဲလေးလား
အေးအေး အင်း ညတွေ့နေကြအိမ်မှာပဲလေနော် အေးအေး
ဒီမှာ ဦးရဲ့ မိန်းမကွယ် သူ့ကို မချစ်ပါဘူးပြောနေလို့ ပြန်ရှင်းပြနေတာ
ဒါပဲနော် သဲလေး
ညကျမှတွေ့မယ်
.......

ဒီမယ် မိန်းမရယ်
မင်းကို ငါ ဘယ်လောက်ချစ်
ဘယ်လောက် သံယောဇဉ်ကြီးတာ မင်းသိပါတယ်.....

နေဦး
(၂၀၁၀ နိုဝင်ဘာ ၁၊ နေ့လည် ၁း၀၇)