Pages

Wednesday, December 29, 2010

အိပ်မက် - ၁၁ (Dream 11 by Naguib Mahfouz)

နိုင်းမြစ် ကမ်းခြေ စွန်ပလွံပင်တွေရဲ့ အရိပ်အောက်မှာ အရပ်မြင့်မြင့် ပြည့်ပြည့်ဖြိုးဖြိုး ခန္ဓာကိုယ်နဲ့ အမျိုးသမီးတယောက်က ရင်ကို ဖွင့်လို့ လဲလျောင်းနေတယ်။ အဲဒီအချိန်မှာပဲ မရေမတွက်နိုင်အောင် များပြားလှတဲ့ ကလေးတွေက သူမဆီကို တွားသွားနေကြတယ်။ နောက် ကလေးတွေက သူမရဲ့  ရင်တဝိုက်မှာ ဝိုင်းအုံနေကြပြီး အငမ်းမရ လောဘကြီးမှုမျိုးနဲ့ သူမရဲ့ ရင်အစုံကနေ နို့ရည်တွေကို စုပ်ယူနေကြတယ်။ အဖွဲ့တဖွဲ့ က ကျေနပ်လောက်အောင် နို့ရည်တွေ သောက်ယူလို့ ပြီးသွားပြီဆိုလိုက်တိုင်း နောက်အဖွဲ့တဖွဲ့က အနားကပ်လာနေကြတယ်။

အဖြစ်အပျက်တခုလုံးက ထိန်းချုပ်မရတော့တဲ့ အနေအထားတခုထိအောက်ဖြစ်နေပြီး အမိန့်အာဏာ စနစ်အားလုံးကလည်း အသုံးမဝင်တော့သလိုပဲ။ ကျွန်တော့်အမြင်အရတော့ တစုံတယောက်က လူတွေကို ဂရုစိုက်မိအောင် လုပ်သင့်ပြီး အကူအညီတောင်းသင့်တယ်လို့ ထင်တာပဲ။ ဒါပေမယ့် လူတွေအားလုံး နိုင်းမြစ်ကမ်းခြေတလျှောက်မှာ အိပ်ပျော်နေကြဆဲ။ ကျွန်တော် အော်ဟစ်လိုက်ဖို့ ကြိုးစားပေမယ့် ပါးစပ်ထဲက ဘာအသံမှ ထွက်မလာဘူး။ ကျွန်တော့်ရဲ့ ရင်ကတော့ ဝမ်းနည်းမှုတွေနဲ့ တင်းကျပ်ပြည့်သိပ်နေလေရဲ့။

အမျိုးသမီးရဲ့ ကလေးတွေအတွက်တော့ သူတို့ဟာ အဲဒီအမျိုးသမီးအတွက် အရိုးပေါ်အရေဖုံးရုံ အနေအထားထက် ဘာကိုမှ ချန်မထားပစ်ခဲ့ကြဘူးလေ။ သူမဆီက နို့ရည်ကို ထပ်မရနိုင်တော့ဘူးလို့ သိတဲ့အခါ သူတို့ရဲ့ သွားတွေနဲ့ သူမကို အရိုးသက်သက်ကျန်သည်အထိ အသားတွေကို ကိုက်ဖျက်ပစ်ကြတယ်။  အော်ဟစ်ပစ်လိုက်ဖို့ကတော့ ကျွန်တော့်ရဲ့ တာဝန်တရပ်အနေနဲ့ မှတ်ယူပေမယ့် ဘာအသံမှတော့ ထွက်မလာခဲ့ဘူး။ ကလေးတွေက နို့နဲ့ အသားတွေ ရှာပုံတော်ဖွင့်ရတာကို စွန့်လွှတ်လိုက်တာနဲ့ တပြိုင်နက် အချင်းချင်း တိုက်ခိုက်နေကြတဲ့ ကြမ်းတမ်းလှတဲ့ စစ်ပွဲတခု ဖြစ်လာတော့တယ်။ သူတို့ရဲ့ ခန္ဓာတွေကို ဖျက်ဆီးခံနေရသလိုပဲ သူတို့ရဲ့ သွေးတွေကလည်း စီးဆင်းနေလို့ပေါ့။

သူတို့ထဲက တချို့ ကျွန်တော့်ကို မြင်သွားကြတယ် နောက် ကျွန်တော့်ဆီကို လှမ်းလာနေကြတယ်။ တွေးစလို့ မရလောက်အောင်ကို ဆိုးရွားလှတဲ့ ရက်စက်မှုတွေကို ပေးဖို့ ကျွန်တော့်ဆီကို လှမ်းလာနေကြတယ်လေ.........

နေဦး
(၂၀၁၀ ဒီဇင်ဘာ ၂၉)

(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်၏ အိပ်မက်များပေါင်းချုပ်မှ အိပ်မက် ၁၁ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်)

Wednesday, December 22, 2010

ကမ်းပါးမှာမှ ပေါက်ချင်တဲ့ သစ်ပင်

ကမ်းပါးမှာပဲ ပေါက်ချင်ခဲ့တဲ့ သစ်ပင်မို့
အမြစ်တွေ နှင်ထွက်
ရေစီးနဲ့ မျောချင်ရက်တယ်ဆိုလည်း
ဘယ်တတ်နိုင်ပါ့မလဲ.......

တည်တည်တံ့တံ့နဲ့
ရှင်သန်နိုင်တဲ့ ကမ်းတခုရှိပေမယ့်
သူ့အမြစ်တွေကိုက
ဟိုကမ်းကပ်ချင် ဒီကမ်းကပ်ချင်ဆိုမှတော့
ခုတ်ထွင်မရှင်းပါဘူး
သူ့ဟာသူ ရေစီးအလျဉ်နဲ့
မျောလိုက မျောစေပေါ့.......

တြိဂံတွေထက် စာရင်တော့
အပေါ်မရောက်ရင်နေ
ကျွန်တော်ကတော့ လမ်းဖြောင့်ဖြောင့်ပဲ လျှောက်တယ်........


နေဦး
(၂၂ နိုဝင်ဘာ ၂၀၁၀၊ ညနေ ၅း၂၃)

Friday, December 17, 2010

အိပ်မက် - ၁၃၉ (Dream 139 by Naguib Mahfouz)

အရမ်းကို နာမည်ကြီးနေတဲ့ ပြပွဲတခု....
နာမည်ကြီးရခြင်း အကြောင်းအရင်းက များများစားစားမဟုတ်ဘဲ တချပ်တည်းသော ပန်းချီကားကြောင့်ဖြစ်သည်။ ထိုပန်းချီကား၏ ထူးခြားချက်က ကြည့်သူက ချဉ်းကပ်လာတာနဲ့ အမျှ ပုံက ပြောင်းလဲသွားခြင်းဖြစ်သည်။

ပထမ ကျွန်တော်မြင်လိုက်တာက ခမ်းနားကြီးကျယ်လှတဲ့ တောအုပ်တခုဖြစ်သည်။ ဒါပေမယ့် ကျွန်တော် ရှေ့ကို တလှမ်းတိုးလိုက်တာနှင့် မြင်ကွင်းက ပြောင်းသွားသည်။ တောအုပ်က ပျောက်သွားပြီ ထိုနေရာမှာ သိသိသာသာကိုပဲ ဆွဲဆောင်မှုရှိတဲ့ မိန်းမတယောက် ရဲ့ ဝတ်လစ်စလစ်ပုံက ရောက်လာသည်။

နောက်တလှမ်းရှေ့ဆက်တိုးလိုက်တယ်ဆိုရင်ပဲ ထိုအမျိုးသမီးသည် မရှိတော့။ အမျိုးသမီးအစား မြင်လိုက်ရသည်က ကျောက်တုံးက စလို့ ခုခေတ်နောက်ဆုံးပေါ်လက်နက်တွေထိအောင် လက်နက်ပေါင်းစုံကို ဆွဲကိုင်ထားတဲ့ ဒေါသမောဟတွေ ဖုံးလွှမ်းနေတဲ့ စစ်ပွဲ တခုဖြစ်နေပြီ.......

နေဦး
(၂၀၁၀ ဒီဇင်ဘာ ၁၇)


(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်ရဲ့ အိပ်မက်များပေါင်းချုပ်ထဲမှာ အိပ်မက် ၁၃၉ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်)

Thursday, December 02, 2010

ကျရှုံးခြင်းများနဲ့ ကိုယ်

ရိုးသားမှုတွေ
ငယ်စဉ်ကတည်းက
ပြုစုပျိုးထောင်လာခဲ့ရာက
အရွယ်ရောက်မှုနဲ့အတူ
အပျိုရည်ပျက်သွား
ခင်ဗျားတို့ နားခါးကြသလားဗျာ....

အလင်းတွေ တောက်ပြရာ နေရာတလျှောက်
ကျွန်တော်တို့လည်း ရောင်တော်ပြန်တွေ ပေါက်ခဲ့ကြပေါ့
ဒါ နေရဲ့ အလင်းလား
လရဲ့ အလင်းလား
ဘယ်သူများ မေးခဲ့ကြတာမို့......

ပြေလည်ရာ ပြေလည်ကြောင်း
ငါးပွက်ရာ ငါးစာရောင်းထွက်တုန်းက
ငါးစာချချင်သူများအကြား
ကျွန်တော် အတော်တော့ စီးပွားဖြစ်ခဲ့သား.......

ဖားသားကို ကြိုက်သူတွေနဲ့
စကားစမြည်ပြောဖို့
ကျွန်တော်ကတော့ အသားတန်း အသွေးတန်းကိုပဲ ရွေးတယ်.........

ကျွန်တော်လည်းလေ
ပါးစပ်ရဲရဲဟနိုင်ဖို့ အရေး
ကာရာအိုကေဆိုင်များများထိုင်
အယ်ကိုဟောတွေ များမျာသောက်
အခုခေတ်ဟာ ပေါက်တတ်ကရ ပြောတတ်မှ
လူအထင်ကြီးတဲ့ ခေတ်မလား.......

Branded ဖြစ်တဲ့ အင်္ကျီကိုဝတ်
လူအထင်ကြီးစေတဲ့ ဖုန်းကိုကိုင်
ဈေးကြီးပါတယ်ဆိုတဲ့ အိတ်ကိုဆွဲ
အထဲက ဒီအကောင်က စိတ်တွေ ဘယ်လောက်ပုပ်ပွနေလဲ
လူတွေထဲမှာ ရွှိုင်းတယ်ဆိုလား ဘာဆိုလားပဲ....

ကျွန်တော်လည်း
တနေ့ထက် တနေ့
တနေ့ထက် တနေ့
ဝေးသထက် ဝေးလာခဲ့တဲ့ ရင်နဲ့
အဇ္ဈတစိတ်သဏ္ဍာန်အမှန်ကို ကျရှုံးမှုတွေ မြန်မြန်လာတယ်.........

နေဦး
(၂၀၁၀ ဒီဇင်ဘာ ၂၊ ညနေ ၆နာရီ)