Pages

Friday, January 07, 2011

Ada ဟု သူမကို ကျွန်တော်ခေါ်တတ်သည်

Ada ..... Ada ..... Ada
တမ်းတခြင်း စွဲလမ်းခြင်း ချစ်ခြင်း အကြောင်းအမျိုးမျိုးကို ခေါင်းစဉ်တပ်ခဲ့သည့် ကျွန်တော်က သူမကို ခေါ်တတ်သည့် နာမည်ဖြစ်သည်။

အရာရာက ညင်သာလွန်းလှသည် နောက် ခွဲခြားဖို့ရန် ခက်လွန်းလှသည်။ မျက်လုံးများက ရီဝေတိမ်ဝါးနေရင်း အဖြူနှင့်အမဲကို ကျွန်တော်မကွဲ။ အရောင်တွေက နီးကပ်လွန်းလှသလို ကျွန်တော့်အမြင်ကလည်း မစူးရှလွန်းတာပါသည်။ ရုပ်ပုံကားချပ်တို့သည် ဝိုးတိုးဝါးတား။ တခါတခါ အားပြတ်နေသူတယောက်လို၊ အမူးလွန်နေသူတယောက်လို ပုံရိပ်တွေက လူးလားဆန်ခတ်နေသည်။ စကားတွေ အရမ်းများလာသလားတော့ ကျွန်တော်မသိ။ သိတာတော့ တခုရှိသည် ကျွန်တော် ကောင်းကောင်းမသိချင်တော့။

ကျွန်တော် အိပ်မက်ထဲမှာလား ဒါ အိပ်မက်လားဆိုတာလည်း ကျွန်တော်မသိ။ နိုးတဝက် အိပ်တဝက်နှင့် မျက်လုံးများက အရောင်စူးရှရှတွေကိုပဲ မြင်သည်။ အသိတွေက လူးလွန့်လှလွန်းသည်။ မပြည့်လို့ပဲ ဘောင်ဘင်ခတ်တာလား သိခြင်း တပိုင်းတစကပဲ နာကျင်စေရက်တာလား။ အိပ်မက်များလိုပင် ဘယ်က စသည်ကိုလည်း ကျွန်တော်မသိခဲ့သလို။ ဘယ်အချိန်တုန်းက ဒီနေရာကို ရောက်နေသည်ကိုလည်း ကျွန်တော်မသိတော့။ ကျွန်တော့်အတွေးများနဲ့ ထပ်တူ ကျွန်တော်ကိုယ်တိုင်ကလည်း လူးလားဆန်ခတ်နေသည်။ ကိုယ် ရပ်တည်နေရာသည် ဘယ်မှာလဲ။

လူအများလိုပဲ ကျွန်တော်လည်း ငါ ဘာလဲ ငါ ဘယ်နေရာမှာလည်း မသိ။ ဒီဇာတ်မှာ မင်းသားလား လူကြမ်းလား ဒါရိုက်တာလား ကားဆွဲလား ဒါလည်း ကျွန်တော်မသိ။ သွားစရာရှိတာ သွားပြီး စားစရာရှိတာ စားရင်း ကျွန်တော်အသက်ဆက်ရှင်နေခြင်းသာဖြစ်သည်။ ကံကောင်းတာကတော့ အလှမွေးခွေးကလေးများလို လမ်းလျှောက်မပေးရင် ခြေမသန်တာတွေ မဖြစ်လွယ်။ ကျွန်တော် သိသလောက်တွေကို ထပ်သိဖို့ကြိုးစားရင်း ထပ်မသိဖို့ ကြိုးစားရင်း အခါခါ အိပ်မောကြပစ်သည်။ တော်ရုံတန်ရုံနဲ့ ခြေသိမ်သွားမှာမှ မဟုတ်တော့လည်း အိပ်ခြင်းကပဲ ထပ်တူကြလာသလိုလို။

ဘာတွေ လိုအပ်မှန်းမသိသလို ဘာတွေတောင်းဆိုမှန်းနားမလည်မှတော့ ကျွန်တော်လုပ်နိုင်သည်က Ada ပြောသမျှကို သိသိမသိသိ လက်ခံလိုက်ဖို့သာဖြစ်သည်။ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်လားတော့ မသိပဲ သဲတိုင်အောင် ငုပ်ဖို့ ကြိုးစားရင်း ထိပ်ဆုံးရောက်အောင် တက်ဖို့ကြိုးစားရင်းမှာပဲ Ada ပြောပြောပြတတ်တဲ့ လိုအင်တွေက ရွေ့ရွေ့သွားသည်။ ငုပ်မိသဲမတိုင်သော်လည်း ရောက်လုမတတ်ဖြစ်ဘူးတယ်ဆိုရုံနဲ့ စကားအလှခင်းတတ်မှ၊ ကြွားလုံးတွေထုတ်ထုတ်ပြီး အများကို ကိုယ့်စွမ်းဆောင်ရည်တွေ ပြတတ်မှ အလုပ်ဖြစ်မယ်ဆိုတာ အများလို မသိခြင်းကပဲ ကျွန်တော့်မှာ သောကဖြစ်နေပြီ။ အိပ်မက်ကလည်း မနိုးထသေး....

ဝိုးတဝါးပုံရိပ်တွေကို ပဟေဠိဆက်သလို ဆက်ရင်း အရာရာကသာ ပိုလို့ ဝိုးတဝါးနိုင်လာသည်။ နောက်ပြန်လှည့်ကြည့်ဖို့ ကြိုးစားတော့လည်း အရာရာသည် မပီပြင်တော့ ကိုယ့်ကိုယ်ကိုယ်ပင် မပီပြင်ချင်တော့။ ကျွန်တော်မသိသော Ada ကို ကျွန်တော်အိပ်မက်ထဲမှာ ပြန်ရှာစရာမလိုအောင် တွေ့တွေ့နေခြင်းကို ကျွန်တော်မနှစ်သက်။ ဒါပေမယ့် သူမနဲ့ တွေ့ဖို့ အိပ်မက်ထဲ ခဏခဏ ကျွန်တော် ဝင်လှဲတတ်သည်။

သူမ၏အသက်မပါသော လေရှုသံသဲ့သဲ့ကိုပင် ကျွန်တော်ကြားနေရသည် တိုးကပ်လွန်းသလားတော့ မသိ။ အေးစက်စက်တော့ နိုင်လွန်းလှသည်။ သူမတခါတရံပြောပြတတ်တာကတော့ ရင်ထဲမှာ မီးမြိုက်ထားသလို ပူလောင်လွန်းသည်တဲ့။ အကွေ့တွေများလွန်းသော လမ်းမှာ လမ်းသွယ်တိုင်းကို လျှောက်ကြည့်ဖို့ ကြိုးစားတဲ့ အေးစက်စက်သူမကို ကျွန်တော်ကတော့ Ada ဟုသာ ခေါ်သည်။ အိပ်မက်များက မပီပြင် ဝိုးတဝါး ခုထိတော့ အဖြူလား အမဲလားလည်း ကျွန်တော်မသိသေး၊ အိပ်မက်လား လက်တွေ့လားလည်း ကျွန်တော်မသိသေး၊ အိပ်မက်မက်ရင်း နိုးနေသလိုလို ရင်တွင်းမှာ ပူလောင်တတ်သည့် သူမက ကျွန်တော့်အတွက်တော့ အေးစက်စက်ခံစားမှုကို ပေးနေဆဲဖြစ်သည်။ သူမကို မတွေ့ချင်ပေမယ့် အိပ်မက်ထဲမှာ ပြန်ရှာဖို့ ကျွန်တော် တရေးအိပ်စက်ကြည့်ဦးမည်..............

(Bulgarian စကား အရ Ada ဆိုသည်မှာ ငရဲကို ဆိုလိုခြင်းဖြစ်ပါသည်)

နေဦး
(၂၀၁၀ ဇန္နဝါရီ ၇)