Pages

Tuesday, February 08, 2011

အမှောင်စိုးချိန်

ညလည်း မဟုတ်ပါဘဲ
အလင်းတွေက မှောင်လို့
ကြယ်လည်းမတွေ့
လ လည်း မတွေ့
နေကရော ဘယ်ကိုများ ရွေ့သွားသလဲ.....

တိုးတိုက်မိခဲ့တဲ့ နာရီကို
အရေပြားခွံချွတ်ကြည့်တော့
လက်တံနှစ်ခုက မသမာမှုတွေကို
တစ် တောက် တစ် တောက် ဆိုတဲ့ အသံနဲ့
ရွှေ့ရွှေ့ပေးနေဆဲ.......

ရှစ်သိန်းတန်များက ဘာအတွက်လဲ
လမ်းလျှောက်ဖို့လား
လမ်းပျောက်ဖို့လား
အလင်းဖောက်ဖို့လား
အလင်းပျောက်ဖို့လား
အသွေးနဲ့အသားနဲ့မို့
အူမစောင့်မှ သီလတောင့်တဲ့ ကဗျာ
လူတွေကတောင် သြချယူရတယ်တဲ့လား.......

အများအကျိုးအတွက်
ကိုယ်ကျိုးကို စွန့်ကြသလို
တချို့ကျတော့လည်း
သူတို့အကျိုးအတွက်
အများကို စွန့်တယ်
ဘယ်ဘက်က ချိန်ခွင်သာသလဲ
"ကြည့်စမ်း ရတဲ့နေရာက အမိုက်နော်
သူကိုယ်က ညံ့လို့
ခုထိ စီးပွားမဖြစ်တာ" ဆိုတဲ့
လူ့မလိုင် ပတ်ဝန်းကျင်ကြားမှာ
အဖြေဟာ လွယ်ကူလွန်း ရှင်းလင်းလွန်းနေသလားပဲ.......

ရိုးသားမှုဆိုတာ ....ဘာလဲ။
ခြစားမှုဆိုတာ ......ဘာလဲ။
တရားဆိုတာ .......ဘာလဲ။
အဓမ္မဆိုတာ ........ဘာလဲ။
ထထပြီး ဟစ်တတ်တဲ့ သူတွေကိုယ်တိုင်က
မှန်ထဲမှာ ကိုယ့်ရုပ်ထက်ပိုပြီး
စိတ်ကို ပြန်မကြည့်ခဲ့လေတော့.........

ခု ကျွန်တော်လည်း
ကိုယ်အကျိုးသက်သက်အတွက်ပဲ
အလုပ်တွေကို လုပ်နေဆဲ.......

သူငယ်ချင်း မိတ်ဆွေ အားလုံးပဲ
ငရဲပြည်မှာ ထပ်တွေ့ကြမယ်.....


နေဦး
(၂၀၁၀ ဖေဖော်ဝါရီ ၈၊ မနက် ၁၀း၅၃)