Pages

Saturday, September 17, 2011

နှုတ်ဆက်တယ်ဆိုတာ ခွဲခွာဖို့မှ မဟုတ်တာ

ဒီလမ်းအချိုးမှာပဲ ကျုပ်တို့ နှုတ်ဆက်ခွဲခွာခဲ့ကြဖူးတယ်။ လမ်းတဖက်ကိုအရောက် ကျုပ်ကလှည့်ကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ခင်ဗျားကလည်း လှည့်အကြည့် ခင်ဗျားကျုပ်ကို လက်များတောင် ဝှေ့ရမ်းနှုတ်ဆက်သွားခဲ့သေးရဲ့

သူလိုကိုယ်လို သာမာန် ညနေခင်းတခုမှာ မြစ်တခုလို အဆက်မပြတ်စီးနေတဲ့ ကားတွေ လူတွေက ကျုပ်တို့နှစ်ယောက်ကြား ခြားသွားခဲ့ပြီ။ ကျုပ်တို့နှစ်ယောက်ကြားခြားသွားတဲ့ ဒီမြစ်ကြီးက ဘဝမှာ ကျော်လွန်နိုင်ဖို့ မဖြစ်နိုင်တဲ့ နှုတ်ဆက်ခွဲခွာမှုတခုဖြစ်လာလိမ့်မယ်လို့ ဘယ်သိခဲ့မှာလဲ။

ကျုပ်တို့ ထပ်ဆုံဖို့ အခွင့်မရှိခဲ့ဘူး နောက်ပြီး တစ်နှစ်ကြာတော့ သေခြင်းတရားကို ခင်ဗျား မျက်မှောက်ပြုသွားရှာပြီ။

အတိတ်ကို ပြန်တူးဖော်ရင်း ပြန်ကြည့်လိုက်တော့ မှားနေသလိုလို ကျုပ်ခံစားရတယ်။ အသေးအဖွဲ နှုတ်ဆက်ခဲ့တာလေးက ပြန်မတွေ့နိုင်တော့တဲ့ ခွဲခွာမှုကြီးတခုကို ဖြစ်စေခဲ့ပြီ။

ဒီအကြောင်း နားလည်နိုင်ဖို့ မနေ့ညက ညစာစားအပြီးမှာ ပလေတိုနှုတ်က အံခဲ့တဲ့ သူ့ရဲ့ နောက်ဆုံး ဆိုစကားကို ပြန်ဖတ်မိတယ်။ ခန္ဓာကြီး သေဆုံးသွားတဲ့အခါ ဝိဉာဉ်က လွတ်လပ်သွားတယ်တဲ့။

နှုတ်ဆက်ခွဲခွာခြင်းလား၊ မှားယွင်းနေတဲ့ နားလည်မှုလား အမှန်တရားက ဘယ်မှာလဲဆိုတာ ကျုပ်မသိတော့ဘူး။

အကယ်လို့ ဝိဉာဉ်ကသာ သေဆုံးမသွားခဲ့ဘူးဆိုရင် ကျုပ်တို့ နှုတ်ဆက်စကားဆိုစရာ မလိုတော့ဘူးမလား။

နှုတ်ဆက်တယ်ဆိုတာကိုယ်က ခွဲခွာမသွားဖို့ ငြင်းဆန်နေကြတာလေ။ နှုတ်ဆက်တယ်ဆိုတာ ဒီနေ့တော့ ငါတို့ ခွဲခွာကြမယ် မနက်ဖြန် ကျုပ်တို့ ပြန်တွေ့ကြမယ်ဆိုတဲ့ သဘောမဟုတ်လား။ ဘာမှမကြာတဲ့ဒီဘဝမှာ သေရအုံးမယ်ဆိုတာ သိတဲ့အတွက်ပဲ အပြီးသတ်နှုတ်ဆက်ခြင်းဆိုတာကို ဖန်တီးခဲ့ကြတာမလား။

ဒေလီယာ တချိန်ချိန်မှာတော့ ကျုပ်တို့ ပြန်တွေ့ကြမယ်လေ။ ဘယ်မြစ်ကမ်းဘေးမှာ ကျုပ်တို့ ဆုံကြမလဲ။ ဒါ မရေရာတဲ့ စကားတွေမှန်းသိပါရဲ့။  ဒါပေမယ့် ခင်ဗျားနဲ့ ကျုပ်က ဘော်ဂတ်နဲ့ ဒေလီယာဖြစ်ခဲ့လေတော့ ဟောဒီမြေမျက်နှာပြင်ပေါ်က ပျောက်ဆုံးသွားတဲ့ မြို့မှာဆုံတွေ့ခွင့်ရဖို့ အမြဲတောင်းဆိုနေကြမယ်လေ ဒေလီယာ။


နေဦး
(၂၀၁၁ စက်တင်ဘာ ၁၇)

(Jorge Luis Borges ရဲ့ Delia Elana San Marco ကို ဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းရသကို ပေါ်လွင်အောင် မဖန်တီးနိုင်ပါက ဘာသာပြန်သူ ကျွန်ုပ်၏ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်။)