Pages

Saturday, September 17, 2011

နှုတ်ဆက်တယ်ဆိုတာ ခွဲခွာဖို့မှ မဟုတ်တာ

ဒီလမ်းအချိုးမှာပဲ ကျုပ်တို့ နှုတ်ဆက်ခွဲခွာခဲ့ကြဖူးတယ်။ လမ်းတဖက်ကိုအရောက် ကျုပ်ကလှည့်ကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ခင်ဗျားကလည်း လှည့်အကြည့် ခင်ဗျားကျုပ်ကို လက်များတောင် ဝှေ့ရမ်းနှုတ်ဆက်သွားခဲ့သေးရဲ့

သူလိုကိုယ်လို သာမာန် ညနေခင်းတခုမှာ မြစ်တခုလို အဆက်မပြတ်စီးနေတဲ့ ကားတွေ လူတွေက ကျုပ်တို့နှစ်ယောက်ကြား ခြားသွားခဲ့ပြီ။ ကျုပ်တို့နှစ်ယောက်ကြားခြားသွားတဲ့ ဒီမြစ်ကြီးက ဘဝမှာ ကျော်လွန်နိုင်ဖို့ မဖြစ်နိုင်တဲ့ နှုတ်ဆက်ခွဲခွာမှုတခုဖြစ်လာလိမ့်မယ်လို့ ဘယ်သိခဲ့မှာလဲ။

ကျုပ်တို့ ထပ်ဆုံဖို့ အခွင့်မရှိခဲ့ဘူး နောက်ပြီး တစ်နှစ်ကြာတော့ သေခြင်းတရားကို ခင်ဗျား မျက်မှောက်ပြုသွားရှာပြီ။

အတိတ်ကို ပြန်တူးဖော်ရင်း ပြန်ကြည့်လိုက်တော့ မှားနေသလိုလို ကျုပ်ခံစားရတယ်။ အသေးအဖွဲ နှုတ်ဆက်ခဲ့တာလေးက ပြန်မတွေ့နိုင်တော့တဲ့ ခွဲခွာမှုကြီးတခုကို ဖြစ်စေခဲ့ပြီ။

ဒီအကြောင်း နားလည်နိုင်ဖို့ မနေ့ညက ညစာစားအပြီးမှာ ပလေတိုနှုတ်က အံခဲ့တဲ့ သူ့ရဲ့ နောက်ဆုံး ဆိုစကားကို ပြန်ဖတ်မိတယ်။ ခန္ဓာကြီး သေဆုံးသွားတဲ့အခါ ဝိဉာဉ်က လွတ်လပ်သွားတယ်တဲ့။

နှုတ်ဆက်ခွဲခွာခြင်းလား၊ မှားယွင်းနေတဲ့ နားလည်မှုလား အမှန်တရားက ဘယ်မှာလဲဆိုတာ ကျုပ်မသိတော့ဘူး။

အကယ်လို့ ဝိဉာဉ်ကသာ သေဆုံးမသွားခဲ့ဘူးဆိုရင် ကျုပ်တို့ နှုတ်ဆက်စကားဆိုစရာ မလိုတော့ဘူးမလား။

နှုတ်ဆက်တယ်ဆိုတာကိုယ်က ခွဲခွာမသွားဖို့ ငြင်းဆန်နေကြတာလေ။ နှုတ်ဆက်တယ်ဆိုတာ ဒီနေ့တော့ ငါတို့ ခွဲခွာကြမယ် မနက်ဖြန် ကျုပ်တို့ ပြန်တွေ့ကြမယ်ဆိုတဲ့ သဘောမဟုတ်လား။ ဘာမှမကြာတဲ့ဒီဘဝမှာ သေရအုံးမယ်ဆိုတာ သိတဲ့အတွက်ပဲ အပြီးသတ်နှုတ်ဆက်ခြင်းဆိုတာကို ဖန်တီးခဲ့ကြတာမလား။

ဒေလီယာ တချိန်ချိန်မှာတော့ ကျုပ်တို့ ပြန်တွေ့ကြမယ်လေ။ ဘယ်မြစ်ကမ်းဘေးမှာ ကျုပ်တို့ ဆုံကြမလဲ။ ဒါ မရေရာတဲ့ စကားတွေမှန်းသိပါရဲ့။  ဒါပေမယ့် ခင်ဗျားနဲ့ ကျုပ်က ဘော်ဂတ်နဲ့ ဒေလီယာဖြစ်ခဲ့လေတော့ ဟောဒီမြေမျက်နှာပြင်ပေါ်က ပျောက်ဆုံးသွားတဲ့ မြို့မှာဆုံတွေ့ခွင့်ရဖို့ အမြဲတောင်းဆိုနေကြမယ်လေ ဒေလီယာ။


နေဦး
(၂၀၁၁ စက်တင်ဘာ ၁၇)

(Jorge Luis Borges ရဲ့ Delia Elana San Marco ကို ဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းရသကို ပေါ်လွင်အောင် မဖန်တီးနိုင်ပါက ဘာသာပြန်သူ ကျွန်ုပ်၏ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်။)

အိပ်မက် ၁၀၄ (Dream 104 by Naguib Mahfouz)

အတိတ်ပုံရိပ်တွေကြား လျှောက်သွားမိတော့ ကျွန်တော်က အဘာဆီယာမြို့လေးမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ မျက်ဝန်း (Lady Eye) အကြောင်း ပြန်တွေးရင်း ချက်ချင်းပဲ မျက်ဝန်းကို ဖုန်းခေါ်ပြီး ရေပန်းနားမှာ တွေ့ဖို့ ချိန်းလိုက်တယ်။ ခံစားချက်အပြည့်နဲ့ နှလုံးသားကသူမကို ဆီးကြိုခဲ့။

အပျော်ရွှင်ခဲ့ဆုံးနေ့တွေတုန်းကလို ဖီရှာဝီ ကဖေးဆိုင်ထဲမှာ ဒီညနေကို အချိန်ဖြုန်းကြဖို့ အကြံပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ ရင်းနှီးနေတဲ့နေရာကို ရောက်တော့ သေဆုံးသွားပြီးဖြစ်တဲ့ မျက်မမြင်စာအုပ်ရောင်းသူက ကျွန်တော်တို့ အနားကို လာပြီး နွေးနွေးထွေးထွေး နှုတ်ဆက်လေရဲ့။ နောက် အကြာကြီးခွဲခွာသွားတဲ့ ချစ်လှစွာသော မျက်ဝန်းကို သူအပြစ်တင်တော့တယ်။

သူမကဆိုတယ် ဟိုးအဝေးတနေရာကို ရောက်နေစေခဲ့တာ သေခြင်းတရားကြောင့်ပါတဲ့။ ဒါပေမယ့် သူကတော့ အဲဒီအကြောင်းပြချက်ကို ချက်ခြင်းငြင်းပယ်လိုက်ပါလေရော။ သူကပြောတယ် ချစ်သူတွေကြားမှာ သေခြင်းတရားဆိုတာ ဘယ်တော့မှ ဝင်လာနိုင်မှာ မဟုတ်ဘူးတဲ့။


နေဦး
(၂၀၁၁ စက်တင်ဘာ ၁၇)

(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်၏ အိပ်မက်များပေါင်းချုပ်မှ အိပ်မက် ၁၀၄ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်)

Monday, September 12, 2011

ဂုဏ်သရေရှိ မိန်းမပျိုရဲ့ ညလယ်စာ

လျှပ်စစ်မီးတွေ ထိန်ထိန်ညီးမယ်လို့များ
ခင်ဗျားမျှော်လင့်ထားသလား
ကျုပ်ရဲ့ ဂုဏ်သရေရှိ မိန်းမပျိုကတော့
အလင်းတိုင် မှိန်ဖျော့ဖျော့နဲ့ပဲ
သူမရဲ့ ညလယ်စာကို စားတယ်...

သူမရဲ့  ညလယ်စာတွေအထဲ
မျက်ဝန်းရဲ့ ပသာဒကို
သူမ အနှစ်သက်ဆုံးပဲလို့ဆိုရဲ့.......

ကဲပါလေ
ဒါတွေထားလိုက်
ဟိုး.......မြို့ ရိုးစွန်းအထိ
ညှို့  ....... ညိုှ့........... ညိုှ့
ညိုှ့ ချက်တွေပြင်း
သူမက ညလယ်စာကို
အလှပြင်ရင်းက လှမ်းကြည့်ဆဲ......

ဒီနေရာမှာ မိုးမရွာဘူး
ဒီကမ္ဘာမှာ တိမ်မဆိုင်းဘူး
ဒုက္ခဟာ မှိုင်းတခုလို
ရင်တွေကို မြုံထားဆဲ....

သူငယ်ချင်းရေလို့
ထထမအော်နဲ့
ခင်ဗျားနဲ့ ကျုပ်
ကျုပ်နဲ့ ခင်ဗျား
သေရွာရောက်မှပဲ တွေ့ကြရမယ်...

ဂုဏ်သရေရှိမိန်းမပျိုဆီ
ဒီရင်အစုံကို နှင်းအပ်
ဒုက္ခနဲ့  တထပ်တည်းကြထားတဲ့
ပုံပြင်တပုဒ်က
သူမရဲ့ ညလယ်စာအတွက်
သေမင်းလက်ထဲမှာ ရှိနေတယ်.....
 
သေရွာပြန်ဇာတ်လမ်းတွေ
ခင်ဗျားဖတ်ဖူးလား
ညလယ်စာအတွက်
အချစ်စစ်စစ်ကိုမှ ကြိုက်တဲ့
ဂုဏ်သရေရှိမိန်းမပျိုက
ရင်ခွင်မဲ့ ဒီသူကို
ကင်းလွတ်ခွင့် ပေးအပ်
သင်သွားလိုရာ သွားနိုင်ကြောင်း
ဖတ်ကြားလိုက်တယ်တဲ့.....


နေဦး
(၂၀၁၁ စက်တင်ဘာ ၁၀၊ ည ၉း၄၂)