Friday, May 20, 2011

ထမင်းကြမ်း

ပဲပြုတ် ထမင်းဆီဆမ်းရယ်နဲ့ 
ကုလားကြော်ပါတဲ့ ဘယာပူ 
အရသာ ထူးပါပေသမို့ 
ဟမ်ဘာဂါ ပီဇာ ရယ် မရွေးပေဘူး 
ဟန်မပါ ဘယာသာ လက်နဲ့လွေးရယ်လို့ 
အမယ်လေး 
ရှုးရှဲစပ်ပုံနဲ့ 
အကြမ်းရည်ကူကာမျှောရတယ်
ကောင်းပေ့ ထမင်းကြမ်း......... 
 
 
နေဦး
(၂၀၁၀ မေ ၁၉)
 

Tuesday, May 03, 2011

တကယ်လို့များ

မိုးတွေလေ ညို့ရင်းဆိုင်းရင်း တိမ်တွေမဲရင်း မိုးတွေ ရွာပြီ ရွာသည်။

အခိုက်အတန့်တွေကို အမှတ်မရှိခြင်းက အကြောင်းအရာတခုလုံးကို မေ့ပစ်ဖို့ ကျွန်တော့်ကို ဖိအားပေးနေသည်ပဲ။ မိုးခြိမ်းသံများကို ကျွန်တော်မခံစားနိုင်ခဲ့။ နားစည်အထက် အရာရာက ပြည့်လျှံသွားခဲ့သည်။ ဒီဘတ်စ်မှတ်တိုင်ဘေး မိုးရွာထဲမှာ ရပ်တန့်နေရင်း ဘယ်အချိန်မှလာမည်မှန်းမသိတဲ့ ဘတ်စ်ကားကိုစောင့်ရင်း ကျွန်တော် ခြောက်သွေ့စွာ မတ်တပ်ရပ်နေသည်။ ထိုင်ခုံတခုထိုင်စရာမရခဲ့ရင်း မတ်တပ်ရပ်နေခဲ့သည့်အချိန်တွေ ဘယ်လောက်လွန်မြောက်သွားသည်ကို ကျွန်တော်မရေတွက်မိခဲ့။ ထိုသို့ အရာရာကို အမှတ်တရဖြစ်စွာ အမှတ်မဲ့ရှိခဲ့သည်ကိုပင် ကျွန်တော့်အပြစ်ဟု ဆိုဝံ့ပါရတော့မည်။

မိုးရွာရွာထဲမှာပင် ခြောက်သွေ့စွာရပ်နေရင်း ကျွန်တော် အာခေါင်များ ခြောက်သွေ့လာသည်။ ကျွန်တော်အရက်မသောက်ပါ။ ဘီယာမသောက်ပါ။ ယမကာကို ဆာလောင်ခြင်းမဟုတ်ပါ။ သို့သော် ခါးသီးစွာပင် အာခေါင်က ခြောက်သွေ့လာသည်။ ရင်ထဲမှာ မီးလိုပူသည်။ တစုံတခုကို ကျွန်တော်သောက်ချင်သည်။ ကောင်းကင်ကိုမော့အကြည့် မိုးရေတချို့ ကျွန်တော့်အာခေါင်ကို လာမှန်သည်။ ငရဲမီးအလား ရင်ထဲထိုးဝင်သွားသည်။ ကျွန်တော်ဘယ်လိုမှ မခံနိုင်တော့။

ဘတ်စ်ကား ခုအချိန်အထိ မလာသေးပါ။ မိုးရေထဲတွင် ခြောက်ခြောက်သွေ့သွေ့ ရပ်တန့်နေသော ကျွန်တော့်ကို ဘေးပတ်ဝန်းကျင်က ထူးဆန်းသလို ငေးကြည့်နေကြသည်။ အပြုံးမပျက်သော်လည်း ကျွန်တော့်ပါးစောင်မှ သွေးတချို့စီးဆင်းကြလာသည်ကို မှန်ပြန်ကြည့်စရာမလိုဘဲ ကျွန်တော်သိသည်။ သွေးစက်တို့သည် မချိုသလို မခါးသက်။ ဒါပေမယ့် သွေးတွေကို ကျွန်တော်မနှစ်သက် ရွံရှာသည် ဒီထက်ပိုတိတိကျကျ ပြောရလျှင် ထိတ်လန့်သည်။ သို့သော် စီးမြဲစီးလျက်ရှိသော ပါးစောင်ထက်က သွေးတချို့ကို ကိုယ်ကိုယ်တိုင်လျှာနှင့်လျက်လိုက်သည်။ အော့..........................

လူတွေ ရှောင်သွားကြသည်။ ဘေးနားက လူတွေ ရုတ်တရက် ထခုန်သွားကြတာ ကျွန်တော်တွေ့သည်။ ဘတ်စ်ကားကလည်း ခုထိ မလာသေး။ မိုးတွေကလည်း ဝုန်းဒိုင်းကြဲနေတုန်း ကျွန်တော်တယောက်သာ ခြောက်သွေ့စွာ စိုရွှဲလျက် သွေးတွေကို ဝေါကနဲ အန်ချလိုက်သည်။ ဘယ်သူမှ ကျွန်တော့်ကို မဖေးမ။ ကျွန်တော် ရေတခွက်လောက်လိုချင်သည်။ ဒီသွေးတွေကို သုတ်ပစ်ဖို့ လက်ကိုင်ပဝါလေး တထည်လောက်ဖြစ်ဖြစ် လိုချင်သည်။ သွေးတို့ကြောင့် ကျွန်တော့်ဖိနပ်တို့လည်း ရဲရဲနီကုန်ကြပြီ။ ဒါပေမယ့် မည်သည့်လက်မှ လှမ်းမလာ။

ဘတ်စ်ကားရယ် လာပါတော့။ လူအုပ်ကလည်း တဖြည်းဖြည်းကြီးလာပြီ။ ရေခဲရေရောင်းသူ တယောက်တလေပင် အနားမှာ မတွေ့ရ။ ကျွန်တော့်ပါးစပ်များသည် နီရဲချိတ်ထွေးလျက်။ အကျီင်္တို့သည်လည်း သွေးတို့ဖြင့် စွန်းထင်းကုန်ပြီ။ ခြေထောက်တွေ မခိုင်တော့ မျှော်လင့်ချက်တွေနဲ့ မိုးကောင်ကင်ကြီးကို ဖြတ်ကနဲ မော့အကြည့်မှာတော့ လင်းကနဲဖြစ်သွားပြီး ရုတ်တရက် ကျွန်တော် ဘာဆိုဘာမှ မသိတော့။ အချိန်တွေ ဘယ်လောက်ကြာသွားသည်မသိ နာရီလည်း ကျွန်တော့်မှာ မရှိ။ ဘယ်သူကမှလည်း ကျွန်တော့်ကို အရေးတယူလုပ်၍ နာရီဖြေပေးမည့်ပုံမပေါ်။ အခုထိတောင် ကျွန်တော့်မှာ သွေးတို့နှင့် နီရဲနေသော ပါးစပ်ကို သုတ်ပစ်ဖို့ လက်ကိုင်ပဝါတထည်မရှိသေး။ ရေတခွက်ပင်မရနိုင်သေး။ လူတို့ကတော့ မထူးဆန်းတော့သလို ကျွန်တော့်ကို အရေးလုပ်မနေတော့ ဘေးကပဲ အေးအေးဆေးဆေး ရှောင်ကွင်းသွားကြသည်။

စောင့်နေသော ဘတ်စ်ကားကတော့ အခုချိန်ထိ ပေါ်မလာသေး.................


နေဦး
(၂၀၁၁ မေ ၃၊ ည ၇း၄၇)

Monday, May 02, 2011

တန်ဖိုး

ဈေးဆိုင်ထဲအဝင်
ရွှေရောင်တလက်လက်
လှပတပ်မက်စရာ
ဘောပင်လေး တချောင်း။

သဘောကျတပ်မက်
လိုချင်စိတ်ဆန္ဒနဲ့
ပိုင်ဆိုင်ရှိရာ
စက္ကူကြမ်းပေါ်
............
ခြစ်ပါသော်လည်း
အရာမထင်ခဲ့
............


နေဦး
(မေ ၂ ၂၀၁၁၊ မနက် ၁၀း၀၅)