Pages

Tuesday, December 20, 2011

ကျုပ်ကိုကော မှတ်မိပါရဲ့လား

ပူပြင်းတယ်၊
ခြောက်သွေ့တယ်၊
လေထန်တယ်၊
သစ်ရိပ်ဝါးရိပ်ရှားတယ်၊
သဲထူတယ်၊
ရွှံ့ပေါတယ်၊
ခင်ဗျားရဲ့ဂုဏ်ပုဒ်တွေကို ကျွန်တော်ဘယ်လိုဆက်ဖော်ရအုံးမှာလဲ
ကျုပ်တို့ နိုင်ငံမှာ လူအများမသိခင်ကတည်းက ခင်ဗျားဆီမှာ ကိုယ်တိုင်မှာ ကိုယ်တိုင်ယူ ကိုယ်တိုင်ရှင်းရတဲ့ စနစ်တခုရှိတယ်
ပျိုးပင်တွေနဲ့ ပြည့်နေတဲ့ ဝါးစင်တခုအောက် ကျုပ်တို့ ထမင်းစားခဲ့ရတယ်
ဆီတရွှဲရွှဲနဲ့ အသားနည်းတဲ့ ခပ်ညံ့ညံ့ ဝက်အူချောင်း၊
ခက်ခက်ခဲခဲ အားနဲ့ မာန်နဲ့မှ ဆွဲစားရတဲ့ အမဲရွတ်ကျော်၊
အချိုမှုန့်ပဒေသာနဲ့ သုပ်ထားတဲ့ ထမင်းသုပ်၊
ဘာလာလာ အရသာမပြောင်းတဲ့ လက်ဖက်ရည်၊
ခင်ဗျားမှာ ဂုဏ်ပုဒ်တွေက ဒီထက်မက ကျန်နေသေးတယ်။
ကျွန်တော်နဲ့ ခင်ဗျား ဆုံခဲ့တဲ့ သုံးနှစ်ဆိုတာ ခုအချိန်ပြန်ကြည့်တော့လည်း ဘာမှ မကြာလိုက်သလိုလို။
မကြာမကြာ ဟောဒီရင်ဘတ်ကြီးထဲ ခင်ဗျားနဲ့ ပတ်သက်လို့ ဘာတွေကျန်ခဲ့သလဲ လှမ်းလှမ်းကြည့်တိုင်း ကျုပ်မှာတော့ ရင်ဘတ်ဟောင်းလောင်း အဲ ဗိုက်ကတော့ ခုထိ ခင်ဗျား ကျေးဇူးနဲ့ ဖောင်းနေလေရဲ့။

တောင်စဉ်ရေမရ လျှောက်ပြောကြကြေးဆို ကျုပ် ခင်ဗျားနဲ့ ဆုံခဲ့တဲ့သုံးနှစ်တာအတွင်း
ဘီယာကိုစွဲစွဲမက်မက်ကြိုက်တတ်ခဲ့တယ်။
စာအုပ်တွေ အတော်ဖတ်လို့ပြီးသွားခဲ့တယ်။
ခင်ဗျားရှိရာနေရာနဲ့ မန်းမြို့အကြား ရွာငယ်ဇနပုဒ်ကအစ ကျုပ်ပါးစပ်ဖျားမှာ မှတ်မိခဲ့တယ်။
ဒါတွေအတွက် ကျုပ် ခင်ဗျားကို ကျေးဇူးတင်သင့်ပါသလား။

ကျုပ်က မခန့်လေးစား အလွန်လုပ်တတ်တဲ့ ခပ်ဂျစ်ကန်ကန် လူ့ကန့်လန့် တယောက်သာသာပေါ့။
ခင်ဗျားပိုင်ဆိုင်ရာ ခြံမခတ်တဲ့ ဝင်းကြီးထဲ ကျုပ်ခြေလှမ်းတွေ အထပ်ထပ်။
ကျုပ်က အပြင်လေကို ရှုရှိုက်ရတာကိုပဲ နှစ်သက်ခဲ့တယ်။
ဒါကြောင့်များ ခင်ဗျား ကျုပ်ကို မုန်းခဲ့လေသလား။
ခင်ဗျားနဲ့ ခင်ခဲ့သမျှ ကာလပတ်လုံး ကျုပ်ကို အကျီၤအဖြူလည်ကတုံးနဲ့ ပုဆိုးဂေါက်ဂက်ဝတ်တဲ့ ယောက်ျားတသိုက်အပြင် အကျီၤရင်ဖုံး၊ချိတ်ထမီ၊ ဆံထုံးနဲ့ မမတွေကလည်း မျက်မုန်းကျိုးကြသတဲ့။

ရတာမလို၊ လိုတာမရလား
ဘာမှကို မရခဲ့တာလား၊ ဘာမှကို မလိုခဲ့တာလား၊
ကျုပ်နဲ့ ခင်ဗျားက ဒီတနေရာမှာတော့ ဆန့်ကျင်ဘက်လုံးလုံးဖြစ်ခဲ့တာပဲ။
ခင်ဗျားအတွက် အချစ်ဆိုတာ အရေးမပါပေမယ့် ကျုပ်အတွက်တော့ ဘဝတခုလုံး ပျက်စီး ဒုက္ခတွေကိုပဲ သေခြင်းတပုဒ်လို ညည်းရတော့မယ့်ဟန် ခံစားမိခဲ့ပြန်တာတော့ အမှန်ပဲဗျ။
ဒါဆို ကျုပ်မှာ လို “အင်” ဆန္ဒတွေများ ရှိခဲ့လေသလား။
ခဏခဏ ပြောင်းလဲတတ်တဲ့ ကမ္ဘာမှာ မင်းမဖြေချင်ဆုံး အရာ ဘာလဲဆို အဲဒါပဲဗျ။
ကျုပ်မှာ ဝမ်းသာခြင်းလည်း ရှိခဲ့တယ်၊ ဝမ်းနည်းခြင်းလည်း ရှိခဲ့တယ်။
ကိုယ့်အနာဂတ်ကို ကိုယ်မရေးနိုင်တာလား ဘာလားတော့ မသိဘူး။
မကြာခင် အချိန်အတွင်းမှာ ဘာဘာညာညာ ကြေညာဖို့ ကျုပ်တော့ ခုထိ မရဲသေး။
ဟောဒီသွေးသားတွေနဲ့ အိမ်လေးတလုံး တည်ဆောက်ဖို့ အရေးဟာ ခုထိတော့ ကျုပ်နဲ့ ဝေးနေဆဲပဲ။
လာချင်သူကော တကယ်စစ်မှန်လား
ခေါ်ချင်တဲ့သူကကော တကယ်လာမှာလား
မေးခွန်းတွေကလည်း ကျုပ်ခေါင်းကို ရှုပ်ခက်
ရင်ဘတ်နဲ့ဦးနှောက်တောင် တသားတည်း မကျခဲ့တာဗျာ။

တွေ့ဆုံ ကြုံကွဲတွေရော၊ တွေ့ဆုံ ကြုံခွဲတွေကော ခင်ဗျားနဲ့ ဆုံတုန်း သုံးနှစ်ကာလအတွင်းမှာ ကျုပ်ဆုံခဲ့ဖူးပြီ။ ခု ကျွန်တော့်မှာကော ခင်ဗျားကို ပြန်ပေးစရာ ဘာများရှိသလဲ။
ကျုပ်မှာ ခပ်ချာချာ မသုံးရသေးတဲ့ ဦးနှောက်တလုံး၊
အရောင်ဖျော့ဖျော့ မတောက်ပတော့တဲ့ ရင်ဘတ်တစုံ၊
ခပ်ပါးပါးအိပ်ကပ် ကျုပ်ကတော့ ဘာမှ ပြန်ထောက်ပံ့နိုင်မှာ မဟုတ်သလိုပဲ။
ကျုပ်မှာ ဇနီးလည်း တွဲစရာမပါ၊ သားသမီးလည်း ရင်ထဲပါမလာသေးပေမယ့် ကျုပ်ဒုက္ခက မသေးလှသေး။

ဒါပေမယ့် ဘာတွေပဲပြောပြော အတွေးတွေရစ်ဝိုင်း
ကျုပ်အတွက် လွတ်လပ်သယောင်ယောက် ခံစားချက်တွေကို ပြန်လိုချင်တိုင်း
ခင်ဗျားနဲ့ ဆုံခဲ့တဲ့ နေ့ရက်တွေကို ပြန်တွေးမိတုန်းပဲ။
ကျုပ်မရှိတော့တဲ့ နေ့ရက်တွေမှာ ဘယ်လိုရှိပါလေစ။
ခင်ဗျားကတော့ ကျုပ်ထက်ငယ်ရွယ်နုပျိုမြစ်တဲ့ ကလေးတွေနဲ့ ခင်ဗျားဘဝကို ဆက်သွားနေအုံးမှာပါပဲ။
နောက်ဆုံးနဲ့ ကျုပ်ခွဲခွာပြီးကတည်းက ကျုပ် ခင်ဗျားဆီကို တခါတောင် ခြေဦးမလှည့်ခဲ့။
ကျုပ် စိမ်းကားတာလည်း မဟုတ်ဘူး။
မာနကြီးတာလည်း မဟုတ်ဘူး။
စွန့်ပစ်တာလည်း မဟုတ်ဘူး။
လူ့လောကထဲမှာ ကျုပ်ခြေထောက်နှစ်ဖက်ပေါ်ပေါ်ရဲရဲရပ်လို့ ရရုံသာရတဲ့ ဘဝ၊ ကျုပ် ခြေထောက်ထက် ပျော်ပျော်ရွှင်ရွှင် ပြေးလွှားပျော်ပါးနိုင်တော့မှ ခင်ဗျားဆီ အလည်တခေါက်ရောက်လာခဲ့မယ်။
ဘာပဲပြောပြော ခုထိ ကျုပ်ကို ထမင်းကျွေးထားတဲ့ ခင်ဗျားရဲ့ ဘွဲ့လက်မှတ်ကို ကျေးဇူးတင်တယ်။

မြို့ပြင်မှာရှိတယ် ဆိုပေမယ့်
ဖုန်ထူတယ် ဆိုပေမယ့်
နေပူတယ် ဆိုပေမယ့်
ကျုပ်ဘဝရဲ့ ပုံရိပ်တွေကြား ခင်ဗျားက ရှင်သန်နေဆဲပါပဲလားဗျာ………

နေဦး
(၂၀၁၁ အောက်တိုဘာ ၁၉၊ ညနေ ၄း၃၉)

(ကျောင်းအကြောင်း (All About School) e-book မှ)