Pages

Monday, February 21, 2011

ဈေးကွက်စီးပွားရေးစနစ်ဆိုသည်

-ရွှေဆိုင်-
ရွှေတစ်ကျပ်သားဝယ်ရင်
ဗလာမပါ ကံစမ်းမဲတွေပေးတယ်
ဆပ်ပြာမှုန့်ထုပ်တွေ……….

-အလှပြင်ဆိုင်-
တနင်္လာနေ့တိုင်း
ဆံပင်အလကားညှပ်ပေးတယ်
သင်ညှပ် ညှပ်ပေးမယ့်သူတွေ………

-ဖက်ရှင်ဆိုင်-
အင်္ကျီနှစ်ထည်ဝယ်ရင်
တစ်ထည် လက်ဆောင်ပေးတယ်
ရောင်းမထွက်တော့တဲ့ ဖက်ရှင်ဟောင်း့ အကျန်တွေ……….

-အိမ်ထောင်ရေးပွဲစား-
တစ်ခါအပ်ပြီးရင်
၁၀နှစ်အာမခံ
အဆင်မပြေရင် ပြေတဲ့အထိ
ပြန်လဲပေးတယ်
???........

-မသာအလှပြင်-
တစ်လောင်းပြင်ရင် တစ်သောင်း
နှစ်လောင်းပြင်ရင် တစ်သောင်းခွဲနဲ့
Discount ပေးတယ်
?????.........

-အခေါင်းရောင်းဝယ်ရေး-
အခေါင်းတွေနော်
တစ်လုံးဝယ်ရင်
တစ်လုံး Free
????.........

Promotion ကြိုက်ကျသမို့
မင်္ဂလာဆောင်ဖို့အရေးအတွက်
ယောက်ျားမိန်းမတောင်
Discount ကျအောင် စောင့်နေသေးသူများ
ရှိနေကြသေးသတဲ့…….



နေဦး
(၂၀၁၀ ဖေဖော်ဝါရီ ၂၁၊ မနက် ၁၁း၂၅)

Saturday, February 12, 2011

တခန်းရပ် ပြဇာတ်

www.friendcircles.com
တချို့အတွက်ဆိုလျှင်တော့ ကြားတောင် ကြားဖူးမည် မဟုတ်သည့် website လေးတခုဖြစ်သည်။
ထိုနေရာလေးကပင် အရာရာက အစပျိုးစရာတွေဖြစ်လာခဲ့သလို ဘဝတကွေ့က ပြဇာတ်တပုဒ်ကို ဖန်တီးပေးခဲ့သည်။
ဒီနေရာလေးကို ရောက်ဖြစ်အောင် ဖိတ်ခဲ့သည့် အဲသည့်အချိန်က ခင်ခဲ့သော ညီမလေး ဝတ်ရည်ဖူးကိုပင် ကျေးဇူးတင်ရမည်လား စိတ်ဆိုးရမည်လား မသိ။ ဘာပဲဖြစ်ဖြစ် တဆစ်ချိုးမှာ ပျော်ရွှင်မြူးထူးစေခဲ့တာကတော့ အမှန်ပင်ဖြစ်သည်။ အကယ်၍သာ ထို နေရာလေးသို့ မရောက်ဖူးခဲ့ပါလျှင်...............

၂၀၀၅ ..........
တနည်းအားဖြင့်ပြောရရင် ကျောင်းပြီး အလုပ်အကိုင်မရှိ ရုန်းကန်နေရသည့်ကာလ။ စင်ကာပူသို့ ပထမအကြိမ်ခြေလှမ်းချရန် ၁ပတ်အလို စက်တင်ဘာ ၁၈။ ကျွန်တော်ဘယ်လိုမှ မမေ့နိုင်ခဲ့။ ဒါပေမယ့် ဇာတ်ရံဖြစ်လာမယ်မှန်းလည်း ကျွန်တော့်ကိုယ် ကျွန်တော်မသိခဲ့။

၂၀၀၆............
ကျွန်တော့်မွေးနေ့မှာ ကြွက်ကလေးက ဆန်ကိုဘယ်လောက်ချစ်သလဲဆိုတဲ့ သီချင်းလေးက မွှေးပျံ့စေခဲ့။ လမ်းအစလား လမ်းအဆုံးလား မသိပေမယ့် ကျွန်တော်ဟာ အချစ်ကို တကြိမ်တခါပဲဖြစ်ဖြစ်တော့ မက်မောဘူးခဲ့သည်ဆိုလျှင်မမှား။ တည်ငြိမ်ခဲ့သည် ရှုပ်ထွေးမှုကင်းခဲ့သည် ပျော်ရွှင်ခဲ့သည် မျှော်လင့်ချက်တွေ ရှိခဲ့သည်။ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို နားမလည်ခဲ့တဲ့ နားလည်ပေးမှုတွေ၊ ဘယ်တုန်းကမှ ရှိမယ်မထင်ခဲ့တဲ့ စာနာမှုတွေ၊ ဘယ်တုန်းကမှ ကျလာလိမ့်မယ်မထင်ခဲ့တဲ့ မျက်ရည်တွေနဲ့ အတူ မသိခြင်းများစွာဖြင့် ဒီဇာတ်မှာ ဇာတ်ရံအဖြစ် ဝင်ကခဲ့သည်။ ပျော်နေခဲ့သည် မော်နေခဲ့သည် .....

၁......၂............၃..............
ပထမလှိုင်းလုံးက ၂၀၀၈ ဒီဇင်ဘာမှာ ဝုန်းကနဲ ဝင်ဆောင့်မိသည်။ အစည်းပြေမသွားသေးသော်လည်း သနားကြည့် အထင်သေးအမြင် တို့၏မျက်လုံးများအောက် ကျွန်တော့်ဒေါက်တိုင်တို့ ယိုင်နဲ့နဲ့ ဖြစ်ခဲ့သည်။ လဲပါသည်ဆိုမှ အရှိုက်ကိုမှ ထပ်ခါ ထပ်ခါ ပင့်ထိုးချင်တတ်သူအတွက် ကျွန်တော်က ဇာတ်စင်နောက်က ဇာတ်ပို့တယောက်ထက်မပိုကြောင်း အထုအထောင်းမှန်သမျှ ကြိတ်ခံခဲ့ရသည်။

၄ ........၅.............၆.....................
ဒိုင်လူကြီးရဲ့ ရေတွက်သံ မဆုံးသေးခင်မှာပင် ကြိုးဝိုင်းက ပြောင်းသွားနှင့်ပြီ။ မျက်လုံးတွေကလည်း ပြာဝေနေလှပြီ။ ဘာကိုမှလည်း မသဲကွဲတော့ သို့ပေမယ့် ထောင်းချက်ထုချက်တွေ ဆက်ဆက်ကျလာပြန်တော့ စည်းဝိုင်းအပြင်ကို လက်လှမ်းဖို့ ကြိုးစားခဲ့မိခြင်းကပင် အမှားတခုဖြစ်ခဲ့ရပြန်သည်။ ေ၀ဝါးနေတဲ့အမြင်ရဲ့ အောက် အပြစ်တွေကို ဖောက်ကနဲ ဖောက်ကနဲ သောက်ခဲ့မိခြင်းက ယုံကြည်မှုကင်းမဲ့ခံရခြင်းတဲ့။
ဒိုင်မရှိတဲ့ စည်းဝိုင်းအတွင်းမှာ ထိုးချက် ကန်ချက်တွေနဲ့ သာ လူးလှိမ့်နေရဆဲ။

ပြိုလုတော့မယ့် ဆဲဆဲမှာ လက်တကမ်းက ထပ်လှမ်းသည်။ ထူပေးခြင်းနှင့်အတူ အသံတွေဆူဆူလာသည်။ အထုအထောင်းခံနေရသူအတွက် အရိပ်စစ်ကမ်းလှမ်းမှုလို့ ထင်မှတ်မှုက မျက်ရည်တွေကို တဒင်္ဂတိတ်သွားစေပေမယ့် လက်နက်ပုန်းတွေက ရင်ကို ပစ်မှန်နေဆဲ။ ဇာတ်ပို့လေးသာမို့ အပြစ်လည်းဆိုခွင့်မရ စကားလည်းပြောခွင့်မရှိ ပျင်းလျှင်ခေါ် လိုရင်ခိုင်းဆိုသည့် အနေထက် စုတ်ဖွားလေးတကောင်လို ပလူးမြူးပျော်နေခဲ့။

ဘယ်တော့ ခေါင်းဆောင်ဖြစ်မလဲ ဘယ်တော့ ခေါင်းဆောင်ဖြစ်မလဲနဲ့ ဇာတ်သာ ၂ခါပြောင်းသွားတယ်။ ကြားမလပ်တဲ့ ဇာတ် နှစ်ဇာတ်ကြား ဇာတ်ပို့က ဇာတ်ပို့အဖြစ်နဲ့ ဇာတ်ခေါင်းကွဲ။

၇....၈.............၉.............
လောကကြီးရဲ့ အသံက နံပါတ်စေ့လုလုမှာတော့ ဗလောင်ဆူလွန်းတဲ့ရင်၊ အမှောင်ထူလွန်းတဲ့ အမြင်အတွက် အလင်းတပွင့်ပဲရပါစေ ဆိုတဲ့ ဆန္ဒနဲ့ ရှုံးမှန်းသိရက် ခေါင်းလောင်းကိုဆွဲလှုပ်ပစ်လိုက်တယ်။ လာမယ့်ဘေးကို ပြေးတွေ့ပေမယ့် ဘေးအစား ဆေးကိုမျှော်နေဆဲ ဒါပေမယ့် အပယ်ခံက အပယ်ခံအနေနဲ့ ဆုံးဖြတ်ချက်ကြတယ်။ ဘုရားပြီးရင် ငြမ်းဖက်ကြရစမြဲ.........
ဘယ်ဇာတ်မှာပဲ ဝင်ကက နောက်ကွယ်မှာပဲ ချောင်ထိုးခံခဲ့ရတဲ့ဘဝကို စကားအလှတွေ အဆန်းပြပြီး အကယ်ဒမီပေးလည်း နောက်ဆုံးတော့ ဇော်လင်းက ဇော်လင်းပဲ ဂူထဲရောက်မှ ဘယ်လောက်တော်ကြောင်း ရွတ်ပြတယ်။

၂၀၁၁ ဗယ်လင်တိုင်းဆိုတာ ၂ရက်သာ လိုတော့ချိန်အဝေး စားပွဲပေါ်က ချောကလက်လေးရယ်၊ စိတ်ကူးထဲက အိပ်မက်လေးရယ်က ကိုယ့်ကို မျက်နှာငယ်လေးတွေနဲ့ ပြန်ငုံ့ကြည့်တယ်။ ၅နှစ်တာကာလအတွက် ကျေးဇူးပါ ပန်းလေးရေ............

နေဦး
(၂၀၁၀ ဖေဖော်ဝါရီ ၁၂၊ မနက် ၅း၃၁)

Friday, February 11, 2011

အမြင်ကပ်ခြင်း ပုဒ်မ

ကဲပါ
ဒီစကားကပဲ ပြန်ကောက်ကြရအောင်
အတူအိပ်ဖို့ဆန္ဒရှိရုံနဲ့တော့
အချစ်အချစ်လို့ ခေါင်းစဉ်မတတ်ပါနဲ့
ခင်ဗျားတို့ကြောင့်
တကယ်ချစ်တတ်သူတွေက ရှက်တယ်......

၂၄နာရီ ဈေးတန်းမှာ
အလှပြင်ပြီးရောင်းနေကြတဲ့ ဈေးသမတွေ ဈေးသထီးတွေလိုပဲ
ဈေးပေါပေါနဲ့ ရကြမယ်ဆို
အချစ်ဆိုတာကို
ဘယ်သူမှ ရေးကြီးခွင်ကျယ်ဖွဲ့ဆိုကြမယ် မထင်ဘူး........

ဒါပေမယ့် တခါတခါတော့
ခေါင်းစဉ်တွေတပ် အရှက်တွေလုံပြီး
ကွယ်ရာမှာမှ ကြုံသလို ကစ်တတ်ကြတဲ့ လူမျိုးတွေ အစားတော့
ရိုးရိုးသားသား လုပ်စားရတဲ့
အဲသည့် ဈေးသမလေးတွေကို အထင်ကြီးတယ်.......

ကောင်မလေးတွေ စကပ်တိုတိုဝတ်ပြီး
ဒုတ်ထိုးဆိုင်လို ခုံပုပုမှာ ထိုင်တဲ့ကိစ္စလား
အော်......
ဒါနားလည်ရင် ပြေလည်သွားမှာပါ
အဲဒါ လာဘ်ခေါ်တာ ခေါ်တယ်
လာဘ်ခေါ်ကြောင်တွေ အလုပ်မဖြစ်မှတော့
ချိုင်စားစား
ပိုင်းစားစား
ဘယ်လိုစားစား
လာဘ်လာဘများဖို့က အရေးကြီးတယ်
ရှက်တတ်ရင် ငတ်မယ့်အတူမှတော့
လာဘ်ခေါ်ဖို့အရေး
အမေအဖေကတောင် ကူကူရွေးပေးတတ်သေးသကို..........

ခေတ်ကိုက အဲသလိုပဲ
ငွေမြင်ရင် လင်လုပ်မည်
ရသမျှ အကုန်ချိုင်ဖို့
မရှက်တမ်း မကြောက်တမ်း
ယောက်ျားတွေက မိန်းမဖမ်းသလို
မိန်းမတွေက လင်ဖမ်းတယ်
နတ်လူသာဓု ခေါ်စေသော်ဝ်..........

နေဦး
(၂၀၁၀ ဖေဖော်ဝါရီ ၁၁၊ နေ့လည် ၁၂း၀၃)

Thursday, February 10, 2011

ချစ်မိသူ နှင့် အချစ်သိသူ

ချစ်မိသူ။    ။

အချစ်စူး စူးမှတော့
အချစ်ရူးလို့ ဆိုမလား
ရူးသည်ဆိုလည်း ဆိုပါစေ
မူးသည်ဆိုလည်း ဆိုပါစေ ချစ်သူ
ငါကိုယ်က အချစ်မှာရူး
အချစ်အဆိပ်နဲ့ မူးနေခဲ့တာပါ
ရာဇဝင်တွေထဲကလို
လက်မောင်းသွေးဖောက်မတိုက်ခဲ့ရဖူးပါဘူး
ဒါပေမယ့် ငါ့လက်မောင်းသွေးတွေ
မင်းအတွက် စီးဆင်းခဲ့ဖူးတယ် ချစ်သူ.......
အချစ်ဆိုတာ တကယ်တော့
အရိပ်လို နောက်က လိုက်နေပြီး
အဆိပ်လို မူးမေ့ သေဆုံးသွားအောင် လုပ်နိုင်တဲ့အရာပါ.........


အချစ်သိသူ။     ။

အချစ်ရူးဆိုတာ
အချစ်ကြောင့် ရူးတာပဲ မလား
လူတယောက်ကြောင့် ရူးတာမှ မဟုတ်တာ....
အချစ်ဆိပ်ဆိုတာ
လူကို တမြေ့မြေ့သတ်ပစ်တတ်တာမျိုးမလား
ဒါပေမယ့် အဆိပ်နဲ့ အဆိပ်ကိုဖြေ
ပြေသွားကြမှာပဲမို့ဟာ.....
သွေးမြေကျမှ ရမယ်ဆို
လွတ်လပ်ရေးနေ့မှာတောင်
သေဆုံးသူတွေအတွက် ငါငိုခဲ့ဘူးတယ်.........
သွေးမြေကျရတယ်ဆိုတာ
ကြမ်းတမ်းမှုပါ ချစ်မိသူ.......
အဆိပ်ကို အဆိပ်နဲ့ ဖြေကြစတမ်း
ငါတို့ ဝိုးတဝါးစမ်းလျှောက်ကြတဲ့ လမ်းမှာ
သွေးစက်တွေ မြေမခပါနဲ့
အချစ်ဆိုတာ ပေးပါ ယူပါ သနားကြပါမျိုးမဟုတ်ဘူး......
ငါ့အတတ်နဲ့ ငါစူးလည်း စူးပါ့စေ
မီးအိမ်မပါလည်း ငါ့လမ်းငါထူရမှာပဲလေ........


နေဦး
(၂၀၁၀ ဖေဖော်ဝါရီ ၁၀၊ ညနေ ၄း၅၀)

(မြင်မိတွေ့မိသော အဖြစ်အပျက်တခုကို ပြန်လည်ရေးဖွဲ့ခြင်းဖြစ်ပါသည်)

Tuesday, February 08, 2011

အမှောင်စိုးချိန်

ညလည်း မဟုတ်ပါဘဲ
အလင်းတွေက မှောင်လို့
ကြယ်လည်းမတွေ့
လ လည်း မတွေ့
နေကရော ဘယ်ကိုများ ရွေ့သွားသလဲ.....

တိုးတိုက်မိခဲ့တဲ့ နာရီကို
အရေပြားခွံချွတ်ကြည့်တော့
လက်တံနှစ်ခုက မသမာမှုတွေကို
တစ် တောက် တစ် တောက် ဆိုတဲ့ အသံနဲ့
ရွှေ့ရွှေ့ပေးနေဆဲ.......

ရှစ်သိန်းတန်များက ဘာအတွက်လဲ
လမ်းလျှောက်ဖို့လား
လမ်းပျောက်ဖို့လား
အလင်းဖောက်ဖို့လား
အလင်းပျောက်ဖို့လား
အသွေးနဲ့အသားနဲ့မို့
အူမစောင့်မှ သီလတောင့်တဲ့ ကဗျာ
လူတွေကတောင် သြချယူရတယ်တဲ့လား.......

အများအကျိုးအတွက်
ကိုယ်ကျိုးကို စွန့်ကြသလို
တချို့ကျတော့လည်း
သူတို့အကျိုးအတွက်
အများကို စွန့်တယ်
ဘယ်ဘက်က ချိန်ခွင်သာသလဲ
"ကြည့်စမ်း ရတဲ့နေရာက အမိုက်နော်
သူကိုယ်က ညံ့လို့
ခုထိ စီးပွားမဖြစ်တာ" ဆိုတဲ့
လူ့မလိုင် ပတ်ဝန်းကျင်ကြားမှာ
အဖြေဟာ လွယ်ကူလွန်း ရှင်းလင်းလွန်းနေသလားပဲ.......

ရိုးသားမှုဆိုတာ ....ဘာလဲ။
ခြစားမှုဆိုတာ ......ဘာလဲ။
တရားဆိုတာ .......ဘာလဲ။
အဓမ္မဆိုတာ ........ဘာလဲ။
ထထပြီး ဟစ်တတ်တဲ့ သူတွေကိုယ်တိုင်က
မှန်ထဲမှာ ကိုယ့်ရုပ်ထက်ပိုပြီး
စိတ်ကို ပြန်မကြည့်ခဲ့လေတော့.........

ခု ကျွန်တော်လည်း
ကိုယ်အကျိုးသက်သက်အတွက်ပဲ
အလုပ်တွေကို လုပ်နေဆဲ.......

သူငယ်ချင်း မိတ်ဆွေ အားလုံးပဲ
ငရဲပြည်မှာ ထပ်တွေ့ကြမယ်.....


နေဦး
(၂၀၁၀ ဖေဖော်ဝါရီ ၈၊ မနက် ၁၀း၅၃)