Tuesday, December 20, 2011

ကျုပ်ကိုကော မှတ်မိပါရဲ့လား

ပူပြင်းတယ်၊
ခြောက်သွေ့တယ်၊
လေထန်တယ်၊
သစ်ရိပ်ဝါးရိပ်ရှားတယ်၊
သဲထူတယ်၊
ရွှံ့ပေါတယ်၊
ခင်ဗျားရဲ့ဂုဏ်ပုဒ်တွေကို ကျွန်တော်ဘယ်လိုဆက်ဖော်ရအုံးမှာလဲ
ကျုပ်တို့ နိုင်ငံမှာ လူအများမသိခင်ကတည်းက ခင်ဗျားဆီမှာ ကိုယ်တိုင်မှာ ကိုယ်တိုင်ယူ ကိုယ်တိုင်ရှင်းရတဲ့ စနစ်တခုရှိတယ်
ပျိုးပင်တွေနဲ့ ပြည့်နေတဲ့ ဝါးစင်တခုအောက် ကျုပ်တို့ ထမင်းစားခဲ့ရတယ်
ဆီတရွှဲရွှဲနဲ့ အသားနည်းတဲ့ ခပ်ညံ့ညံ့ ဝက်အူချောင်း၊
ခက်ခက်ခဲခဲ အားနဲ့ မာန်နဲ့မှ ဆွဲစားရတဲ့ အမဲရွတ်ကျော်၊
အချိုမှုန့်ပဒေသာနဲ့ သုပ်ထားတဲ့ ထမင်းသုပ်၊
ဘာလာလာ အရသာမပြောင်းတဲ့ လက်ဖက်ရည်၊
ခင်ဗျားမှာ ဂုဏ်ပုဒ်တွေက ဒီထက်မက ကျန်နေသေးတယ်။
ကျွန်တော်နဲ့ ခင်ဗျား ဆုံခဲ့တဲ့ သုံးနှစ်ဆိုတာ ခုအချိန်ပြန်ကြည့်တော့လည်း ဘာမှ မကြာလိုက်သလိုလို။
မကြာမကြာ ဟောဒီရင်ဘတ်ကြီးထဲ ခင်ဗျားနဲ့ ပတ်သက်လို့ ဘာတွေကျန်ခဲ့သလဲ လှမ်းလှမ်းကြည့်တိုင်း ကျုပ်မှာတော့ ရင်ဘတ်ဟောင်းလောင်း အဲ ဗိုက်ကတော့ ခုထိ ခင်ဗျား ကျေးဇူးနဲ့ ဖောင်းနေလေရဲ့။

တောင်စဉ်ရေမရ လျှောက်ပြောကြကြေးဆို ကျုပ် ခင်ဗျားနဲ့ ဆုံခဲ့တဲ့သုံးနှစ်တာအတွင်း
ဘီယာကိုစွဲစွဲမက်မက်ကြိုက်တတ်ခဲ့တယ်။
စာအုပ်တွေ အတော်ဖတ်လို့ပြီးသွားခဲ့တယ်။
ခင်ဗျားရှိရာနေရာနဲ့ မန်းမြို့အကြား ရွာငယ်ဇနပုဒ်ကအစ ကျုပ်ပါးစပ်ဖျားမှာ မှတ်မိခဲ့တယ်။
ဒါတွေအတွက် ကျုပ် ခင်ဗျားကို ကျေးဇူးတင်သင့်ပါသလား။

ကျုပ်က မခန့်လေးစား အလွန်လုပ်တတ်တဲ့ ခပ်ဂျစ်ကန်ကန် လူ့ကန့်လန့် တယောက်သာသာပေါ့။
ခင်ဗျားပိုင်ဆိုင်ရာ ခြံမခတ်တဲ့ ဝင်းကြီးထဲ ကျုပ်ခြေလှမ်းတွေ အထပ်ထပ်။
ကျုပ်က အပြင်လေကို ရှုရှိုက်ရတာကိုပဲ နှစ်သက်ခဲ့တယ်။
ဒါကြောင့်များ ခင်ဗျား ကျုပ်ကို မုန်းခဲ့လေသလား။
ခင်ဗျားနဲ့ ခင်ခဲ့သမျှ ကာလပတ်လုံး ကျုပ်ကို အကျီင်္အဖြူလည်ကတုံးနဲ့ ပုဆိုးဂေါက်ဂက်ဝတ်တဲ့ ယောက်ျားတသိုက်အပြင် အကျီင်္ရင်ဖုံး၊ချိတ်ထမီ၊ ဆံထုံးနဲ့ မမတွေကလည်း မျက်မုန်းကျိုးကြသတဲ့။

ရတာမလို၊ လိုတာမရလား
ဘာမှကို မရခဲ့တာလား၊ ဘာမှကို မလိုခဲ့တာလား၊
ကျုပ်နဲ့ ခင်ဗျားက ဒီတနေရာမှာတော့ ဆန့်ကျင်ဘက်လုံးလုံးဖြစ်ခဲ့တာပဲ
ခင်ဗျားအတွက် အချစ်ဆိုတာ အရေးမပါပေမယ့် ကျုပ်အတွက်တော့ ဘဝတခုလုံး ပျက်စီး ဒုက္ခတွေကိုပဲ သေခြင်းတပုဒ်လို ညည်းရတော့မယ့်ဟန် ခံစားမိခဲ့ပြန်တာတော့ အမှန်ပဲဗျ။
ဒါဆို ကျုပ်မှာ လို “အင်” ဆန္ဒတွေများ ရှိခဲ့လေသလား။
ခဏခဏ ပြောင်းလဲတတ်တဲ့ ကမ္ဘာမှာ မင်းမဖြေချင်ဆုံး အရာ ဘာလဲဆို အဲဒါပဲဗျ။
ကျုပ်မှာ ဝမ်းသာခြင်းလည်း ရှိခဲ့တယ်၊ ဝမ်းနည်းခြင်းလည်း ရှိခဲ့တယ်။
ကိုယ့်အနာဂတ်ကို ကိုယ်မရေးနိုင်တာလား ဘာလားတော့ မသိဘူး။
မကြာခင် အချိန်အတွင်းမှာ ဘာဘာညာညာ ကြေညာဖို့ ကျုပ်တော့ ခုထိ မရဲသေး။
ဟောဒီသွေးသားတွေနဲ့ အိမ်လေးတလုံး တည်ဆောက်ဖို့ အရေးဟာ ခုထိတော့ ကျုပ်နဲ့ ဝေးနေဆဲပဲ။
လာချင်သူကော တကယ်စစ်မှန်လား
ခေါ်ချင်တဲ့သူကကော တကယ်လာမှာလား
မေးခွန်းတွေကလည်း ကျုပ်ခေါင်းကို ရှုပ်ခက်
ရင်ဘတ်နဲ့ဦးနှောက်တောင် တသားတည်း မကျခဲ့တာဗျာ။

တွေ့ဆုံ ကြုံကွဲတွေရော၊ တွေ့ဆုံ ကြုံခွဲတွေကော ခင်ဗျားနဲ့ ဆုံတုန်း သုံးနှစ်ကာလအတွင်းမှာ ကျုပ်ဆုံခဲ့ဖူးပြီ။ ခု ကျွန်တော့်မှာကော ခင်ဗျားကို ပြန်ပေးစရာ ဘာများရှိသလဲ။
ကျုပ်မှာ ခပ်ချာချာ မသုံးရသေးတဲ့ ဦးနှောက်တလုံး၊
အရောင်ဖျော့ဖျော့ မတောက်ပတော့တဲ့ ရင်ဘတ်တစုံ၊
ခပ်ပါးပါးအိပ်ကပ် ကျုပ်ကတော့ ဘာမှ ပြန်ထောက်ပံ့နိုင်မှာ မဟုတ်သလိုပဲ။
ကျုပ်မှာ ဇနီးလည်း တွဲစရာမပါ၊ သားသမီးလည်း ရင်ထဲပါမလာသေးပေမယ့် ကျုပ်ဒုက္ခက မသေးလှသေး။

ဒါပေမယ့် ဘာတွေပဲပြောပြော အတွေးတွေရစ်ဝိုင်း
ကျုပ်အတွက် လွတ်လပ်သယောင်ယောက် ခံစားချက်တွေကို ပြန်လိုချင်တိုင်း
ခင်ဗျားနဲ့ ဆုံခဲ့တဲ့ နေ့ရက်တွေကို ပြန်တွေးမိတုန်းပဲ။
ကျုပ်မရှိတော့တဲ့ နေ့ရက်တွေမှာ ဘယ်လိုရှိပါလေစ။
ခင်ဗျားကတော့ ကျုပ်ထက်ငယ်ရွယ်နုပျိုမြစ်တဲ့ ကလေးတွေနဲ့ ခင်ဗျားဘဝကို ဆက်သွားနေအုံးမှာပါပဲ။
နောက်ဆုံးနဲ့ ကျုပ်ခွဲခွာပြီးကတည်းက ကျုပ် ခင်ဗျားဆီကို တခါတောင် ခြေဦးမလှည့်ခဲ့။
ကျုပ် စိမ်းကားတာလည်း မဟုတ်ဘူး။
မာနကြီးတာလည်း မဟုတ်ဘူး။
စွန့်ပစ်တာလည်း မဟုတ်ဘူး။
လူ့လောကထဲမှာ ကျုပ်ခြေထောက်နှစ်ဖက်ပေါ်ပေါ်ရဲရဲရပ်လို့ ရရုံသာရတဲ့ ဘဝ၊ ကျုပ် ခြေထောက်ထက် ပျော်ပျော်ရွှင်ရွှင် ပြေးလွှားပျော်ပါးနိုင်တော့မှ ခင်ဗျားဆီ အလည်တခေါက်ရောက်လာခဲ့မယ်။
ဘာပဲပြောပြော ခုထိ ကျုပ်ကို ထမင်းကျွေးထားတဲ့ ခင်ဗျားရဲ့ ဘွဲ့လက်မှတ်ကို ကျေးဇူးတင်တယ်။

မြို့ပြင်မှာရှိတယ် ဆိုပေမယ့်
ဖုန်ထူတယ် ဆိုပေမယ့်
နေပူတယ် ဆိုပေမယ့်
ကျုပ်ဘဝရဲ့ ပုံရိပ်တွေကြား ခင်ဗျားက ရှင်သန်နေဆဲပါပဲလားဗျာ………

နေဦး
(၂၀၁၁ အောက်တိုဘာ ၁၉၊ ညနေ ၄း၃၉)

(ကျောင်းအကြောင်း (All About School) e-book မှ)

Saturday, September 17, 2011

နှုတ်ဆက်တယ်ဆိုတာ ခွဲခွာဖို့မှ မဟုတ်တာ

ဒီလမ်းအချိုးမှာပဲ ကျုပ်တို့ နှုတ်ဆက်ခွဲခွာခဲ့ကြဖူးတယ်။ လမ်းတဖက်ကိုအရောက် ကျုပ်ကလှည့်ကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ခင်ဗျားကလည်း လှည့်အကြည့် ခင်ဗျားကျုပ်ကို လက်များတောင် ဝှေ့ရမ်းနှုတ်ဆက်သွားခဲ့သေးတယ်။

သူလိုကိုယ်လို သာမာန် ညနေခင်းတခုမှာ မြစ်တခုလို အဆက်မပြတ်စီးနေတဲ့ ကားတွေ လူတွေက ကျုပ်တို့နှစ်ယောက်ကြား ခြားသွားခဲ့ပြီ။ ကျုပ်တို့နှစ်ယောက်ကြားခြားသွားတဲ့ ဒီမြစ်ကြီးက ဘဝမှာ ကျော်လွန်နိုင်ဖို့ မဖြစ်နိုင်တဲ့ နှုတ်ဆက်ခွဲခွာမှုတခုဖြစ်လာလိမ့်မယ်လို့ ဘယ်သိခဲ့မှာလဲ။

ကျုပ်တို့ ထပ်ဆုံဖို့ အခွင့်မရှိခဲ့ဘူး နောက်ပြီး တစ်နှစ်ကြာတော့ သေခြင်းတရားကို ခင်ဗျား မျက်မှောက်ပြုသွားရှာပြီ။

အတိတ်ကို ပြန်တူးဖော်ရင်း ပြန်ကြည့်လိုက်တော့ မှားနေသလိုလို ကျုပ်ခံစားရတယ်။ အသေးအဖွဲ နှုတ်ဆက်ခဲ့တာလေးက ပြန်မတွေ့နိုင်တော့တဲ့ ခွဲခွာမှုကြီးတခုကို ဖြစ်စေခဲ့ပြီ။

ဒီအကြောင်း နားလည်နိုင်ဖို့ မနေ့ညက ညစာစားအပြီး ပလေတိုနှုတ်က အံခဲ့တဲ့ သူ့ရဲ့ နောက်ဆုံး ဆိုစကားကို ပြန်ဖတ်မိတယ်။ ခန္ဓာကြီး သေဆုံးသွားတဲ့အခါ ဝိဥာဉ်က လွတ်လပ်သွားတယ်တဲ့။

နှုတ်ဆက်ခွဲခွာခြင်းလား၊ မှားယွင်းနေတဲ့ နားလည်မှုလား အမှန်တရားက ဘယ်မှာလဲဆိုတာ ကျုပ်မသိတော့ဘူး။

အကယ်လို့ ဝိဥာဉ်ကသာ သေဆုံးမသွားခဲ့ဘူးဆိုရင် ကျုပ်တို့ နှုတ်ဆက်စကားဆိုစရာ မလိုတော့ဘူးမလား။

နှုတ်ဆက်တယ်ဆိုတာကိုယ်က ခွဲခွာမသွားဖို့ ငြင်းဆန်နေကြတာလေ။ နှုတ်ဆက်တယ်ဆိုတာ ဒီနေ့တော့ ငါတို့ ခွဲခွာကြမယ် မနက်ဖြန် ကျုပ်တို့ ပြန်တွေ့ကြမယ်ဆိုတဲ့ သဘောမဟုတ်လား။ ဘာမှမကြာတဲ့ဒီဘဝမှာ သေရအုံးမယ်ဆိုတာ သိတဲ့အတွက်ပဲ အပြီးသတ်နှုတ်ဆက်ခြင်းဆိုတာကို ဖန်တီးခဲ့ကြတာမလား။

ဒေလီယာ တချိန်ချိန်မှာတော့ ကျုပ်တို့ ပြန်တွေ့ကြမယ်လေ။ ဘယ်မြစ်ကမ်းဘေးမှာ ကျုပ်တို့ ဆုံကြမလဲ။ ဒါ မရေရာတဲ့ စကားတွေမှန်းသိပါရဲ့။  ဒါပေမယ့် ခင်ဗျားနဲ့ ကျုပ်က ဘော်ဂတ်နဲ့ ဒေလီယာဖြစ်ခဲ့လေတော့ ဟောဒီမြေမျက်နှာပြင်ပေါ်က ပျောက်ဆုံးသွားတဲ့ မြို့မှာဆုံတွေ့ခွင့်ရဖို့ အမြဲတောင်းဆိုနေကြမယ်လေ ဒေလီယာ။


နေဦး
(၂၀၁၁ စက်တင်ဘာ ၁၇)

(Jorge Luis Borges ရဲ့ Delia Elana San Marco ကို ဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းရသကို ပေါ်လွင်အောင် မဖန်တီးနိုင်ပါက ဘာသာပြန်သူ ကျွန်ုပ်၏ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်။)




အိပျမကျ ၁၀၄ (Dream 104 by Naguib Mahfouz)

အတိတ်ပုံရိပ်တွေကြား လျှောက်သွားမိတော့ ကျွန်တော်က အဘာဆီယာမြို့လေးမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ မျက်ဝန်း (Lady Eye) အကြောင်း ပြန်တွေးရင်း ချက်ချင်းပဲ မျက်ဝန်းကို ဖုန်းခေ်ပြီး ရေပန်းနားမှာ တွေ့ဖို့ ချိန်းလိုက်တယ်။ ခံစားချက်အပြည့်နဲ့ နှလုံးသားကသူမကို ဆီးကြိုခဲ့။

အပျော်ရွှင်ခဲ့ဆုံးနေ့တွေတုန်းကလို ဖီရှာဝီ ကဖေးဆိုင်ထဲမှာ ဒီညနေကို အချိန်ဖြုန်းကြဖို့ အကြံပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ ရင်းနှီးနေတဲ့နေရာကို ရောက်တော့ သေဆုံးသွားပြီးဖြစ်တဲ့ မျက်မမြင်စာအုပ်ရောင်းသူက ကျွန်တော်တို့ အနားကို လာပြီး နွေးနွေးထွေးထွေး နှုတ်ဆက်လေရဲ့။ နောက် အကြာကြီးခွဲခွာသွားတဲ့ ချစ်လှစွာသော မျက်ဝန်းကို သူအပြစ်တင်တော့တယ်။

သူမကဆိုတယ် ဟိုးအဝေးတနေရာကို ရောက်နေစေခဲ့တာ သေခြင်းတရားကြောင့်ပါတဲ့။ ဒါပေမယ့် သူကတော့ အဲဒီအကြောင်းပြချက်ကို ချက်ခြင်းငြင်းပယ်လိုက်ပါလေရော။ သူကပြောတယ် ချစ်သူတွေကြားမှာ သေခြင်းတရားဆိုတာ ဘယ်တော့မှ ဝင်လာနိုင်မှာ မဟုတ်ဘူးတဲ့။


နေဦး
(၂၀၁၁ စက်တင်ဘာ ၁၇)

(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်၏ အိပ်မက်များပေါင်းချုပ်မှ အိပ်မက် ၁၀၄ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်)

Friday, August 05, 2011

နန်းကျဘုရင်

စကားတွေလည်း အဆန်းတွေဖြစ်လို့
အများအမြင်မှာလည်း မချို
ငါ့ဘဝမှာ ခါးသက်သက်ခံစားချက်တွေကို မြိုချ
ငါ နန်းကျတဲ့ဘုရင်ပါ......

မြန်းမကြွရဲချင်တော့ပါဘူးလေ
နန်းကျတဲ့ဘုရင်မို့
စန်းမထတော့ထင်.....

မင်းခစား ကမ်းနားသစ်ပင်ဆိုကြပေမယ့်
ငါသခင် ဆိုတော့လည်း
ငြိုငြင်ဆုတ်တွေး ဝေးခဲ့ကြတော့
အရင်ကငါ အခုလက်ရှိငါ
ဘယ်မုခ်ကပဲ ထုတ်ထုတ်
ငါ့သရုပ်ကတော့ ..............

စစ်မနိုင်ခဲ့တာ မဟုတ်ဘူး
စစ်မပြိုင်ခဲ့တာပါ
သေပျောက်ပျက်စီး ဒုက္ခသံတွေ တညီးညီးကြားနေရမယ့် အစား
ငါပဲ ဒီပလ္လင်က ဆင်း
ရှေ့လျှောက်ရမယ့်ခရီးဆိုတာ
ဆူးခင်းထားတဲ့လမ်းဆိုလည်း
ငါ့ဖဝါးထက် သွေးစက်တွေ
ကျလိုက ကျစေ........



နေဦး

Thursday, July 28, 2011

မိုးရွာရခြင်း အကြောင်းရင်း

ကမူးရှုးထိုးနဲ့ နိုးသာနိုးလာရ
ဒီနေမှာ ကျွန်တော်အသားမကျသေး
အပြင်မှာ အာရုဏ်ထွန်းပြီဆိုပေမယ့်
ကျွန်တော့်နာရီက ည ၁၂ကိုစွန်းရုံပဲ စွန်းသေးတယ်။

အိပ်ရတာများလို့လားတော့မသိ
ခုအထိ အိပ်ရေးက မဝ တဝ
မျက်လုံးထောင့်မှာက မျက်ချေးစတွေနဲ့........
 
ထိုးထိုးထောင်ထောင်ဆံပင်
ဖီးမသချင်သေး
အဆီတဝင်းဝင်းမျက်နှာပြင်
ရေဆေးမပြစ်ချင်သေး
အပြင်မှာ ဘယ်လောက်လင်းလင်း
ညနာရီနဲ့ ဆက်မှိန်းရတာ
ဘယ်လောက်အရသာကောင်းသလဲ။

အဆီတထပ် အသားတထပ်
ငါ့ဗိုက်ကြီးလည်း လေးလံဖောင်းအဲ့
အစာဝဖို့ အော်ခဲ့တာလည်း
ငါ အတော်ပင်ပန်းခဲ့ပေါ့။

ခင်ဗျားတို့လိုလူတွေက
နေ့ဆိုဆို နေထွန်းထွန်း
ကျုပ်နာရီမတော့ ညသန်းခေါင်စွန်းစွန်းပဲရှိသေး
အိပ်ရေးပဲ ဝအောင် ဆက်အိပ်
အော်သံတွေတော့
အတိတ်မခံနိုင်ဘူး...................

နေဦး
(၂၀၁၁ ဇူလိုင် ၂၈၊ နေ့လည် ၂း၃၀)

Wednesday, July 27, 2011

ဝဋ်ကြွေး

ဝဋ်ကြွေးက
အချစ်စိတ်တခုလိုပဲ
နှောင်ကြိုးတွေဖွဲ့
ရစ်ပတ် ထပ်ရင်း
အိမ်ထောင်ရက်သားကျ
အတိုးအပွားတွေပါရလို့
ငါ့ပခုံးတောင် အမာရွတ်တွေ
အသားကျလွန်းနေခဲ့ပြီ။

နေဦး
(၂၀၁၁ ဇူလိုင် ၂၇၊ နေ့လည် ၃နာရီ)

Wednesday, June 29, 2011

သားရဲ့ ကဗျာ

ကြယ်တွေရဲ့ ဖန်စားမှုမခံ
တိမ်ယံကြားတိုးတိုက်
အမေရေ
သားတို့ မမိုက်မဲကြပါဘူးဗျာ...

အသက်ဆက်ရှင်သန်
လူဖန်ခပ်ထွားထွား
အမေ့သားအတွက်
အစားအသောက်၊

မမြင့်ရင်နေပါစေ
မနိမ့်ကျခဲ့တဲ့နှလုံးသားနဲ့
ပညာမတောက်တခေါက်၊

မကျင့်ရင်နေပါစေ
ရင်ထက်မှာကိန်းအောင်း
ဗုဒ္ဓရဲ့တရားကောင်းများကို
သင်ယူခဲ့ရတဲ့၊

အမေ့သားတယောက်အတွက်
မငတ်အောင်
မညံ့အောင်
မယုတ်မာအောင် ပံ့ပိုး
သားတို့ အမျိုးတွေရှိတဲ့
ဗမာပြည်ကို သားတို့လွမ်းကြတယ်အမေ.........

အညံ့မခံချင်တဲ့စိတ်
အငတ်မခံချင်တဲ့စိတ်
ပညာသက်ဆက်ချင်တဲ့စိတ်နဲ့
ခြေစုံကန်ထွက်
သားနဲ့အမေ
ခုတော့ မိုင်ထောင်သောင်းချီဝေးကြသတဲ့လေ.....

အထင်သေးသေးနဲ့
မျက်လုံးမှေးကြည့်တတ်တဲ့
သူတို့တိုင်းတပါးတွေဆီမှာ
သားပျော်နေတယ်လို့ထင်လား
အမေရယ်......

တနေ့နေ့
အမေ့ရင်ခွင်ချိုမြ
သေနတ်သံတွေဝေးပသွားခဲ့ရင်
အမေ့ရင်ခွင်ချိုအေး
တရားသောမင်းများအုပ်စိုးခဲ့ရင်
သားနဲ့ အမေ
အမေနဲ့ သား
ဘယ်သူက ကိုယ့်အမျိုးကို ဖယ်ကြဉ်ချင်ပါ့မလဲအမေရယ်......

ကြောက်တယ်ပဲပြောပြော
ပြေးတယ်ပဲဆိုဆို
သားတယောက်
ဟိုးအဝေးကပဲ
အမေ့ရင်ခွင် အေးမြရင်ကိုလွမ်း
တနေ့တနေ့
အိမ်ပြန်ရက်တွေပိုနီးလာဖို့
တမ်းတဆဲပဲ အမေရယ်..............

နေဦး
(၂၀၁၁ ဇွန် ၀၄၊ နေ့လည် ၄း၃၂)

Friday, May 20, 2011

ထမင်းကြမ်း

ပဲပြုတ် ထမင်းဆီဆမ်းရယ်နဲ့ 
ကုလားကြော်ပါတဲ့ ဘယာပူ 
အရသာ ထူးပါပေသမို့ 
ဟမ်ဘာဂါ ပီဇာ ရယ် မရွေးပေဘူး 
ဟန်မပါ ဘယာသာ လက်နဲ့လွေးရယ်လို့ 
အမယ်လေး 
ရှုးရှဲစပ်ပုံနဲ့ 
အကြမ်းရည်ကူကာမျှောရတယ်
ကောင်းပေ့ ထမင်းကြမ်း......... 
 
 
နေဦး
(၂၀၁၀ မေ ၁၉)
 

Tuesday, May 03, 2011

တကယ်လို့များ

မိုးတွေလေ ညို့ရင်းဆိုင်းရင်း တိမ်တွေမဲရင်း မိုးတွေ ရွာပြီ ရွာသည်။

အခိုက်အတန့်တွေကို အမှတ်မရှိခြင်းက အကြောင်းအရာတခုလုံးကို မေ့ပစ်ဖို့ ကျွန်တော့်ကို ဖိအားပေးနေသည်ပဲ။ မိုးခြိမ်းသံများကို ကျွန်တော်မခံစားနိုင်ခဲ့။ နားစည်အထက် အရာရာက ပြည့်လျှံသွားခဲ့သည်။ ဒီဘတ်စ်မှတ်တိုင်ဘေး မိုးရွာထဲမှာ ရပ်တန့်နေရင်း ဘယ်အချိန်မှလာမည်မှန်းမသိတဲ့ ဘတ်စ်ကားကိုစောင့်ရင်း ကျွန်တော် ခြောက်သွေ့စွာ မတ်တပ်ရပ်နေသည်။ ထိုင်ခုံတခုထိုင်စရာမရခဲ့ရင်း မတ်တပ်ရပ်နေခဲ့သည့်အချိန်တွေ ဘယ်လောက်လွန်မြောက်သွားသည်ကို ကျွန်တော်မရေတွက်မိခဲ့။ ထိုသို့ အရာရာကို အမှတ်တရဖြစ်စွာ အမှတ်မဲ့ရှိခဲ့သည်ကိုပင် ကျွန်တော့်အပြစ်ဟု ဆိုဝံ့ပါရတော့မည်။

မိုးရွာရွာထဲမှာပင် ခြောက်သွေ့စွာရပ်နေရင်း ကျွန်တော် အာခေါင်များ ခြောက်သွေ့လာသည်။ ကျွန်တော်အရက်မသောက်ပါ။ ဘီယာမသောက်ပါ။ ယမကာကို ဆာလောင်ခြင်းမဟုတ်ပါ။ သို့သော် ခါးသီးစွာပင် အာခေါင်က ခြောက်သွေ့လာသည်။ ရင်ထဲမှာ မီးလိုပူသည်။ တစုံတခုကို ကျွန်တော်သောက်ချင်သည်။ ကောင်းကင်ကိုမော့အကြည့် မိုးရေတချို့ ကျွန်တော့်အာခေါင်ကို လာမှန်သည်။ ငရဲမီးအလား ရင်ထဲထိုးဝင်သွားသည်။ ကျွန်တော်ဘယ်လိုမှ မခံနိုင်တော့။

ဘတ်စ်ကား ခုအချိန်အထိ မလာသေးပါ။ မိုးရေထဲတွင် ခြောက်ခြောက်သွေ့သွေ့ ရပ်တန့်နေသော ကျွန်တော့်ကို ဘေးပတ်ဝန်းကျင်က ထူးဆန်းသလို ငေးကြည့်နေကြသည်။ အပြုံးမပျက်သော်လည်း ကျွန်တော့်ပါးစောင်မှ သွေးတချို့စီးဆင်းကြလာသည်ကို မှန်ပြန်ကြည့်စရာမလိုဘဲ ကျွန်တော်သိသည်။ သွေးစက်တို့သည် မချိုသလို မခါးသက်။ ဒါပေမယ့် သွေးတွေကို ကျွန်တော်မနှစ်သက် ရွံရှာသည် ဒီထက်ပိုတိတိကျကျ ပြောရလျှင် ထိတ်လန့်သည်။ သို့သော် စီးမြဲစီးလျက်ရှိသော ပါးစောင်ထက်က သွေးတချို့ကို ကိုယ်ကိုယ်တိုင်လျှာနှင့်လျက်လိုက်သည်။ အော့..........................

လူတွေ ရှောင်သွားကြသည်။ ဘေးနားက လူတွေ ရုတ်တရက် ထခုန်သွားကြတာ ကျွန်တော်တွေ့သည်။ ဘတ်စ်ကားကလည်း ခုထိ မလာသေး။ မိုးတွေကလည်း ဝုန်းဒိုင်းကြဲနေတုန်း ကျွန်တော်တယောက်သာ ခြောက်သွေ့စွာ စိုရွှဲလျက် သွေးတွေကို ဝေါကနဲ အန်ချလိုက်သည်။ ဘယ်သူမှ ကျွန်တော့်ကို မဖေးမ။ ကျွန်တော် ရေတခွက်လောက်လိုချင်သည်။ ဒီသွေးတွေကို သုတ်ပစ်ဖို့ လက်ကိုင်ပဝါလေး တထည်လောက်ဖြစ်ဖြစ် လိုချင်သည်။ သွေးတို့ကြောင့် ကျွန်တော့်ဖိနပ်တို့လည်း ရဲရဲနီကုန်ကြပြီ။ ဒါပေမယ့် မည်သည့်လက်မှ လှမ်းမလာ။

ဘတ်စ်ကားရယ် လာပါတော့။ လူအုပ်ကလည်း တဖြည်းဖြည်းကြီးလာပြီ။ ရေခဲရေရောင်းသူ တယောက်တလေပင် အနားမှာ မတွေ့ရ။ ကျွန်တော့်ပါးစပ်များသည် နီရဲချိတ်ထွေးလျက်။ အကျီင်္တို့သည်လည်း သွေးတို့ဖြင့် စွန်းထင်းကုန်ပြီ။ ခြေထောက်တွေ မခိုင်တော့ မျှော်လင့်ချက်တွေနဲ့ မိုးကောင်ကင်ကြီးကို ဖြတ်ကနဲ မော့အကြည့်မှာတော့ လင်းကနဲဖြစ်သွားပြီး ရုတ်တရက် ကျွန်တော် ဘာဆိုဘာမှ မသိတော့။ အချိန်တွေ ဘယ်လောက်ကြာသွားသည်မသိ နာရီလည်း ကျွန်တော့်မှာ မရှိ။ ဘယ်သူကမှလည်း ကျွန်တော့်ကို အရေးတယူလုပ်၍ နာရီဖြေပေးမည့်ပုံမပေါ်။ အခုထိတောင် ကျွန်တော့်မှာ သွေးတို့နှင့် နီရဲနေသော ပါးစပ်ကို သုတ်ပစ်ဖို့ လက်ကိုင်ပဝါတထည်မရှိသေး။ ရေတခွက်ပင်မရနိုင်သေး။ လူတို့ကတော့ မထူးဆန်းတော့သလို ကျွန်တော့်ကို အရေးလုပ်မနေတော့ ဘေးကပဲ အေးအေးဆေးဆေး ရှောင်ကွင်းသွားကြသည်။

စောင့်နေသော ဘတ်စ်ကားကတော့ အခုချိန်ထိ ပေါ်မလာသေး.................


နေဦး
(၂၀၁၁ မေ ၃၊ ည ၇း၄၇)

Monday, May 02, 2011

တန်ဖိုး

ဈေးဆိုင်ထဲအဝင်
ရွှေရောင်တလက်လက်
လှပတပ်မက်စရာ
ဘောပင်လေး တချောင်း။

သဘောကျတပ်မက်
လိုချင်စိတ်ဆန္ဒနဲ့
ပိုင်ဆိုင်ရှိရာ
စက္ကူကြမ်းပေါ်
............
ခြစ်ပါသော်လည်း
အရာမထင်ခဲ့
............


နေဦး
(မေ ၂ ၂၀၁၁၊ မနက် ၁၀း၀၅)

Saturday, March 05, 2011

အရိပ်က ကျုပ်တို့ ခြေလှမ်းနောက်
တကောက်ကောက်လိုက်နေတတ်တယ်လား...

ဒီဇာတ်လမ်းမှာ ကျုပ်တို့က
အရိပ်တွေနောက် တကောက်ကောက်လိုက်တယ်
အရိပ်တွေ ပျံသွားတာများ
ကြယ်တွေကြားမှာ လှလှပပ
တမ်းတတတ်တဲ့ နှုတ်ခမ်းဖျားထက်မှာတော့
သွေးစက်တွေ သွေးစက်တွေ
ကမ္ဘာကလည်း သူ့အရှိန်နဲ့သူ မလည်ပတ်နိုင်တော့
အနမ်းတွေ တွန်းအားပေးမယ့် အချိန်ကို မျှော်နေရတယ်........

လည်ပတ်နှုန်းတွေ နှေးလာတဲ့ ကမ္ဘာမှာ
တနေ့ဟာ ၂၄နာရီမဟုတ်တော့ဘူး
သူနဲ့ ချစ်သူ ချစ်ရည်ပလူးကြ
မျက်ရည်တွေမြေခရင်
အဲဒါ ညပဲ...........

ခရီးတထောက်လျှောက်ဖို့
လမ်းတွေလည်းမလို
ကမ်းတွေလည်း ပြိုနေပြီ
မြက်ခင်းပြင်တွေက စိမ်း
တောအုပ်တွေထဲမှာ ဘဝတွေယိမ်းထိုး က
ဒိုရေမီဖာ သင်စတုံးက
မင်းဆိုပြခဲ့ဖူးတဲ့ သီချင်း
မင်းဘာသာမင်း လမ်းခင်းလျှောက်ပါ.........

ခုခေတ်မှာ တက္ကသိုလ်ဟာ စိန်ပန်းတွေနဲ့ မလှဘူး
သစ်ပုတ်ပင်လဲ ပါမလာဘူး
ကဗျာဆန်မှ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်မယ်ဆိုရင်
မင်းနဲ့  ငါနဲ့  ဒီမှာပဲ သေခန်းရှင်ခန်းပြတ်လိုက်ရအောင်
အသွားတွေတထက်ထက်မြနေမှတော့
ဟောဒါက ဘဝရဲ့လမ်းဆိုတာသေချာပြနေပြီလေ......

အနှစ်မရှိတဲ့တောမို့  ကြက်ဆူပင်မင်းမူတာလား
ဟင်္သာဆိုတာ ပုံရိန်ပန်းချီထဲမှာသာ လှတာ
မင်းလည်းသိ ငါလည်းသိ
ဘာမှမထူးခြားတဲ့ ဘဲတကောင်ကို
မလိုဘဲ တန်ဆာတွေ ဆင်ပေးမိတာကိုယ်က
ငါတို့တွေအပြစ်မှန်းသိဖို့
အချိန်က အတော်လင့်နေပြီ.........

ကျားမို့လည်း မရဲပါဘူး
ဖားမို့လည်း မိုးမသဲပါဘူး
အသွားမလွတ်တဲ့ စကားတွေကြောင့်
အဖျားတက်ခဲ့ဘူးတဲ့ လူတွေအကြောင်း
မင်း စာရင်းပြုစုထားတာ ပိုကောင်းမယ်ထင်တယ်....

ပြေးပြေး ပြေးပြေးပြေး
ဝေးနိုင်သမျှ ဝေးဝေးပြေး
ဝေးဝေးပြေးနိုင်သမျှ ဆုဖလားက
ငါတို့လက်ထဲမှာပဲ
ခွေးပြေးဝက်ပြေးလား
အရှင်ပြေး အသေပြေးလား
အပြင်ကမ္ဘာက အော်အော်ပြ
အဲသည့်ပါးစပ်တွေကိုယ်က
အပြေးသမားတွေလို ရှိုက်သံဟပ်
ခင်ဗျားတို့ အသည်းနှလုံးက
ပိုက်ဆံသက်သက်ပဲ ရှုရှိုက်တတ်သလား.......

နောက်တနေ့မှာ
ဒီဘဝကို ကွေ့ဖို့ အရေး
အမေ့ကို ကျွန်တော် ဖုန်းခေါ်မေးအုံးမယ်
သံသရာ မကြောက်သူတွေအဖို့
အံလေးနဲ့ ကြိတ်ဝါးလို့ရတယ်
အသံသေးလေးနဲ့ ကြိတ်ဖားလို့ရတယ်
ပြန်ပြေးဖို့တော့ မစဉ်းစားနဲ့
ဒီဘဝထဲမှာ အရှင်ထွက်မရှိ
အသေထွက်ပဲ ရှိတယ်.........

ချိတ်မှာမိတဲ့ ငါး
သူ့ကို အမှားဆိုမလား
အစာနဲ့ မျှားတဲ့ လူတွေကို အပြစ်ဆိုမလား
ငတ်လာတဲ့အခိုက်မတော့
ပင့်သက်ကို ရှိုက်ထုတ်
အဲဒါ သေမင်းရဲ့ ပြယုဂ်မှန်းသိလည်း
သူတို့ ဖမ်းဆွဲကြရတော့တာပဲ..........

မသေမရှင်ပဲ
အနမ်းတွေ ကြွေကြွေကျ
အလွမ်းတွေ မြေဝယ်ခတော့
အရင်ဘဝက သူရဲကောင်းတွေတောင်မှ
ခုတော့ ကြောက်ချင်ရောင်ဆောင်နေရော့ထင်တယ်
နှလုံးသား ဗလာ
ဦးနှောက် ဗလာနဲ့
စိန်တွေ ရွှေတွေ နောက်ကလိုက်
ငွေအတွက်မိုက်တဲ့သူတွေက
ဒီကမ္ဘာမှာ အထွဋ်အထိပ်တွေဖြစ်လို့
ဘယ်သူ တရားပျက်ပျက်
ကျွန်တော် တရားမပျက်ဘူးဆိုတဲ့ လက်အစုံ
ဘဝအခါးအသီးတွေနဲ့ ဆုံတဲ့အခါ
သိုးမည်းတွေဖြစ်သွား
သူတို့လည်း အံသွားလေးနဲ့ ကြိတ်ဝါးတတ်သွားတယ်.....

အစာငတ်တဲ့ ငါးအပြစ်လား
အစာတပ်ပြီးမျှားတဲ့ လူတွေအပြစ်လား......

ခင်ဗျား စကားကို ဆင်ခြင်ပါ
နှလုံးသားသန့်သန့်နဲ့
ရိုးသားမှုတွေဖွဲ့
ပညာရှိတွေပြည့်နေတဲ့ ခေတ်ဆိုတာ ကုန်ပြီ
ပညာတတ်တွေ ပေါချင်ပေါမယ်
ပညာမက်တွေ ပေါချင်ပေါမယ်
ဘွဲ့ဒီဂရီတွေ ရှည်ချင်ရှည်မယ်
ကမ္ဘာက အမှောင်ထုထဲ ကျနေဆဲ
လည်ပတ်နှုန်းတွေ နှေးလွန်းတော့
တနေ့ဟာ ၂၄နာရီ မဟုတ်တော့
လူတွေရဲ့ သွေးတွေ မြေခ
မျက်ရည်တွေ မြေကျ
ဒါဟာ ည ဆိုမှ ည စစ်စစ်ပဲ.............

နေဦး
(၂၀၁၀ မတ် ၅၊ မနက် ၉း၅၃)

Friday, March 04, 2011

လက်အစုံရဲ့ ကိတ်မုန့်ဖျက်အတိတ်

သွေးချင်းနီးဖို့ထင့်
ဒီအရက်တခွက်ကို
ကျွန်တော်တို့ တူတူသောက်ကြတယ်မေမေ
အဲဒီအထဲမှာ
ခါးသက်သက် အယ်ကိုဟော တပက်လည်း ပါတယ်
ညို့သက်သက် ဆား အပွင့် လက်တပွတ်လည်း ပါတယ်
အရည်ရွှဲရွှဲ သံပုရာတစိတ်လည်း ပါတယ်
မာန်တွေထနေတဲ့ သကြားတဇွန်းလည်း ပါတယ်....

ကျွန်တော်တို့ သွေးနီဖို့
ဒီအရက်ခွက်ကိုတူတူသောက်ခဲ့တုန်းက မေမေ
သစ္စာကိုပြိုင်တူဆိုဖို့ မေ့ကျန်ခဲ့တယ်
မေတ္တာအဆိပ်ကို တစက်လောက် ထည့်ဖို့မေ့ကျန်ခဲ့တယ်
အသည်းကျွမ်းကျွမ်း တဖတ်လောက်ကို အမြည်းလုပ်ဖို့မေ့ကျန်ခဲ့တယ်

မေမေ
ဒီအရက်တခွက်ကို တူတူသောက်ခဲ့တာ
ကျွန်တော်တို့ မှားတယ်တဲ့လား
လူတွေ အများရှေ့မှာပါ မေမေ
လက်ချင်းချိတ်ခဲ့ကြတယ်
ဘေးချင်းကပ်ထိုင်ခဲ့ကြတယ်
ရွှန်းရွှန်းစားစားကြည့်ခဲ့ကြတယ်
ပျော်ရွှင်မှုတွေကို ဓားတလက်နဲ့တူတူ ခွဲပစ်ခဲ့ကြတယ်

မေမေ
ဒီအရက်ခွက်ကို ကျွန်တော်တို့ နှစ်ယောက်
ကြည်ကြည်ဖြူဖြူသောက်ခဲ့ကြတပါ မေမေ
လက်ချင်းချိတ်ပြီး ရဲရဲတူတူသောက်ခဲ့ကြတာပါ မေမေ
မီးကို အမှောင်ချပြီး သောက်ခဲ့ကြတာ မေမေ
နှုတ်ခမ်းက နှစ်နှစ်ခြိုက်ခြိုက်နဲ့ ရှိုက်မက်ခဲ့ကြပါ မေမေ

မေမေ
ဟောဒီ ခွက်တခွက်ထဲက အရက်တွေ
ကျွန်တော်တို့ သွေးတွေထဲ ပျံ့သွားရုံနဲ့
သွေးချင်းနီးခဲ့ပါသလား မေမေ
သွေးချင်းနီးမနီးထက်
ကျွန်တော့်လက်မှာတော့ သွေးချင်းနီခဲ့တယ် မေမေ

မေမေ
အရက်တခွက်တူတူသောက်ရုံထက်
သား အချိုရည်ပေါ့ပေါ့လေးနဲ့ပဲ မယစ်မမူးနေချင်တယ် မေမေ
သားအတွက် ချိုချဉ်ငံခါး အရသာတွေ မများလည်းနေပါ မေမေ
သား ဟောဒီရိုးရိုးသားသားလေးနဲ့ လိမ္မော်ခွံလေးတွေထက်မှာပဲ မျောနေပါရစေ မေမေ

အဲဒီနေ့က မေမေ
သား ဟောဒီအရက်တခွက် သူနဲ့တူတူသောက်ဖြစ်ခဲ့တယ်
သူ ဆင့်ကာ ဆင့်ကာလည်း အရက်ခွက်တွေ သောက်ခဲ့တယ်တဲ့လေ
သား မသိခဲ့တာပါ မေမေ
လိုအပ်တာထက် အမူးလွန်တာ မှားတတ်မှန်း သား သတိမပေးခဲ့မိဘူး
လိုချင်စိတ်ထက် ဆန္ဒကိုချိုးနှိမ်တတ်မှ
အမှန်အစစ်ဆိုတာ သား သတိမပေးခဲ့မိဘူး

ခုတော့ မေမေ
သားလက်မှာ ဝိုင်အနီတွေ စွန်းပေနေတယ်
ဒါ ဖျက်လို့လည်း မရနိုင်တော့ဘူး
သားလက်ထဲမှာ အရက်ကို တပုလင်းလုံးစာ ကိုင်ထားတယ်မေမေ

မေမေ အဲဒီနေ့က
သားတို့ လက်ချင်းယှက်လို့
ဟောဒီတခွက်ထဲက အရက်ကိုပဲ
သွေးချင်းနီးဖို့ တူမျှ သောက်ခဲ့ကြတယ် မေမေ.........



နေဦး
(သြဂုတ် ၂၈ ၂၀၁၀)

("လမ်းကြား" ebook ကဗျာ စာအုပ်မှ)

Monday, February 21, 2011

ဈေးကွက်စီးပွားရေးစနစ်ဆိုသည်

-ရွှေဆိုင်-
ရွှေတစ်ကျပ်သားဝယ်ရင်
ဗလာမပါ ကံစမ်းမဲတွေပေးတယ်
ဆပ်ပြာမှုန့်ထုပ်တွေ……….

-အလှပြင်ဆိုင်-
တနင်္လာနေ့တိုင်း
ဆံပင်အလကားညှပ်ပေးတယ်
သင်ညှပ် ညှပ်ပေးမယ့်သူတွေ………

-ဖက်ရှင်ဆိုင်-
အင်္ကျီနှစ်ထည်ဝယ်ရင်
တစ်ထည် လက်ဆောင်ပေးတယ်
ရောင်းမထွက်တော့တဲ့ ဖက်ရှင်ဟောင့်း အကျန်တွေ……….

-အိမ်ထောင်ရေးပွဲစား-
တစ်ခါအပ်ပြီးရင်
၁၀နှစ်အာမခံ
အဆင်မပြေရင် ပြေတဲ့အထိ
ပြန်လဲပေးတယ်
???........

-မသာအလှပြင်-
တစ်လောင်းပြင်ရင် တစ်သောင်း
နှစ်လောင်းပြင်ရင် တစ်သောင်းခွဲနဲ့
Discount ပေးတယ်
?????.........

-အခေါင်းရောင်းဝယ်ရေး-
အခေါင်းတွေနော်
တစ်လုံးဝယ်ရင်
တစ်လုံး Free
????.........

Promotion ကြိုက်ကျသမို့
မင်္ဂလာဆောင်ဖို့အရေးအတွက်
ယောက်ျားမိန်းမတောင်
Discount ကျအောင် စောင့်နေသေးသူများ
ရှိနေကြသေးသတဲ့…….



နေဦး
(၂၀၁၀ ဖေဖော်ဝါရီ ၂၁၊ မနက် ၁၁း၂၅)

Saturday, February 12, 2011

တခန်းရပ် ပြဇာတ်

www.friendcircles.com
တချို့အတွက်ဆိုလျှင်တော့ ကြားတောင် ကြားဖူးမည် မဟုတ်သည့် website လေးတခုဖြစ်သည်။
ထိုနေရာလေးကပင် အရာရာက အစပျိုးစရာတွေဖြစ်လာခဲ့သလို ဘ၀တကွေ့က ပြဇာတ်တပုဒ်ကို ဖန်တီးပေးခဲ့သည်။
ဒီနေရာလေးကို ရောက်ဖြစ်အောင် ဖိတ်ခဲ့သည့် အဲသည့်အချိန်က ခင်ခဲ့သော ညီမလေး ၀တ်ရည်ဖူးကိုပင် ကျေးဇူးတင်ရမည်လား စိတ်ဆိုးရမည်လား မသိ။ ဘာပဲဖြစ်ဖြစ် တဆစ်ချိုးမှာ ပျော်ရွှင်မြူးထူးစေခဲ့တာကတော့ အမှန်ပင်ဖြစ်သည်။ အကယ်၍သာ ထို နေရာလေးသို့ မရောက်ဖူးခဲ့ပါလျှင်...............

၂၀၀၅ ..........
တနည်းအားဖြင့်ပြောရရင် ကျောင်းပြီး အလုပ်အကိုင်မရှိ ရုန်းကန်နေရသည့်ကာလ။ စင်ကာပူသို့ ပထမအကြိမ်ခြေလှမ်းချရန် ၁ပတ်အလို စက်တင်ဘာ ၁၈။ ကျွန်တော်ဘယ်လိုမှ မမေ့နိုင်ခဲ့။ ဒါပေမယ့် ဇာတ်ရံဖြစ်လာမယ်မှန်းလည်း ကျွန်တော့်ကိုယ် ကျွန်တော်မသိခဲ့။

၂၀၀၆............
ကျွန်တော့်မွေးနေ့မှာ ကြွက်ကလေးက ဆန်ကိုဘယ်လောက်ချစ်သလဲဆိုတဲ့ သီချင်းလေးက မွှေးပျံ့စေခဲ့။ လမ်းအစလား လမ်းအဆုံးလား မသိပေမယ့် ကျွန်တော်ဟာ အချစ်ကို တကြိမ်တခါပဲဖြစ်ဖြစ်တော့ မက်မောဘူးခဲ့သည်ဆိုလျှင်မမှား။ တည်ငြိမ်ခဲ့သည် ရှုပ်ထွေးမှုကင်းခဲ့သည် ပျော်ရွှင်ခဲ့သည် မျှော်လင့်ချက်တွေ ရှိခဲ့သည်။ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို နားမလည်ခဲ့တဲ့ နားလည်ပေးမှုတွေ၊ ဘယ်တုန်းကမှ ရှိမယ်မထင်ခဲ့တဲ့ စာနာမှုတွေ၊ ဘယ်တုန်းကမှ ကျလာလိမ့်မယ်မထင်ခဲ့တဲ့ မျက်ရည်တွေနဲ့ အတူ မသိခြင်းများစွာဖြင့် ဒီဇာတ်မှာ ဇာတ်ရံအဖြစ် ၀င်ကခဲ့သည်။ ပျော်နေခဲ့သည် မော်နေခဲ့သည် .....

၁......၂............၃..............
ပထမလှိုင်းလုံးက ၂၀၀၈ ဒီဇင်ဘာမှာ ၀ုန်းကနဲ ၀င်ဆောင့်မိသည်။ အစည်းပြေမသွားသေးသော်လည်း သနားကြည့် အထင်သေးအမြင် တို့၏မျက်လုံးများအောက် ကျွန်တော့်ဒေါက်တိုင်တို့ ယိုင်နဲ့နဲ့ ဖြစ်ခဲ့သည်။ လဲပါသည်ဆိုမှ အရှိုက်ကိုမှ ထပ်ခါ ထပ်ခါ ပင့်ထိုးချင်တတ်သူအတွက် ကျွန်တော်က ဇာတ်စင်နောက်က ဇာတ်ပို့တယောက်ထက်မပိုကြောင်း အထုအထောင်းမှန်သမျှ ကြိတ်ခံခဲ့ရသည်။

၎ ........၅.............၆.....................
ဒိုင်လူကြီးရဲ့ ရေတွက်သံ မဆုံးသေးခင်မှာပင် ကြိုးဝိုင်းက ပြောင်းသွားနှင့်ပြီ။ မျက်လုံးတွေကလည်း ပြာဝေနေလှပြီ။ ဘာကိုမှလည်း မသဲကွဲတော့ သို့ပေမယ့် ထောင်းချက်ထုချက်တွေ ဆက်ဆက်ကျလာပြန်တော့ စည်းဝိုင်းအပြင်ကို လက်လှမ်းဖို့ ကြိုးစားခဲ့မိခြင်းကပင် အမှားတခုဖြစ်ခဲ့ရပြန်သည်။ေ၀၀ါးနေတဲ့အမြင်ရဲ့ အောက် အပြစ်တွေကို ဖောက်ကနဲ ဖောက်ကနဲ သောက်ခဲ့မိခြင်းက ယုံကြည်မှုကင်းမဲ့ခံရခြင်းတဲ့။
ဒိုင်မရှိတဲ့ စည်းဝိုင်းအတွင်းမှာ ထိုးချက် ကန်ချက်တွေနဲ့ သာ လူးလှိမ့်နေရဆဲ။

ပြိုလုတော့မယ့် ဆဲဆဲမှာ လက်တကမ်းက ထပ်လှမ်းသည်။ ထူပေးခြင်းနှင့်အတူ အသံတွေဆူဆူလာသည်။ အထုအထောင်းခံနေရသူအတွက် အရိပ်စစ်ကမ်းလှမ်းမှုလို့ ထင်မှတ်မှုက မျက်ရည်တွေကို တဒင်္ဂတိတ်သွားစေပေမယ့် လက်နက်ပုန်းတွေက ရင်ကို ပစ်မှန်နေဆဲ။ ဇာတ်ပို့လေးသာမို့ အပြစ်လည်းဆိုခွင့်မရ စကားလည်းပြောခွင့်မရှိ ပျင်းလျှင်ခေါ် လိုရင်ခိုင်းဆိုသည့် အနေထက် စုတ်ဖွားလေးတကောင်လို ပလူးမြူးပျော်နေခဲ့။

ဘယ်တော့ ခေါင်းဆောင်ဖြစ်မလဲ ဘယ်တော့ ခေါင်းဆောင်ဖြစ်မလဲနဲ့ ဇာတ်သာ ၂ခါပြောင်းသွားတယ်။ ကြားမလပ်တဲ့ ဇာတ် နှစ်ဇာတ်ကြား ဇာတ်ပို့က ဇာတ်ပို့အဖြစ်နဲ့ ဇာတ်ခေါင်းကွဲ။

၇....၈.............၉.............
လောကကြီးရဲ့ အသံက နံပါတ်စေ့လုလုမှာတော့ ဗလောင်ဆူလွန်းတဲ့ရင်၊ အမှောင်ထူလွန်းတဲ့ အမြင်အတွက် အလင်းတပွင့်ပဲရပါစေ ဆိုတဲ့ ဆန္ဒနဲ့ ရှုံးမှန်းသိရက် ခေါင်းလောင်းကိုဆွဲလှုပ်ပစ်လိုက်တယ်။ လာမယ့်ဘေးကို ပြေးတွေ့ပေမယ့် ဘေးအစား ဆေးကိုမျှော်နေဆဲ ဒါပေမယ့် အပယ်ခံက အပယ်ခံအနေနဲ့ ဆုံးဖြတ်ချက်ကြတယ်။ ဘုရားပြီးရင် ငြမ်းဖက်ကြရစမြဲ.........
ဘယ်ဇာတ်မှာပဲ ၀င်ကက နောက်ကွယ်မှာပဲ ချောင်ထိုးခံခဲ့ရတဲ့ဘ၀ကို စကားအလှတွေ အဆန်းပြပြီး အကယ်ဒမီပေးလည်း နောက်ဆုံးတော့ ဇော်လင်းက ဇော်လင်းပဲ ဂူထဲရောက်မှ ဘယ်လောက်တော်ကြောင်း ရွတ်ပြတယ်။

၂၀၁၁ ဗယ်လင်တိုင်းဆိုတာ ၂ရက်သာ လိုတော့ချိန်အဝေး စားပွဲပေါ်က ချောကလက်လေးရယ်၊ စိတ်ကူးထဲက အိပ်မက်လေးရယ်က ကိုယ့်ကို မျက်နှာငယ်လေးတွေနဲ့ ပြန်ငုံ့ကြည့်တယ်။ ၅နှစ်တာကာလအတွက် ကျေးဇူးပါ ပန်းလေးရေ............

နေဦး
(၂၀၁၀ ဖေဖော်ဝါရီ ၁၂၊ မနက် ၅း၃၁)

Friday, February 11, 2011

အမြင်ကပ်ခြင်း ပုဒ်မ

ကဲပါ
ဒီစကားကပဲ ပြန်ကောက်ကြရအောင်
အတူအိပ်ဖို့ဆန္ဒရှိရုံနဲ့တော့
အချစ်အချစ်လို့ ခေါင်းစဉ်မတတ်ပါနဲ့
ခင်ဗျားတို့ကြောင့်
တကယ်ချစ်တတ်သူတွေက ရှက်တယ်......

၂၄နာရီ ဈေးတန်းမှာ
အလှပြင်ပြီးရောင်းနေကြတဲ့ ဈေးသမတွေ ဈေးသထီးတွေလိုပဲ
ဈေးပေါပေါနဲ့ ရကြမယ်ဆို
အချစ်ဆိုတာကို
ဘယ်သူမှ ရေးကြီးခွင်ကျယ်ဖွဲ့ဆိုကြမယ် မထင်ဘူး........

ဒါပေမယ့် တခါတခါတော့
ခေါင်းစဉ်တွေတပ် အရှက်တွေလုံပြီး
ကွယ်ရာမှာမှ ကြုံသလို ကစ်တတ်ကြတဲ့ လူမျိုးတွေ အစားတော့
ရိုးရိုးသားသား လုပ်စားရတဲ့
အဲသည့် ဈေးသမလေးတွေကို အထင်ကြီးတယ်.......

ကောင်မလေးတွေ စကပ်တိုတိုဝတ်ပြီး
ဒုတ်ထိုးဆိုင်လို ခုံပုပုမှာ ထိုင်တဲ့ကိစ္စလား
အော်......
ဒါနားလည်ရင် ပြေလည်သွားမှာပါ
အဲဒါ လာဘ်ခေါ်တာ ခေါ်တယ်
လာဘ်ခေါ်ကြောင်တွေ အလုပ်မဖြစ်မှတော့
ချိုင်စားစား
ပိုင်းစားစား
ဘယ်လိုစားစား
လာဘ်လာဘများဖို့က အရေးကြီးတယ်
ရှက်တတ်ရင် ငတ်မယ့်အတူမှတော့
လာဘ်ခေါ်ဖို့အရေး
အမေအဖေကတောင် ကူကူရွေးပေးတတ်သေးသကို..........

ခေတ်ကိုက အဲသလိုပဲ
ငွေမြင်ရင် လင်လုပ်မည်
ရသမျှ အကုန်ချိုင်ဖို့
မရှက်တမ်း မကြောက်တမ်း
ယောက်ျားတွေက မိန်းမဖမ်းသလို
မိန်းမတွေက လင်ဖမ်းတယ်
နတ်လူသာဓု ခေါ်စေသော်ဝ်..........

နေဦး
(၂၀၁၀ ဖေဖော်ဝါရီ ၁၁၊ နေ့လည် ၁၂း၀၃)

Thursday, February 10, 2011

ချစ်မိသူ နှင့် အချစ်သိသူ

ချစ်မိသူ။    ။

အချစ်စူး စူးမှတော့
အချစ်ရူးလို့ ဆိုမလား
ရူးသည်ဆိုလည်း ဆိုပါစေ
မူးသည်ဆိုလည်း ဆိုပါစေ ချစ်သူ
ငါကိုယ်က အချစ်မှာရူး
အချစ်အဆိပ်နဲ့ မူးနေခဲ့တာပါ
ရာဇ၀င်တွေထဲကလို
လက်မောင်းသွေးဖောက်မတိုက်ခဲ့ရဖူးပါဘူး
ဒါပေမယ့် ငါ့လက်မောင်းသွေးတွေ
မင်းအတွက် စီးဆင်းခဲ့ဖူးတယ် ချစ်သူ.......
အချစ်ဆိုတာ တကယ်တော့
အရိပ်လို နောက်က လိုက်နေပြီး
အဆိပ်လို မူးမေ့ သေဆုံးသွားအောင် လုပ်နိုင်တဲ့အရာပါ.........


အချစ်သိသူ။     ။

အချစ်ရူးဆိုတာ
အချစ်ကြောင့် ရူးတာပဲ မလား
လူတယောက်ကြောင့် ရူးတာမှ မဟုတ်တာ....
အချစ်ဆိပ်ဆိုတာ
လူကို တမြေ့မြေ့သတ်ပစ်တတ်တာမျိုးမလား
ဒါပေမယ့် အဆိပ်နဲ့ အဆိပ်ကိုဖြေ
ပြေသွားကြမှာပဲမို့ဟာ.....
သွေးမြေကျမှ ရမယ်ဆို
လွတ်လပ်ရေးနေ့မှာတောင်
သေဆုံးသူတွေအတွက် ငါငိုခဲ့ဘူးတယ်.........
သွေးမြေကျရတယ်ဆိုတာ
ကြမ်းတမ်းမှုပါ ချစ်မိသူ.......
အဆိပ်ကို အဆိပ်နဲ့ ဖြေကြစတမ်း
ငါတို့ ၀ိုးတ၀ါးစမ်းလျှောက်ကြတဲ့ လမ်းမှာ
သွေးစက်တွေ မြေမခပါနဲ့
အချစ်ဆိုတာ ပေးပါ ယူပါ သနားကြပါမျိုးမဟုတ်ဘူး......
ငါ့အတတ်နဲ့ ငါစူးလည်း စူးပါ့စေ
မီးအိမ်မပါလည်း ငါ့လမ်းငါထူရမှာပဲလေ........


နေဦး
(၂၀၁၀ ဖေဖော်ဝါရီ ၁၀၊ ညနေ ၄း၅၀)

(မြင်မိတွေ့မိသော အဖြစ်အပျက်တခုကို ပြန်လည်ရေးဖွဲ့ခြင်းဖြစ်ပါသည်)

Tuesday, February 08, 2011

အမှောင်စိုးချိန်

ညလည်း မဟုတ်ပါဘဲ
အလင်းတွေက မှောင်လို့
ကြယ်လည်းမတွေ့
လ လည်း မတွေ့
နေကရော ဘယ်ကိုများ ရွေ့သွားသလဲ.....

တိုးတိုက်မိခဲ့တဲ့ နာရီကို
အရေပြားခွံချွတ်ကြည့်တော့
လက်တံနှစ်ခုက မသမာမှုတွေကို
တစ် တောက် တစ် တောက် ဆိုတဲ့ အသံနဲ့
ရွှေ့ရွှေ့ပေးနေဆဲ.......

ရှစ်သိန်းတန်များက ဘာအတွက်လဲ
လမ်းလျှောက်ဖို့လား
လမ်းပျောက်ဖို့လား
အလင်းဖောက်ဖို့လား
အလင်းပျောက်ဖို့လား
အသွေးနဲ့အသားနဲ့မို့
အူမစောင့်မှ သီလတောင့်တဲ့ ကဗျာ
လူတွေကတောင် သြချယူရတယ်တဲ့လား.......

အများအကျိုးအတွက်
ကိုယ်ကျိုးကို စွန့်ကြသလို
တချို့ကျတော့လည်း
သူတို့အကျိုးအတွက်
အများကို စွန့်တယ်
ဘယ်ဘက်က ချိန်ခွင်သာသလဲ
"ကြည့်စမ်း ရတဲ့နေရာက အမိုက်နော်
သူကိုယ်က ညံ့လို့
ခုထိ စီးပွားမဖြစ်တာ" ဆိုတဲ့
လူ့မလိုင် ပတ်ဝန်းကျင်ကြားမှာ
အဖြေဟာ လွယ်ကူလွန်း ရှင်းလင်းလွန်းနေသလားပဲ.......

ရိုးသားမှုဆိုတာ ....ဘာလဲ။
ခြစားမှုဆိုတာ ......ဘာလဲ။
တရားဆိုတာ .......ဘာလဲ။
အဓမ္မဆိုတာ ........ဘာလဲ။
ထထပြီး ဟစ်တတ်တဲ့ သူတွေကိုယ်တိုင်က
မှန်ထဲမှာ ကိုယ့်ရုပ်ထက်ပိုပြီး
စိတ်ကို ပြန်မကြည့်ခဲ့လေတော့.........

ခု ကျွန်တော်လည်း
ကိုယ်အကျိုးသက်သက်အတွက်ပဲ
အလုပ်တွေကို လုပ်နေဆဲ.......

သူငယ်ချင်း မိတ်ဆွေ အားလုံးပဲ
ငရဲပြည်မှာ ထပ်တွေ့ကြမယ်.....


နေဦး
(၂၀၁၀ ဖေဖော်ဝါရီ ၈၊ မနက် ၁၀း၅၃)

Thursday, January 27, 2011

အရိုင်းအစိုင်း

ရွံ့ရှာ ထင်သေး
မင်းတို့တွေးလည်း
အညှီအဟောက်
အရွှန်းဖောက်သည်
ရိုင်းသည်ဆိုလည်း
ထင်ပေရော့......

ရုန့်ရင်းကြမ်းတမ်း
မိုက်ရမ်းရမ်းလျက်
ယမကာ မလစ်
ငါ့အဖြစ်သည်
လူအရိုင်းစစ်စစ်ဖြစ်ချေမည်......

ဘုရား တရား ဦးထိပ်ထားလျက်
ယဉ်ကျေး နှုတ်ချို
သင်တို့ဆိုကာ
ဝတ်စား လုံခြုံ
သင်တို့ပုံကား
လေးစားလောက်ဖွယ်
လွန်တင့်တယ်၏..........

အားလုံး ထိုထို မဆိုသော်လည်း
ငါသိသမျှ
မြင်သမျှကား
ဘုရားဘုရား ပါးစပ်ဖျားလည်း
တရား လက်လွတ်နေချေပြီ
ကုသိုလ်အလှု လွန်ပြုသူလည်း
အကျိုးအတွက် ရည်ရွယ်ပြီ
အပေးအကမ်း လွယ်လွယ်လှမ်းလည်း
ပြန်ရချက်ကို ခင်တွယ်သည်........

တရားကိုမရှာ
တရားသာနာလျက်
စိတ်ပုတီးကိုကိုင်
ဒေါသစိုင်ခဲ အမျက်သဲလျက်.........

ရိုင်းချင်ရိုင်းပစေ
မယုတ်မာပေးဘူး
စိုင်းချင်သလို စိုင်းပစေ
ဒုက္ခပင်လယ်မဝေစေဘူး
ရိုင်းချင်သလိုရိုင်း
စိုင်းချင်သလိုစိုင်းလည်း
ကတိမြဲမြံ
တရားမှန်လျက်
အမွဲဘဝ
ကျေနပ်ရပြီ
အရေခြုံသော ၀ံပုလွေသည် ဘယ်သူနည်း..........


နေဦး
(၂၀၁၀ ဇန္န၀ါရီ ၂၇၊ ညနေ ၅း၄၃)

Friday, January 07, 2011

Ada ဟု သူမကို ကျွန်တော်ခေါ်တတ်သည်

Ada ..... Ada ..... Ada
တမ်းတခြင်း စွဲလမ်းခြင်း ချစ်ခြင်း အကြောင်းအမျိုးမျိုးကို ခေါင်းစဉ်တပ်ခဲ့သည့် ကျွန်တော်က သူမကို ခေါ်တတ်သည့် နာမည်ဖြစ်သည်။

အရာရာက ညင်သာလွန်းလှသည် နောက် ခွဲခြားဖို့ရန် ခက်လွန်းလှသည်။ မျက်လုံးများက ရီဝေတိမ်ဝါးနေရင်း အဖြူနှင့်အမဲကို ကျွန်တော်မကွဲ။ အရောင်တွေက နီးကပ်လွန်းလှသလို ကျွန်တော့်အမြင်ကလည်း မစူးရှလွန်းတာပါသည်။ ရုပ်ပုံကားချပ်တို့သည် ၀ိုးတိုးဝါးတား။ တခါတခါ အားပြတ်နေသူတယောက်လို၊ အမူးလွန်နေသူတယောက်လို ပုံရိပ်တွေက လူးလားဆန်ခတ်နေသည်။ စကားတွေ အရမ်းများလာသလားတော့ ကျွန်တော်မသိ။ သိတာတော့ တခုရှိသည် ကျွန်တော် ကောင်းကောင်းမသိချင်တော့။

ကျွန်တော် အိပ်မက်ထဲမှာလား ဒါ အိပ်မက်လားဆိုတာလည်း ကျွန်တော်မသိ။ နိုးတ၀က် အိပ်တ၀က်နှင့် မျက်လုံးများက အရောင်စူးရှရှတွေကိုပဲ မြင်သည်။ အသိတွေက လူးလွန့်လှလွန်းသည်။ မပြည့်လို့ပဲ ဘောင်ဘင်ခတ်တာလား သိခြင်း တပိုင်းတစကပဲ နာကျင်စေရက်တာလား။ အိပ်မက်များလိုပင် ဘယ်က စသည်ကိုလည်း ကျွန်တော်မသိခဲ့သလို။ ဘယ်အချိန်တုန်းက ဒီနေရာကို ရောက်နေသည်ကိုလည်း ကျွန်တော်မသိတော့။ ကျွန်တော့်အတွေးများနဲ့ ထပ်တူ ကျွန်တော်ကိုယ်တိုင်ကလည်း လူးလားဆန်ခတ်နေသည်။ ကိုယ်ရပ်တည်နေရာသည် ဘယ်မှာလဲ။

လူအများလိုပဲ ကျွန်တော်လည်း ငါ ဘာလဲ ငါ ဘယ်နေရာမှာလည်း မသိ။ ဒီဇာတ်မှာ မင်းသားလား လူကြမ်းလား ဒါရိုက်တာလား ကားဆွဲလား ဒါလည်း ကျွန်တော်မသိ။ သွားစရာရှိတာ သွားပြီး စားစရာရှိတာ စားရင်း ကျွန်တော်အသက်ဆက်ရှင်နေခြင်းသာဖြစ်သည်။ ကံကောင်းတာကတော့ အလှမွေးခွေးကလေးများလို လမ်းလျှောက်မပေးရင် ခြေမသန်တာတွေ မဖြစ်လွယ်။ ကျွန်တော် သိသလောက်တွေကို ထပ်သိဖို့ကြိုးစားရင်း ထပ်မသိဖို့ ကြိုးစားရင်း အခါခါ အိပ်မောကြပစ်သည်။ တော်ရုံတန်ရုံနဲ့ ခြေသိမ်သွားမှာမှ မဟုတ်တော့လည်း အိပ်ခြင်းကပဲ ထပ်တူကြလာသလိုလို။

ဘာတွေ လိုအပ်မှန်းမသိသလို ဘာတွေတောင်းဆိုမှန်းနားမလည်မှတော့ ကျွန်တော်လုပ်နိုင်သည်က Ada ပြောသမျှကို သိသိမသိသိ လက်ခံလိုက်ဖို့သာဖြစ်သည်။ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်လားတော့ မသိပဲ သဲတိုင်အောင် ငုပ်ဖို့ ကြိုးစားရင်း ထိပ်ဆုံးရောက်အောင် တက်ဖို့ကြိုးစားရင်းမှာပဲ Ada ပြောပြောပြတတ်တဲ့ လိုအင်တွေက ရွေ့ရွေ့သွားသည်။ ငုပ်မိသဲမတိုင်သော်လည်း ရောက်လုမတတ်ဖြစ်ဘူးတယ်ဆိုရုံနဲ့ စကားအလှခင်းတတ်မှ၊ ကြွားလုံးတွေထုတ်ထုတ်ပြီး အများကို ကိုယ့်စွမ်းဆောင်ရည်တွေ ပြတတ်မှ အလုပ်ဖြစ်မယ်ဆိုတာ အများလို မသိခြင်းကပဲ ကျွန်တော့်မှာ သောကဖြစ်နေပြီ။ အိပ်မက်ကလည်း မနိုးထသေး....

ဝိုးတ၀ါးပုံရိပ်တွေကို ပဟေဠိဆက်သလို ဆက်ရင်း အရာရာကသာ ပိုလို့ ၀ိုးတ၀ါးနိုင်လာသည်။ နောက်ပြန်လှည့်ကြည့်ဖို့ ကြိုးစားတော့လည်း အရာရာသည် မပီပြင်တော့ ကိုယ့်ကိုယ်ကိုယ်ပင် မပီပြင်ချင်တော့။ ကျွန်တော်မသိသော Ada ကို ကျွန်တော်အိပ်မက်ထဲမှာ ပြန်ရှာစရာမလိုအောင် တွေ့တွေ့နေခြင်းကို ကျွန်တော်မနှစ်သက်။ ဒါပေမယ့် သူမနဲ့ တွေ့ဖို့ အိပ်မက်ထဲ ခဏခဏ ကျွန်တော် ၀င်လှဲတတ်သည်။

သူမ၏အသက်မပါသော လေရှုသံသဲ့သဲ့ကိုပင် ကျွန်တော်ကြားနေရသည် တိုးကပ်လွန်းသလားတော့ မသိ။ အေးစက်စက်တော့ နိုင်လွန်းလှသည်။ သူမတခါတရံပြောပြတတ်တာကတော့ ရင်ထဲမှာ မီးမြိုက်ထားသလို ပူလောင်လွန်းသည်တဲ့။ အကွေ့တွေများလွန်းသော လမ်းမှာ လမ်းသွယ်တိုင်းကို လျှောက်ကြည့်ဖို့ ကြိုးစားတဲ့ အေးစက်စက်သူမကို ကျွန်တော်ကတော့ Ada ဟုသာ ခေါ်သည်။ အိပ်မက်များက မပီပြင် ၀ိုးတ၀ါး ခုထိတော့ အဖြူလား အမဲလားလည်း ကျွန်တော်မသိသေး၊ အိပ်မက်လား လက်တွေ့လားလည်း ကျွန်တော်မသိသေး၊ အိပ်မက်မက်ရင်း နိုးနေသလိုလို ရင်တွင်းမှာ ပူလောင်တတ်သည့် သူမက ကျွန်တော့်အတွက်တော့ အေးစက်စက်ခံစားမှုကို ပေးနေဆဲဖြစ်သည်။ သူမကို မတွေ့ချင်ပေမယ့် အိပ်မက်ထဲမှာ ပြန်ရှာဖို့ ကျွန်တော် တရေးအိပ်စက်ကြည့်ဦးမည်..............

(Bulgarian စကား အရ Ada ဆိုသည်မှာ ငရဲကို ဆိုလိုခြင်းဖြစ်ပါသည်)

နေဦး
(၂၀၁၀ ဇန္န၀ါရီ ၇)

Tuesday, January 04, 2011

အသားကျနေတဲ့ နေ့

ကျော်လွန်ခဲ့ပြီလေ
ခရစ္စမတ်ရယ်
သိုးဆောင်း နှစ်သစ်ကူးရယ်
နှင်းတွေ ဖြူဖြူ မကျလည်း
ငါတို့ ဂွမ်းစ ဖြူဖြူတွေနဲ့ အသားကျနေသလိုပါပဲ
မဟုတ်မှန်းသိလည်း
အကျေနပ်ကြီး ကျေနပ်နေတာမျိုးမလား
ဖိုးတွမ်တီးဆိုတာ
ဖုံးဖုံးကွယ်ကွယ် မြင်ကောင်းတော့လည်း
လူကျေနပ်စရာကြီးလေ.......

ဒီနေ့ဆို ဇန်န၀ါရီ ၄ရက်မို့
ငါတို့ တိုင်းပြည် မွေးရက်ရောက်ပြီပေါ့
ငါတို့ ၄း၂၀ နဲ့ လွတ်လပ်ခဲ့
အကျေနပ်ကြီး ကျေနပ်နေသူတွေကလည်း
စည်းစိမ်တွေမူးလို့
မကျေနပ်ခြင်းများစွာနဲ့ မကျေနပ်သူတွေကလည်း
ဒေါသတွေ တရှုးရှုးနဲ့ပေါ့
ငုတ်တုတ်ထိုင်နေရင်း
ကျွန်တော်လည်း ကယ်တင်ရှင် မင်းလောင်းမျှော်ဆဲ
အစားလည်း မပျက်
အအိပ်လည်း မပျက်
ပါးစပ်ကတော့ ဂါထာတွေ ထထရွတ်တတ်တယ်
ဖိုးတွမ်တီးနဲ့ အသားကျနေဆဲပဲ.......


နေဦး
(၂၀၁၁ ဇန္န၀ါရီ ၄၊ ညနေ ၆နာရီ)