Wednesday, June 29, 2011

သားရဲ့ ကဗျာ

ကြယ်တွေရဲ့ ဖန်စားမှုမခံ
တိမ်ယံကြားတိုးတိုက်
အမေရေ
သားတို့ မမိုက်မဲကြပါဘူးဗျာ...

အသက်ဆက်ရှင်သန်
လူဖန်ခပ်ထွားထွား
အမေ့သားအတွက်
အစားအသောက်၊

မမြင့်ရင်နေပါစေ
မနိမ့်ကျခဲ့တဲ့နှလုံးသားနဲ့
ပညာမတောက်တခေါက်၊

မကျင့်ရင်နေပါစေ
ရင်ထက်မှာကိန်းအောင်း
ဗုဒ္ဓရဲ့တရားကောင်းများကို
သင်ယူခဲ့ရတဲ့၊

အမေ့သားတယောက်အတွက်
မငတ်အောင်
မညံ့အောင်
မယုတ်မာအောင် ပံ့ပိုး
သားတို့ အမျိုးတွေရှိတဲ့
ဗမာပြည်ကို သားတို့လွမ်းကြတယ်အမေ.........

အညံ့မခံချင်တဲ့စိတ်
အငတ်မခံချင်တဲ့စိတ်
ပညာသက်ဆက်ချင်တဲ့စိတ်နဲ့
ခြေစုံကန်ထွက်
သားနဲ့အမေ
ခုတော့ မိုင်ထောင်သောင်းချီဝေးကြသတဲ့လေ.....

အထင်သေးသေးနဲ့
မျက်လုံးမှေးကြည့်တတ်တဲ့
သူတို့တိုင်းတပါးတွေဆီမှာ
သားပျော်နေတယ်လို့ထင်လား
အမေရယ်......

တနေ့နေ့
အမေ့ရင်ခွင်ချိုမြ
သေနတ်သံတွေဝေးပသွားခဲ့ရင်
အမေ့ရင်ခွင်ချိုအေး
တရားသောမင်းများအုပ်စိုးခဲ့ရင်
သားနဲ့ အမေ
အမေနဲ့ သား
ဘယ်သူက ကိုယ့်အမျိုးကို ဖယ်ကြဉ်ချင်ပါ့မလဲအမေရယ်......

ကြောက်တယ်ပဲပြောပြော
ပြေးတယ်ပဲဆိုဆို
သားတယောက်
ဟိုးအဝေးကပဲ
အမေ့ရင်ခွင် အေးမြရင်ကိုလွမ်း
တနေ့တနေ့
အိမ်ပြန်ရက်တွေပိုနီးလာဖို့
တမ်းတဆဲပဲ အမေရယ်..............

နေဦး
(၂၀၁၁ ဇွန် ၀၄၊ နေ့လည် ၄း၃၂)