Wednesday, December 29, 2010

အိပ်မက် - ၁၁ (Dream 11 by Naguib Mahfouz)

နိုင်းမြစ် ကမ်းခြေ စွန်ပလွံပင်တွေရဲ့ အရိပ်အောက်မှာ အရပ်မြင့်မြင့် ပြည့်ပြည့်ဖြိုးဖြိုး ခန္ဓာကိုယ်နဲ့ အမျိုးသမီးတယောက်က ရင်ကို ဖွင့်လို့ လဲလျောင်းနေတယ်။ အဲဒီအချိန်မှာပဲ မရေမတွက်နိုင်အောင် များပြားလှတဲ့ ကလေးတွေက သူမဆီကို တွားသွားနေကြတယ်။ နောက် ကလေးတွေက သူမရဲ့         ရင်တ၀ိုက်မှာ ၀ိုင်းအုံနေကြပြီး အငမ်းမရ လောဘကြီးမှုမျိုးနဲ့ သူမရဲ့ ရင်အစုံကနေ နို့ရည်တွေကို စုပ်ယူ နေကြတယ်။ အဖွဲ့တဖွဲ့ က ကျေနပ်လောက်အောင် နို့ရည်တွေ သောက်ယူလို့ ပြီးသွားပြီဆိုလိုက်တိုင်း နောက်အဖွဲ့တဖွဲ့က အနားကပ်လာနေကြတယ်။

အဖြစ်အပျက်တခုလုံးက ထိန်းချုပ်မရတော့တဲ့ အနေအထားတခုထိအောက်ဖြစ်နေပြီး အမိန့်အာဏာ စနစ်အားလုံးကလည်း အသုံးမ၀င်တော့သလိုပဲ။ ကျွန်တော့်အမြင်အရတော့ တစုံတယောက်က လူတွေကို ဂရုစိုက်မိအောင် လုပ်သင့်ပြီး အကူအညီတောင်းသင့်တယ်လို့ ထင်တာပဲ။ ဒါပေမယ့် လူတွေအားလုံး နိုင်းမြစ်ကမ်းခြေတလျှောက်မှာ အိပ်ပျော်နေကြဆဲ။ ကျွန်တော် အော်ဟစ်လိုက်ဖို့ ကြိုးစားပေမယ့် ပါးစပ်ထဲက ဘာအသံမှ ထွက်မလာဘူး။ ကျွန်တော့်ရဲ့ ရင်ကတော့ ၀မ်းနည်းမှုတွေနဲ့ တင်းကျပ်ပြည့်သိပ်နေလေရဲ့။

အမျိုးသမီးရဲ့ ကလေးတွေအတွက်တော့ သူတို့ဟာ အဲဒီအမျိုးသမီးအတွက် အရိုးပေါ်အရေဖုံးရုံ အနေအထားထက် ဘာကိုမှ ချန်မထားပစ်ခဲ့ကြဘူးလေ။ သူမဆီက နို့ရည်ကို ထပ်မရနိုင်တော့ဘူးလို့ သိတဲ့အခါ သူတို့ရဲ့ သွားတွေနဲ့ သူမကို အရိုးသက်သက်ကျန်သည်အထိ အသားတွေကို ကိုက်ဖျက်ပစ်ကြတယ်။  အော်ဟစ်ပစ်လိုက်ဖို့ကတော့ ကျွန်တော့်ရဲ့ တာဝန်တရပ်အနေနဲ့ မှတ်ယူပေမယ့် ဘာအသံမှတော့ ထွက်မလာခဲ့ဘူး။ ကလေးတွေက နို့နဲ့ အသားတွေ ရှာပုံတော်ဖွင့်ရတာကို စွန့်လွှတ်လိုက်တာနဲ့ တပြိုင်နက် အချင်းချင်း တိုက်ခိုက်နေကြတဲ့ ကြမ်းတမ်းလှတဲ့ စစ်ပွဲတခု ဖြစ်လာတော့တယ်။ သူတို့ရဲ့ ခန္ဓာတွေကို ဖျက်ဆီးခံနေရသလိုပဲ သူတို့ရဲ့ သွေးတွေကလည်း စီးဆင်းနေလို့ပေါ့။

သူတို့ထဲက တချို့ ကျွန်တော့်ကို မြင်သွားကြတယ် နောက် ကျွန်တော့်ဆီကို လှမ်းလာနေကြတယ်။ တွေးစလို့ မရလောက်အောင်ကို ဆိုးရွားလှတဲ့ ရက်စက်မှုတွေကို ပေးဖို့ ကျွန်တော့်ဆီကို လှမ်းလာနေကြတယ်လေ.........

နေဦး
(၂၀၁၀ ဒီဇင်ဘာ ၂၉)

(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်၏ အိပ်မက်များပေါင်းချုပ်မှ အိပ်မက် ၁၁ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်)

Wednesday, December 22, 2010

ကမ်းပါးမှာမှ ပေါက်ချင်တဲ့ သစ်ပင်

ကမ်းပါးမှာပဲ ပေါက်ချင်ခဲ့တဲ့ သစ်ပင်မို့
အမြစ်တွေ နှင်ထွက်
ရေစီးနဲ့ မျောချင်ရက်တယ်ဆိုလည်း
ဘယ်တတ်နိုင်ပါ့မလဲ.......

တည်တည်တံ့တံ့နဲ့
ရှင်သန်နိုင်တဲ့ ကမ်းတခုရှိပေမယ့်
သူ့အမြစ်တွေကိုက
ဟိုကမ်းကပ်ချင် ဒီကမ်းကပ်ချင်ဆိုမှတော့
ခုတ်ထွင်မရှင်းပါဘူး
သူ့ဟာသူ ရေစီးအလျဉ်နဲ့
မျောလိုက မျောစေပေါ့.......

တြိဂံတွေထက် စာရင်တော့
အပေါ်မရောက်ရင်နေ
ကျွန်တော်ကတော့ လမ်းဖြောင့်ဖြောင့်ပဲ လျှောက်တယ်........


နေဦး
(၂၂ နိုဝင်ဘာ ၂၀၁၀၊ ညနေ ၅း၂၃)

Friday, December 17, 2010

အိပ်မက် - ၁၃၉ (Dream 139 by Naguib Mahfouz)

အရမ်းကို နာမည်ကြီးနေတဲ့ ပြပွဲတခု....
နာမည်ကြီးရခြင်း အကြောင်းအရင်းက များများစားစားမဟုတ်ဘဲ တချပ်တည်းသော ပန်းချီကားကြောင့်ဖြစ်သည်။ ထိုပန်းချီကား၏ ထူးခြားချက်က ကြည့်သူက ချဉ်းကပ်လာတာနဲ့ အမျှ ပုံက ပြောင်းလဲသွားခြင်းဖြစ်သည်။

ပထမ ကျွန်တော်မြင်လိုက်တာက ခမ်းနားကြီးကျယ်လှတဲ့ တောအုပ်တခုဖြစ်သည်။ ဒါပေမယ့် ကျွန်တော် ရှေ့ကို တလှမ်းတိုးလိုက်တာနှင့် မြင်ကွင်းက ပြောင်းသွားသည်။ တောအုပ်က ပျောက်သွားပြီ ထိုနေရာမှာ သိသိသာသာကိုပဲ ဆွဲဆောင်မှုရှိတဲ့ မိန်းမတယောက် ရဲ့ ၀တ်လစ်စလစ်ပုံက ရောက်လာသည်။

နောက်တလှမ်းရှေ့ဆက်တိုးလိုက်တယ်ဆိုရင်ပဲ ထိုအမျိုးသမီးသည် မရှိတော့။ အမျိုးသမီးအစား မြင်လိုက်ရသည်က ကျောက်တုံးက စလို့ ခုခေတ်နောက်ဆုံးပေါ်လက်နက်တွေထိအောင် လက်နက်ပေါင်းစုံကို ဆွဲကိုင်ထားတဲ့ ဒေါသမောဟတွေ ဖုံးလွှမ်းနေတဲ့ စစ်ပွဲ တခုဖြစ်နေပြီ.......

နေဦး
(၂၀၁၀ ဒီဇင်ဘာ ၁၇)


(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်ရဲ့ အိပ်မက်များပေါင်းချုပ်ထဲမှာ အိပ်မက် ၁၃၉ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်)

Thursday, December 02, 2010

ကျရှုံးခြင်းများနဲ့ ကိုယ်

ရိုးသားမှုတွေ
ငယ်စဉ်ကတည်းက
ပြုစုပျိုးထောင်လာခဲ့ရာက
အရွယ်ရောက်မှုနဲ့အတူ
အပျိုရည်ပျက်သွား
ခင်ဗျားတို့ နားခါးကြသလားဗျာ....

အလင်းတွေ တောက်ပြရာ နေရာတလျှောက်
ကျွန်တော်တို့လည်း ရောင်တော်ပြန်တွေ ပေါက်ခဲ့ကြပေါ့
ဒါ နေရဲ့ အလင်းလား
လရဲ့ အလင်းလား
ဘယ်သူများ မေးခဲ့ကြတာမို့......

ပြေလည်ရာ ပြေလည်ကြောင်း
ငါးပွက်ရာ ငါးစာရောင်းထွက်တုန်းက
ငါးစာချချင်သူများအကြား
ကျွန်တော် အတော်တော့ စီးပွားဖြစ်ခဲ့သား.......

ဖားသားကို ကြိုက်သူတွေနဲ့
စကားစမြည်ပြောဖို့
ကျွန်တော်ကတော့ အသားတန်း အသွေးတန်းကိုပဲ ရွေးတယ်.........

ကျွန်တော်လည်းလေ
ပါးစပ်ရဲရဲဟနိုင်ဖို့ အရေး
ကာရာအိုကေဆိုင်များများထိုင်
အယ်ကိုဟောတွေ များမျာသောက်
အခုခေတ်ဟာ ပေါက်တတ်ကရ ပြောတတ်မှ
လူအထင်ကြီးတဲ့ ခေတ်မလား.......

Branded ဖြစ်တဲ့ အင်္ကျီကိုဝတ်
လူအထင်ကြီးစေတဲ့ ဖုန်းကိုကိုင်
ဈေးကြီးပါတယ်ဆိုတဲ့ အိတ်ကိုဆွဲ
အထဲက ဒီအကောင်က စိတ်တွေ ဘယ်လောက်ပုပ်ပွနေလဲ
လူတွေထဲမှာ ရွှိုင်းတယ်ဆိုလား ဘာဆိုလားပဲ....

ကျွန်တော်လည်း
တနေ့ထက် တနေ့
တနေ့ထက် တနေ့
ဝေးသထက် ဝေးလာခဲ့တဲ့ ရင်နဲ့
အဇ္ဈတစိတ်သဏ္ဍာန်အမှန်ကို ကျရှုံးမှုတွေ မြန်မြန်လာတယ်.........

နေဦး
(၂၀၁၀ ဒီဇင်ဘာ ၂၊ ညနေ ၆နာရီ)

Monday, November 22, 2010

လူတွေကို ပေါင်းရသင်းရခက်တယ်

လူတွေ အရှက်လုံဖို့ပဲ
ငါက သူတို့အပါးက ၀စ်လစ်စလစ် နေနေပြရတယ်

လူတွေ သန့်သန့်ရှင်းရှင်းနေနိုင်ဖို့ပဲ
ငါ့ခါးကြောတွေကိုတင်း
ငါ့တကိုယ်လုံးကို ပုတ်ခတ်ညှင်းဆဲတဲ့ဒဏ် ခံရတယ်

လူတွေ အမြင်လှဖို့ပဲ
ငါ့ကိုယ်တလျှောက်
မီးခြစ်ခြစ်တောက် အပူခံပေးရတယ်

လူတွေသစ်လွင်နေဖို့အရေးပဲ
ငါအသုံးတော်ခံလို့ နှစ်တွေကြာတော့
ငါ့လို အဟောင်းကို စွန့်ပစ်တတ်ကြတယ်

အ၀တ်တထည်ဘ၀နဲ့ သူတို့ လှပဖို့ ကူခဲ့တဲ့ ကျွန်တော်
အခုတော့ သူတို့ စိတ်တိုင်းကျ
လက်နှီးစုတ် ခြေသုတ်ခုံ ဘ၀နဲ့
ဆက်အသုံးတော်ခံနေရပြန်တယ်......

နေဦး
(၂၀၁၀ နိုဝင်ဘာ ၂၂၊ နေ့လည် ၁း၂၆)

Sunday, November 21, 2010

အိပ်မက် ၂၁ (Dream 21 by Naguib Mahfouz)

ဒီလမ်းကျဉ်းကျဉ်းလေးထဲမှာ ဘယ်သူကမှ လမ်းလျှောက်မထွက်ချင်ကြသလို ဘယ်သူမှလည်း လေသာဆောင်မှာ ထွက်ထိုင်နေတာမျိုး မရှိကြဘူး။ အမျိုးသမီးတယောက်ကတော့ အ၀တ်အထည်ဆိုင်ထဲက အခင်းအကျင်းတွေကို ရပ်ပြီး ငေးကြည့်ရင်း ဖြည်းဖြည်းချင်း လျှောက်လာတယ်။

အသက် ၂၀တောင် ပြည့်မယ် မထင်သေးတဲ့ ကောင်လေးလေးယောက်က အမျိုးသမီးဆီကို တည့်တည့်လျှောက်သွားကြတယ်။ အမျိုးသမီးကလည်း မျက်မှောင်တချက်ကြုပ်ကြည့်လိုက်ပြီး သူတို့လမ်းပေါ်ကနေ ရှောင်ထွက်သွားတယ်။ ဒါပေမယ့် သူတို့ သူမဆီကို ရန်မူဖို့ရောက်လာကြပြီး သူမကို အနိုင်ကျင့်ကြတယ်။ သူမ ရုန်းကန်နေတာကို အနီးဝန်းကျင်က လူတွေက ၀င်ရောက်ဖျန်ဖြေချင်း မရှိဘဲ ကြည့်နေကြတယ်။ ကောင်လေးတွေက သူမရဲ့ ၀တ်ရုံကို ဖြဲဆုတ်ပစ်ကြတယ်။ သူမကတော့ အော်ဟစ်ရင်း အနီးဝန်းကျင်က လူတွေကို အကူအညီတောင်းနေတုန်းပဲ။ ဘာတွေဖြစ်နေကြတယ်ဆိုတာကို တွေ့လိုက်တဲ့ခဏမှာ အံ့သြခြင်းကြီးစွာနဲ့ ကျွန်တော့်ခြေလှမ်းတွေရပ်တန့်သွားတယ်။ ကျွန်တော် တခုခု လုပ်ချင်တယ် ဒါမှမဟုတ် တစုံတယောက်ကို တခုခု လုပ်ပေးစေချင်တယ် ဒါပေမယ့် ဘာမှတော့ ဖြစ်မလာခဲ့ဘူး။

ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ် ပြီးဆုံးသွားချိန်မှာပဲ ကောင်လေးတွေက ထွက်ပြေးသွားတယ်။ မကြာခင်ပဲ ရဲတွေရောက်လာတယ်။ သေချာ ဂရုပြုမိတော့ ကျွန်တော်က တခြားလူတစုနဲ့ အတူ ရဲအရာရှိရဲ့ စားပွဲရှေ့မှာ ရောက်လို့ ကျွန်တော်တို့ကို စစ်မေးခံနေတယ်။ ကျွန်တော်တို့ကို ဘာလုပ်ခဲ့သလဲလို့ မေးတော့ ဘာမှ မလုပ်ခဲ့ဘူးလို့ တညီတညွတ်တည်း အဖြေပေးခဲ့ကြတယ်။ အစီရင်ခံစာပေါ်မှာ ကျွန်တော့်နာမည်ကို ရေးတော့ ကျွန်တော့်ကို ကျွန်တော်ရှက်လွန်းလို့ လက်တွေက တုန်ယင်နေခဲ့တယ်လေ.......

နေဦး
(၂၀၁၀ နိုဝင်ဘာ ၂၁)

(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်ရဲ့ အိပ်မက်များပေါင်းချုပ်ထဲမှာ အိပ်မက် ၂၁ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်)

Monday, November 15, 2010

အိပ်မက် ၁၅ (Dream 15 by Naguib Mahfouz)

ခန်းမကျယ်ကြီးရဲ့ လျှောက်လမ်းတဖက်တချက်မှာ ရုံးခန်းကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတယ်။ အစိုးရရုံးခန်းတခုပဲ ပြောမလား ကိုယ်စားလှယ်ရုံးတခုပဲလား ၀န်ထမ်းတွေကလည်း ကိုယ့်ရဲ့ စားပွဲမှာကို ငြိမ်ငြိမ်ဆိတ်ဆိတ်ထိုင်နေတဲ့သူက ထိုင်လို့ တချို့ကလည်း ရုံးထဲမှာပဲ လှုပ်ရှားသွားလာနေကြလို့ပဲ။

ရုံးထဲမှာက ယောက်ျားလေးဝန်ထမ်းကော မိန်းကလေးဝန်ထမ်းတွေကော ရှိနေကြပြီး တယောက်နဲ့ တယောက်ကလည်း ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါးပဲ ကလူကြလို့ မျက်စပစ်ကြလို့။ ကျွန်တော်ကကော ဟုတ်တယ် ကျွန်တော်ကလည်း ဒီရုံးက ၀န်ထမ်းတယောက်ပဲ ထင်တယ် လစာကလည်း ခပ်နည်းနည်းပဲ ရတဲ့ ၀န်ထမ်းတယောက်ပေါ့။ စိတ်ထဲမှာလည်း လခနည်းတာကိုပဲ ခံပြင်းခံခက်ဖြစ်နေရတာလေ။ ဒါပေမယ့်လည်း ကျွန်တော် ကိုယ့်ထက် ရာထူးအဆင့်မြင့်တဲ့ ခပ်ချောချော အမျိုးသမီးတယောက်ကို လက်ထပ်ခွင့်တောင်းမိတယ်။ ကျွန်တော့်စိတ်ထင် သူက ဒီရုံးမှာ လုပ်နေတာ ကျွန်တော့်ထက်တော့ အတော်ကြာပြီထင်တယ်။ သူမက ကျေးဇူးတင်ကြောင်းပြောပြီး တခါတည်း ကျွန်တော့်ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တယ်။

"ပျော်ရွှင်တဲ့ဘ၀တခု တည်ဆောင်ဖို့ လိုအပ်တဲ့ အရာကို ကျွန်မတို့ နှစ်ယောက်မှာ မပြည့်စုံသေးဘူးလေ" သူမက ရှင်းပြသွားခဲ့တယ်။

ဒီစကားက ကျွန်တော့်အတွင်းစိတ်ထဲထိ ဒဏ်ရာတခုအဖြစ် စူးနစ်ဝင်ရောက်သွားခဲ့တယ်။

အဲဒီအချိန်ကစလို့ ကျွန်တော့်ကို စိတ်ဝင်စားတဲ့ တခြားအမျိုးသမီးအချို့ရှိပေမယ့် ဘယ်အမျိုးသမီးကိုမှ ဒီစကားမျိုး မပြောဖြစ် မဆွေးနွေးဖြစ်တော့ဘူး။ အဲဒီအချိန်တွေမှာ ကျွန်တော်ကိုယ်ကိုတိုင်လည်း အထီးကျန်သလို အမြဲတမ်းလည်း စိတ်ပျက်လက်ပျက် ခံစားနေခဲ့ရတယ်။ နောက်တော့ ကောင်မလေးအသစ်တယောက်  အလုပ်ဝင်လာတယ်။ ဒါဟာ ပထမဆုံးအကြိမ် ကျွန်တော့်အတွက် လက်အောက်ဝန်ထမ်းတယောက်ရတာပဲ။ ကျွန်တော်က အယ်ဒီတာ သူမက စာစီစာရိုက်သမား ကျွန်တော့်လခက သူမထက် နှစ်ဆလောက်ရတယ်။ သူမက ရုပ်သိပ်မချောဘူး နောက် လူတွေကလည်း သူမရဲ့ အကျင့်ပျက်မှုတွေအကြောင်း အတင်းပြောကြတာကို ကြားကြားနေရတယ်။ ဒါပေမယ့် နောက်ဆုံး ကျွန်တော့်ရဲ့ အထီးကျန်မှုကို ဖြိုဖျက်ပစ်ဖို့ သူမကို ချဉ်းကပ်ကြည့်လိုက်တယ်။ သူမကလည်း အလိုက်သင့်ပဲ ကျွန်တော့်ရဲ့ချဉ်းကပ်မှုကို တုံ့ပြန်ခဲ့တယ်။ ကျွန်တော် အရမ်းပျော်သွားတယ် နောက် ကျွန်တော့်စဉ်းစားဆင်ခြင်မှုတွေပျောက်ဆုံးပြီး သူမကို လက်ထပ်ခွင့်တောင်းလိုက်မိတယ်။

"ကျွန်မ ၀မ်းနည်းပါတယ်"

ကျွန်တော် ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူး နောက် သူမက ဆက်ပြောတယ် "ကျွန်မရတဲ့လခနဲ့ ကျွန်မ အဆင်ပြေပါတယ် အထူးသဖြင့် ရှင့်ရဲ့ လခပါပေါင်းလိုက်ရင် ဘာမှပြောစရာတောင် မလိုပါဘူး။
ဒါပေမယ့် ကျွန်မ ပိုက်ဆံကို ဂရုမစိုက်ဘူး"
ဒါဆိုရင် သူမ ဘာကို ဂရုစိုက်တာလဲ ကျွန်တော်မေးဖို့ ကြိုးစားနေချိန်မှာပဲ သူမက အဝေးတနေရာကို ထွက်သွားလေရဲ့............

နေဦး
(၂၀၁၀ နိုဝင်ဘာ ၁၄)

(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်ရဲ့ အိပ်မက်များပေါင်းချုပ်ထဲမှာ အိပ်မက် ၁၅ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်)

Saturday, November 13, 2010

အိပ်မက် - ၃ (Dream 3 by Naguib Mahfouz)

လှေရဲ့ အလယ်က ရွက်တိုင်မှာ လူတယောက်ကို တကိုယ်လုံး ကြိုးနဲ့ တင်းတင်းတုတ်ချည်ခံထားရတယ်။

သူက သူ့ရဲ့ခေါင်းကို ပရမ်းပတာကို ဘယ်ညာယိမ်းခါနေရင်း ပါးစပ်ကလည်း နာကျင်သံနဲ့ အော်ဟစ်နေတယ် "ဘယ်တော့မှ အခုလို နှိပ်စက်မှုတွေက ရပ်တန့်မှာလဲ"

ကျွန်တော်တို့ သုံးယောက်ကတော့ သူ့ကို သနားတဲ့စိတ်နဲ့ကြည့်ရင်း တယောက်နဲ့တယောက် အကြည့်ချင်းဖလှယ်မိတယ်။

အဲသည့်အချိန်မှာပဲ အသံတခုကထွက်လာပြီး မေးလိုက်တယ် "မင်းကို ဒီလို ဘယ်သူလုပ်ထားတာလဲ"

နာကျင်နေတဲ့သူက သူ့ရဲ့ခေါင်းကို ဘယ်ညာယမ်းနေရင်းပဲ ပြန်ဖြေတယ် "ဒါ ကျွန်တော့်ကိုယ့်ကိုယ်ကို လုပ်ထားတာ"

"ဘာလို့အဲသလို လုပ်ထားရတာလဲ"

"ဒါ ကျွန်တော့်အတွက် ထိုက်တန်တဲ့ အပြစ်ပေးမှုမို့ပဲ"

"ဒါဆို မင်းက ဘာအပြစ်ကျူးလွန်မိလို့လဲ"

"လျစ်လျူရှုမှုကြောင့်" သူက ဒေါသစိတ်နဲ့ အော်ဟစ်တယ်

"မင်းက အိပ်မက်မက်ခဲ့သလို အဲသည့် အိပ်မက်ကိုလည်း ခံစားခဲ့သူမှန်း ငါတို့သိကြပါတယ်" ကျွန်တော်
ဝင်ပြောလိုက်တယ်။ "ဒါပေမယ့် လူတိုင်းရဲ့ အတွင်းစိတ်တခုမှာ ဖုံးကွယ်ထားတဲ့ ဒေါသတွေရှိနေမှန်း ငါတို့မသိခဲ့ဘူး"

သူ့ရဲ့ အသံက ကျယ်သထက် ကျယ်လောင်လာပြီး ကျွန်တော်တို့ဆီကို ပြန်အော်လိုက်တယ်
"မင်းကိုယ်တိုင်လည်း အချက်တခုကို လျစ်လျူရှုခဲ့တာပဲ။
အဲဒါဘာလဲဆိုတော့ လူတွေဟာ သူတို့ရဲ့ အခြေအနေ ဘယ်လောက်ဆိုးဝါးနေသည့်တိုင် သူတို့ရဲ့ မြင့်မြတ် ကြီးကျယ်မှုကိုတော့ ခ၀ါချမထားခဲ့နိုင်ဘူးဆိုတာပဲ"

ဝမ်းနည်းမှုနဲ့ တိတ်ဆိတ်မှုက အဲသည့်စကားနဲ့အတူ ကျွန်တော်တို့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တယ်။


နေဦး
(၂၀၁၀ နိုဝင်ဘာ ၁၃)


(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်ရဲ့ အိပ်မက်များပေါင်းချုပ်ထဲမှာ အိပ်မက် ၃ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်)
ကျွန်တော်က ရုန့်ရင်းကြမ်းတမ်း

ဒါပေမယ့် ပန်းအလှကိုမှ
မှန်းမိသူပါ....

ကျွန်တော်က ကမ်းဝေးလမ်းပျောက်
နေလိုလလို တောက်ပသူကိုမှ
တမ်းမိသူပါ.....

ကျွန်တော်က ဆင်းရဲမွဲကပ်
ဘ၀အထပ်ထပ်အမြင့်က သူကိုမှ
လှမ်းမိသူပါ.....

ကျွန်တော်က ပေပွရှုပ်ခက်
ရှင်းသန့်မြတ်တဲ့သူကိုမှ
မက်မိသူပါ.....

ကျွန်တော်က သေရည်ရစ်မူး
စည်းတွေကို ဆူးလိုခြားတဲ့သူကိုမှ
ဆက်မိသူပါ.......

ကျွန်တော်က နစ်ဝင်ချစ်ဆူး
အချစ်တွေ ရူးခဲ့ပေမယ့်
ရွှေငွေဝိုင်းဖက်
ကျောက်တလက်လက်တွေဝိုင်း
ကျွန်တော့်ဘ၀ကို အရိုင်းလို့ ထင်သူကိုမှ
အချစ်တွေ ဆက်သခဲ့မိသူပါ.........


နေဦး
(၂၀၁၀ နိုဝင်ဘာ ၉၊ ည ၉း၄၇)

မျှော်အကြည့်

နာမည်မှားရေးခံရတဲ့ ချက်(cheque) တစောင်လိုပဲ
တန်ဖိုးတွေ ဘယ်လောက်သယ်လာလာ
ဒီချက်တစောင်က ဖြဲဆုတ်ဖို့သက်သက်သာ ဖြစ်လာခဲ့........

နေဦး
(၂၀၁၀ နိုဝင်ဘာ ၁၃၊ မနက် ၉း၀၈)

Tuesday, November 09, 2010

စနေသားနဲ့ အချင်းများတယ်

နေရောင်အောက်မှာ
အသက်ရှုသံတွေ ကြောက်နေတဲ့အချိန်ထိ
ဟောဟို ကြယ်က တောက်ပနေတုံးပဲ
နေရောင်တွေ ဘယ်လောက်ပြင်းပြင်း
ဒီကန္တာက ဘယ်လိုညှင်းညှင်း
ငါ့ အတင်းတွေ ဘယ်လိုချချ
ဟိုးရှေ့ကမ်းအထိ ငါလှမ်းပြမယ်………

မကျွမ်းရင်လည်း ခပ်စိမ်းစိမ်းနေ
မလွမ်းရင်လည်း ခပ်စိမ်းစိမ်းနေ
မလွမ်းလို့ ထားခဲ့တဲ့ သီချင်း
မကျွမ်းလို့ သွားခဲ့တဲ့ တမ်းချင်းတွေအတွက်
ငါ့အဆင်းကိုပဲ ငါလှစေမယ်……….

ဟောဒီ အသည်းက
ကတ္တီပါရောင် မပေါက်လည်း
ရွှေထီးကြီးဆောင်း
မောင်းတဒူဒူဟစ်ရအောင်….


အကြောင်းမတူခဲ့ဘူး
ပြောင်းယူလို့မရတဲ့ အရာတွေအတွက်
လက်ညှိးထိုး အပြစ်ထပ်
ငါ့အသက်ပဲ ပေးအပ်တော့မယ်…..

ဒီခရီး ဒီလမ်း
ကြမ်းလည်း လှမ်းမယ်
လွမ်းလည်း လှမ်းမယ်
မဆန်းလည်း တမ်းတတတ်တဲ့ငါ့ကို လမ်းဆုံးရင် မြေဖို့ပေးပါ…….


နေဦး

(၂၀၁၀ နိုဝင်ဘာ ၉၊ ညနေ ၅း၁၈)

Saturday, November 06, 2010

.....အယ်.......

ဟောဒီ အော်သံအောက်က
"သက်သာ" ဆိုတဲ့ အနေအထားတခုမှာ
သက်ပြင်းတွေ ခါခါချ
ငါ ညည အိပ်ရေးပျက်ရပါ့ပကော....

ခြေဆစ်လေးတွေကို
ရေအေးထဲ စိမ်
အတွေးတိမ်တွေကို ပုတ်ချ
ကမ်းမမြင် လမ်းမမြင်မှာ
ငါ ရုတ်တရက် လန့်နိုးလာရပြန်ပါ့ပကော.......

အသွေးတွေ အသားတွေ
ရင်ဘတ်ထဲက အကြောင်း
ဟောင်းသွားမစိုးလို့
ခဏ ချန်ထားကြရအောင်
ငါ့ကိုယ်လည်း လှောင်ချင်လှောင်ပါ
ဘ၀ကိုလည်း ပြောင်ချင်ပြောင်ပါ
ခဏတာဆိုတာ စက္ကန့်လား မိနစ်လား နာရီလား ရက်တွေ နှစ်တွေလား
အဲဒါ ငါတို့ လိုအပ်ချက်အပေါ်မှာ မူတည်လိမ့်မယ်.....

လက်ဗလာနဲ့ လာခဲ့သူအဖို့
တောင်းခံလာသူအတွက်
အသက်နဲ့ ခန္ဓာပဲ ကျန်တော့တယ်
မြင့်မြတ်တယ်ဆိုတဲ့ အရာရာက
မည်းမှောင် တိမ်ဝါး
ငါ့ ပါးစပ်လည်း ဒီရေကြောင့် ခါးလှပြီ.........

သစ္စာ ခါးခါးက ဒီနားမှာထား
မေတ္တာအချစ်စစ်က ဒီခုံမှာတင်
ရမ္မက်ကြောင့် ဖောက်ပြားခြင်းတွေကို
ဟိုး Trash Bin ထဲ ပစ်တင်လိုက်တယ်
မင်းတို့ ကောက်ယူလိုက သွားကောက်
ငါ့ အနာဂတ်က ဖိတ်ဖိတ်တောက် မနေလည်း
ငါ့အပြုံးက အရိပ်မည်းတွေအောက်မှာ လက်တယ်
အသက်ရှုစရာမလိုဘူး
နှလုံးခုန်စရာမလိုဘူး
ဒီဒေသဟာ ငါတို့ "သက်သာ" အနေအထားကြောင့် နေ့တွေညတွေလည်း ပါးတယ်
သူငယ်ချင်း......

နေဦး
(၂၀၁၀ နိုဝင်ဘာ ၆၊ နေ့လည် ၁၁း၅၂)

Tuesday, November 02, 2010

ဂျာနယ်

ကဲ....
ဒီမယ် မိန်းမရယ်
အသက်လည်း ၄၀ကျော်ပြီ
မင်းက ခုမှ ဘာစိုးရိမ်နေရတာတုန်း....
မင်းကိုငါ ဘယ်လောက်ချစ်တယ် မချစ်တယ်
လက်ထပ်တုန်းက တိုက်တလုံး ကားတစီးတင်တောင်းခဲ့တာလေ
လုပ်ငန်းရှယ်ယာတွေက ထားပါ ထည့်မပြောတော့ပါဘူး......

မင်္ဂလာပွဲတုန်းကလည်း
သူ့ခေတ်သူ့အခါ အခမ်းနားဆုံးဖြစ်အောင် လုပ်ခဲ့တာမလား....
ခုဆိုလည်းကြည့်လေ
မင်းလိုချင်တဲ့စိန်
မင်းပြောတာ ဘယ်နှကာရက်တဲ့
ငါလည်း မမှတ်မိတော့ပါဘူး ငါ ဘယ်မှာငြင်းဘူးတုန်း
မင်း အိတ်ကို LV မှ ကိုင်ချင်တာဆိုလို့
စင်ကာပူကို ဈေးဝယ်သက်သက်ထွက်ကြတုန်းကကော
ငါ ဘယ်နှခါ တွန့်တိုဘူးလို့တုန်း........

သံယောဇဉ်ဆိုတာ ရှိလွန်းလို့
ကြည့်စမ်း ဟောဒီမှာ မင်းနဲ့ငါနေဖို့
ဆောက်ထားတဲ့အိမ်ကြီး
နန်းတော်လားထင်ရအောင် ဟီးနေတာပဲ
မိန်းမရယ်
အဲဒါနဲ့များ.........

....ကိုကိုရေ ကိုကို ဖုန်းလာနေတယ် ကိုကိုရေ......
ဟယ်လို
သဲလေးလား
အေးအေး အင်း ညတွေ့နေကြအိမ်မှာပဲလေနော် အေးအေး
ဒီမှာ ဦးရဲ့ မိန်းမကွယ် သူ့ကို မချစ်ပါဘူးပြောနေလို့ ပြန်ရှင်းပြနေတာ
ဒါပဲနော် သဲလေး
ညကျမှတွေ့မယ်
.......

ဒီမယ် မိန်းမရယ်
မင်းကို ငါ ဘယ်လောက်ချစ်
ဘယ်လောက် သံယောဇဉ်ကြီးတာ မင်းသိပါတယ်.....

နေဦး
(၂၀၁၀ နိုဝင်ဘာ ၁၊ နေ့လည် ၁း၀၇)

Wednesday, October 27, 2010

ရှေ့ဆုံးမှ တန်ဖိုးမဲ့

Knock, Kneel
Pseudonym, Pseudopodium
ဟောဒီ စကားလုံးတွေထဲ
ငါ အကြိမ်ကြိမ် အတွေးတွေ ပြုတ်ကျခဲ့ဖူးတယ်ပေါ့.........

ကြည့်ကြည့်စမ်းလေ
သူ့စကားလုံးတွေထဲ
K နဲ့ P က ဘယ်လောက်များတန်ဖိုးပါသလဲ
အသံထွက်ပြီးခေါ်ဖို့အရေး
သူတို့ကို လူတိုင်း လျစ်လျူရှုပေးခဲ့ကြတာချည်းပဲ မလား........

ဒါပေမယ့်လေ
သူတို့ ရှေ့ဆုံးက ရဲရဲတည်ရပ်
ဖ၀ါးထက်မျှတောင် မခွာအောင် နေပေးခဲ့တဲ့
အပယ်ခံဘ၀နဲ့ ကျေနပ်ဆဲ
ငါ သူတို့ကို အကြိမ်ကြိမ် ဦးညွှတ်ခဲ့ရတယ်......

နေဦး
(၂၀၁၀ အောက်တိုဘာ ၂၀၊ နေ့လည် ၁၁း၄၆)

(ကျွန်တော့်ဖေဖေဆီက ရခဲ့တဲ့ အတွေးလေး တခုကို ပြန်လည်ဝေမျှကြည့်တာပါ)

အေးမြအိမ်

ကဲ
ဟောဒီမှာ သဲပွင့်တွေလိုပဲ
ပေါ့ပါးတဲ့ မလေးနက်သေးတဲ့
အချစ်တွေရှိတယ်........

ဟောဒီမှာ
ခိုင်မာတဲ့ မြဲမြံတဲ့
အရေးပါမှုတွေနဲ့
အုတ်ချပ်လို
သံယောဇဉ်တွေရှိတယ်......

စိတ်ကူးထဲက အိမ်ကလေးပေါ့
သာယာတယ်
ကြည်နူးဖွယ်ကောင်းတယ်
အေးမြတယ်
ဖေးမပေးတတ်တယ်
နားလည်မှုရှိတယ်.........

ကဲ နောက်ဆုံးတခုပဲ လိုတော့တယ်
ဟောဒီအိမ်လေ ဆောက်လိုက် ပြိုလိုက် မဖြစ်ဖို့အရေး
အချစ်နဲ့ သံယောဇဉ်တွေကို
တွဲဖက် တည်ငြိမ်စေမယ့်
ဘိလပ်မြေရဲ့ အရေးပါပုံမျိုးနဲ့  ပေးဆပ်မှု
လှမ်းခဲ့မယ်ဆိုမှတော့
တခုခုတော့ ဆုံရှုံးတာလည်း ရှိမပေါ့
ပုံမချစ်ချင်ဘူး
ပုံသစ္စာမရှိချင်ဘူး
ဟောဒီလက်ထဲက မုန့်တခုကိုတောင်
ခွဲမျှမပေးတတ်သေးဘူးဆိုရင်တော့
ဟောဒီအိမ်ကလေး
လေနဲ့အတူ ဝေးကြမှာ မြင်ယောင်သေးတယ်...........

နေဦး
(၂၀၁၀ အောက်တိုဘ ၂၀၊ နေ့လည် ၁၁း၁၉)

(Credit to Ko Naing Htun Lwin, I got the idea for this poem while talking with Ko Naing Htun Lwin)

မသိခြင်းအစ

တနေကုန်သွားတယ်လား
ညရောက်တယ်လား
ကျွန်တော် မခေါ်တတ်ပါဘူး....

တခုတော့ မေးကြည့်ချင်တယ်
နေ၀င်သွားတာ
လထွက်လာဖို့ အတွက်လား

လထွက်လာရတာ
ပျောက်ဆုံးသွားတဲ့ နေအတွက်
အစားဝင်ပေးဖို့လား......
.....
.....
.....
.....
.....
အားလုံးကတော့
တဘ၀စာ သက်သက်ပါပဲလေ........

နေဦး
(၂၀၁၀ အောက်တိုဘာ ၁၉၊ နေ့လည် ၁၁း၅၈)

လူတွေကို မုန်းလိုက်တာဗျာ

မချီးကျူးချင်ဘူးဆိုလည်း
အရင်ကတည်းက
ဘာလို့များ
ကျုပ်ကို အဆင့်မြင့်မြင့် စာရင်းသွင်းခဲ့ကြလဲ.....

တန်ဖိုးမထားချင်ဘူးဆိုလည်း
အရင်ကတည်းက
ဘာလို့များ
ကျုပ်ကို အဆင့်မြင့်မြင့် ဆက်ဆံခဲ့ကြလဲ.....

ခင်ဗျားတို့ပဲ
ကျုပ် ရေ ကိုသောက်
ကျုပ်ကို မြှောက်စားပါလို့လည်း
ဘယ်တုန်းကများ ညည်းခဲ့ဘူးလဲ.....

အခုတော့ဗျာ
ကျုပ်ကိုကျုပ် 'မူး' ဖြစ်ရတာကိုတောင်
ခင်ဗျားတို့က မြစ်စာရင်းသွင်းတယ်
နောက် ခင်ဗျားတို့ ပါးစပ်ကပဲ
ကျုပ်ကို လှောင်ရယ်ပြောတယ်
" မြစ်မမြင်ဘူး မူး မြစ်ထင်"တဲ့
ကျုပ်ကိုကျုပ် နဂိုကတည်းက ချောင်းပဲ ဖြစ်နေခဲ့ရင် အကောင်းသား.......

နေဦး
(၂၀၁၀ အောက်တိုဘာ ၂၇၊ မနက် ၉း၂၉)

Friday, October 08, 2010

လှည့်အထွက်


လှမ်းမပြေး
လမ်းမဝေး
ဟောဒီ ကမ်းနံဘေးမှာပဲ
ရပ်နေခဲ့တာပါ…….

ကမ်းပါးပြိုမှာကြောက်မယ့်အစား
ရေထဲက လှေငယ်အတွက်ပဲ
စိုးရွံ့ထိတ်တွေး
သူ ကမ်းနံဘေးမှာပါပဲ……..

အရှက်ဆိုတဲ့အထဲမှာ
ကတိကို ထိန်းတတ်ခြင်းဆိုတဲ့
အဓိပ္ပာယ်တွေပါမှန်း
စကားမပြောဘဲ
လှိုင်းတွေက ခတ်လို့ သင်နေဆဲ……….

ကမ်းနံဘေးမှာ
မြေတွေဟာ
ခပ်ကြမ်းကြမ်းပြိုတယ်
အဆန်းရယ်လို့တောင် သူမတွေးခဲ့ဘူး
သူ့အတွေ့အကြုံအရ
ထုံပေပေနဲ့
ကမ်းပြိုကိုကြည့်
အလွမ်းဆိုတာကို ခပ်စိမ်းစိမ်းပဲ ထိတယ်……

လက်ကမ်းလို့မှ မပေးတဲ့အဆုံး
အပြုံးနဲ့ပဲ အဖြေပေးကြဖို့ပေါ့
ကျွန်တော် ကမ်းပြိုတွေကို
မနှစ်မြို့ဘူး…………

နေဦး
(၂၀၁၀ အောက်တိုဘာ ၈၊ ည ၁၀း၄၅)

Tuesday, October 05, 2010

ကစ္ဆပနဒီ

နဒီရေ
နင် ခြေအချမမှားခဲ့သလို
ငါ ကြင်နာပြတာတွေများ မမှားခဲ့ပါဘူး နဒီ……

ငါ့မြေမှာ နင်စိုး
ငါ့အကျိုးအတွက် နင်စီးဆင်း
ငါ့ချစ်ခြင်းကတော့ နင့်အတွက်ပဲ နဒီ….

နင့် လျှောက်လမ်းအထက်
ငါတို့ အသက်တွေ တင်
နင့် အသွင်အပြင်က
ငါတို့အတွက် အရေးကြီးပါတယ် နဒီ…….

နင်သွားရာလမ်းတလျှောက်
ဟောဒီ စပါးတွေပေါက်တယ်
နင် လှမ်းရာ လမ်းတလျှောက်
ငါတို့ မခမ်းခြောက်ခဲ့ဘူး နဒီ…….

ငါ့ရင်ကို ဖြတ်ပါ
ငါ့အသားကို စားသုံးပါ
ငါ့နှလုံးသားကိုတော့
နင့်ရဲ့ ဖြစ်တည်မှုနဲ့ အသက်ဆက်ပေးခဲ့ပါ နဒီ…..

မြစ်ဖျားခံ နင့်အသက်က
ငါ့ ရင်ဘတ်ထဲကမှ မဟုတ်ခဲ့တာ နဒီရယ်
နင့်ကိုငါ ပိုင်တယ်လို့ မဆိုလိုရက်ပါဘူး
ဒါပေမယ့် နဒီရယ်
ဟောဒီက ငါ့ရင်ထက်
နင် ပျော်မွေ့သလိုနေချင်နေ
နင် ဒေါသကြီးချင်သလိုကြီး
နင့် မြစ်ဖျားခံရာက လာတဲ့ မီးမှန်သမျှ
ငါ့ရင်ကို ဖြတ်ခဲ့တာပါ နဒီ……………..

ငါ့ရင်က နင့်ကို နှင်မချဘူး
ငါ့ရင်က နင့်ကို ဘ၀င်မကျစိတ်မပြခဲ့ဘူး
ငါ့ရင်က နင့်ကို အသွင်အပြင်မှန်သမျှ လက်ခံပြခဲ့တာပါ နဒီ………

လှမ်းပါ နင်းပါ စီးဆင်းပါ
ဟောဒီခန္ဓာအထက် နင်ပျော်နေသမျှ ငါ လက်ခံထားခဲ့မှာပါ နဒီ…..

နေဦး
(၂၀၁၀ အောက်တိုဘာ ၅၊ နေ့လည် ၂ နာရီ)

(ကိုင်ဇာရဲ့ ကစ္ဆပနဒီ လှိုင်းသံကို နားထောင်မိရင်း ကစ္ဆပနဒီခေါ် ကုလားတန်မြစ်ရဲ့ အကြောင်းကို ဖတ်မိရာမှ ရေးသားမိခြင်းဖြစ်သည်။ ကစ္ဆပနဒီမြစ်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသတွင် မြစ်ဖျားခံခဲ့ခြင်းဖြစ်သည်။ ကျွန်တော်ပြန်ဖတ်မိသလောက် ရေးကြည့်ခြင်းဖြစ်ပါသည် ကျွန်တော်မရောက်ဘူးပါ အမှားပါကောင်း ပါနိုင်မည်ဖြစ်သဖြင့် အမှားအယွင်းရှိခဲ့လျှင် ထောက်ပြဆွေးနွေးပေးစေလိုပါသည်)


Saturday, October 02, 2010

နီလေးအတွက် ကဗျာ

စနေလေ
ဒီစနေပေါ့
သည်းခြေပျက်တဲ့ အချစ်ရူးတွေ အကြောင်း
သောင်းသောင်းဖြဖြကြိုပြတာ……

ဒီ အဘိဓာန်ကိုပဲ
လှန်လိုက်လှောလိုက်
စာလုံးတွေကူးချလိုက်နဲ့
၃၃လုံးသော ဗျည်းအက္ခရာထဲကပဲ
ငါတို့ နှလုံးသားကို ရှာကြတာလေ…….

ငါ့ဘ၀မှာ
အဲသည့် အသုံးမကျတဲ့ အချစ်အတွက်
အသက်တွေ တင်လိုက်
သဝေထိုးလိုက်
ယုံကြည်မှုကမေးတဲ့ အချစ်ရဲ့သိက္ခာအတွက်
ဝဆွဲတွေ ခဏခဏဆွဲ
ပုဒ်ထီးတွေ အထပ်ထပ်ချ
ပုဒ်မနဲ့ အဆုံးသတ်လိုက်ဖို့တော့
ပေးဆပ်မှုလိုတယ်လေ…….

သံသရာ မကြောက်တတ်တဲ့သူတွေအတွက်
သံသယတွေကို ခံနေရသမျှ
ဒီဘ၀မှာ ၁ နဲ့ စလို့တောင်ရပါ့မလား
သုံးမရတဲ့ အလိမ်အညာတွေနဲ့ပေါတဲ့
ဒီလောကကြီးမှာ
၁ နဲ့ ၂ ကိုကျော်ချပြီး ၃ကပဲ စလို့ရေရအောင်
ဘယ်သူလှောင်လှောင်မလှောင်လှောင်
သူ့ စိတ်ကူးမှာတော့
သူလိမ်နေတတ်သမျှ
သူ့ဘ၀က ပြောင်ပြောင်ရောင်ရောင် ရှိတယ်လေ……..

ကဲလေ
လာစမ်းပါ
ဗျည်းတွေ ကုန်တဲ့အထိ
ငါတို့ ဒီခရီးဆက်လျှောက်ကြတာပေါ့
အ ဆိုတဲ့ စကားလုံးနဲ့ ဆုံးတဲ့နေ့
ငါ အအ တယောက်လို စကားမဆို
သရတွေဖြိုဖြိုချရင်း
ငါ့ရင်ကို အဲသည့်စနေက
ပုဒ်မတွေနဲ့ တက်တက်နင်းတယ်…….
နေဦး
(၂၀၁၀ အောက်တိုဘာ ၂၊ မနက် ၁၁း၂၃)

(Dedicated to Ne Lynn)

Monday, September 27, 2010

နှုတ်ခမ်းကြောင့် အသက်ဆက်တဲ့သူ

Til Death by Travis Catlett
ချစ်ခဲ့ကြောင်းသက်သေပြဖို့
ငါ ဟောဒီနံရံကို ဖောက်မြင်တတ်ရမှာတဲ့လား
ဟောဒီ အသွေးအသက်က တောင်းဆိုမှု
မင်းကိုပဲ ချစ်တယ်ဆိုတဲ့ အချစ်တခု
ငါ့မှာ ရင်ဝယ်ပိုက်လို့လေ.......

ဒါ ဘိုဆန်ဆန်အစာ တပုဒ်မဟုတ်ခဲ့တာ
အသည်းကိုဆက်မှ အသက်ကိုရတာ
သစ္စာကိုဆက်မှ အချစ်စစ်ကိုရတာ

မင်းနဲ့ငါ ဟောဒီလမ်းကို ဆက်လျှောက်ဖို့
သူ အကြိမ်ပေါင်းများစွာ မုတ်ဆိတ်ရိတ်ခဲ့တယ်လေ
ဂျိုအန်နာ......


လာ လိပ်ပြာတွေလိုက်ဖမ်းရအောင်
ရင်ဘတ်ထဲထည့်ထားရအောင်လို့
မင်းနဲ့ငါ ဟောဒီလူ့လောကကိုနှုတ်ဆက်တဲ့အခါ
ငါတို့နဲ့အတူ ယူသွားကြဖို့ လိပ်ပြာလိုက်ဖမ်းရအောင်
ဂျိုအန်နာ.....


သူ့လက်လည်းနီနေပေါ့
စိတ်ရဲ့ အညှိးအတေးက
အချစ်ကိုတောင် ဖုံးကွယ်သွားအောင်
သူ့နှုတ်ခမ်းတစုံနဲ့
ဟောဒီ နှလုံးသားကို သတ်ခဲ့တယ်
ဂျိုအန်နာ....


ဒါ အဓိပ္ပာယ်မဲ့သေခြင်းတော့ မဟုတ်ဘူး
သူ အသက်နဲ့သေတာ
သူ အငတ်နဲ့သေတာ မဟုတ်ဘူး
သူ အရှက်နဲ့သေတာ မဟုတ်ဘူး
ဟောဒီပြက္ခဒိန်ပေါ်က ခြစ်ရာတွေကြားမှာ
မမြင်မတွေ့မမေ့ရတဲ့
ရက်တွေအတွက်
သူ့သစ္စာက အညှိးကြီးလွန်းခဲ့တယ်
ဂျိုအန်နာ
ကဲ လာ
ငါတို့ မုတ်ဆိတ်တွေကင်းနေတာ
သူ့တသက်စာပဲ
သူ့ အသည်းတစက်ကို ငါတို့ နှုတ်ဆက်ကြရအောင်လေ..........


နေဦး
(၂၀၁၀ စက်တင်ဘာ ၂၇၊ ည ၁၀း၀၉)
(Sweeney Todd ဇာတ်ကားမှ Johanna သီချင်းကို နားဆင်ရင်း ပြန်လည်ခံစားရေးဖွဲ့သည်)

Monday, September 20, 2010

တန်ဖိုး

လည်နေတဲ့ တအီအီ ဘီးသံကြားမှာ
ကျွန်တော်တို့ လမ်းလျှောက်စသင်ခဲ့တယ်
အဲဒီ မောင်းသူမပါတဲ့ သုံ့ပန်းယဉ်ပေါ်
အပြေးအလွှားလုလုတက်နေကြတာများ
ပုံတိုပတ်စတွေတောင် တလွဲတွေဖြစ်လို့
စစ်နှင့် စစ်ခင်း
သူ့အတင်း ငါ့အဖျင်းပြိုင်ခဲ့ကြတယ်......

အချစ်စိတ်နဲ့ စကားစမြည်ပြောတဲ့ ညနေခင်းမှာ
ဆန္ဒဆိုတာ မင်းကိုများ ကိုယ်စားပြုမိလေသလား
တပ်မက်တဲ့စိတ်တွေထက်
မသင့်တော်ရာကို ထိန်းသိမ်းတတ်တာကိုမှ လူ့တန်ဖိုးလို့ဆိုကြောင်း
အသင်းအပေါင်းတွေကို လိုက်တရားဟောခဲ့တယ်.....

ဒီလိုပါပဲ
အသက်တွေလည်း ခဏခဏ အရှုရပ်
အပျက်တွေလည်း ခဏခဏ ရင်မှာခပ်လို့
ငါ့အသက်နဲ့ငါ အိုးစားကွဲမယ့် အရေးကို
ငါ ကာကွယ်ရတော့မှာပဲ.....

ရမ္မက်တခုထက် သာလွန်တဲ့တနေ့
မင်း နှာခေါင်းသွေးမလျှံတော့ဘူးဆိုရင်
ငါ့ဆီကို လာတွေဖို့ အကြောင်း
ဟောဒီခေါင်းလောင်းပေါ်မှာ စာတန်းထိုးထားခဲ့တယ်......

အချစ်တွေနဲ့ မချစ်တတ်သောသူက
ကျွန်တော်ပါပဲတဲ့.......

နေဦး
(၂၀၁၀ စက်တင်ဘာ ၂၀၊ မနက် ၁၂း၄၀)

Thursday, September 09, 2010

သုည

သုညကို မီးရှို့ပစ်ခဲ့တယ်တဲ့
သူတို့ဘာတွေများကြိုးစားနေကြပါသလဲ
သူမကတော့
မီးရှို့ခံရတဲ့ သုညကို ဒိုင်ယာရီထက်မှာ အက္ခရာတင်ထားတယ်.......

သုည သူ့ဘ၀သာယာတုန်းက
ဘယ်ရစ်လား ညာရစ်လား
ဘယ်သူမှ အပြစ်မတင်ခဲ့ကြဘူး....

သုည သူ့နေရာမှာ သူပျော်နေတုန်းက
ပိန်သလား ၀သလား
ဘယ်သူမှ အရေးမထားခဲ့ကြဘူး......

သုညဘ၀မှာပျော်နေတဲ့ သုညဟာ
ကဗျာတွေလည်း ဖတ်တယ်
စာတွေလည်း မက်တယ်
ဘလက်ကော်ဖီတခွက်နဲ့လည်း တညတာကိုဖြတ်တယ်
အသက်ကိုမှန်မှန်ရှုဖို့ ကြိုးစားရင်းနဲ့လည်း အချိန်နာရီတွေကို မက်တယ်........

သုညကို သုညထက် မပိုခိုင်းပါနဲ့
ပုံချတတ်တဲ့ အပြစ်တွေအတွက်
သုည အလှအပကို မုန်းပါတယ်
သစ္စာတရားကို တန်ဖိုးတခုထက် သုညနေရာမှပဲ ပိုကျေနပ်တယ်....

ရှေ့မှာနေရမှထက် သုညဆိုတဲ့ သဘာဝ
နောက်ကနေဘဲ တန်ဖိုးတက်စေခဲ့တယ်.......

ကဲ
ခုတော့
သုညကို အရာမထင်တော့ဘူးဆိုလို့
မီးသဂြိုဟ်လိုက်တယ်ဆိုပဲ
သုည ပြာဖြစ်သွားလည်း သုညဆက်ဖြစ်နေခဲ့တယ်...........

PS: သုညကို ညွှန်းဆိုစရာ သုညဖြစ်နေလို့ ဘာပုံမှ မတင်ထားပါ....

နေဦး
(၂၀၁၀ စက်တင်ဘာ ၉ ရက်၊ ညနေ ၅း၄၀)

Thursday, August 26, 2010

ဝေး ဝေး ဝေး

ငါ့မှာ လွမ်းစရာတောင် မရှိတော့ဘူးတဲ့
အမျှင်တန်းမှာ စိုးလို့လား
အသွင်ပန်းက ခပ်ရိုးရိုးပါ
ငါ့စခန်းငါ နေ
ငါခြေနဲ့ ငါသွား
ဟောဒီရိုးသားခြင်းက ငါ့အစား ကမ္ဘာပေါ်ခြေချမယ်
အသက်ဟာ အပျက်တွေ မပါပေမယ့်
ငါ့စွန်အတွက် ငါ မြှင့်တင် လွှင့်ထုတ်
ဟောဒီ သံယောဇဉ်ကြိုးတွေ ကုန်လွှတ်တဲ့ အထိပေါ့

nelay neou
(သြဂုတ် ၂၅ ၂၀၁၀)

Wednesday, August 18, 2010

ဧရာဝတီ

ရာဇ၀င်များရဲ့ သတို့သမီးဘ၀ကို စွန့်လွှတ်ဝံ့သူမို့
ဧရာဝတီကို ငါ ဦးကျို့တယ်
လှမ်းလိုက်စမ်းပါ ဧရာဝတီ
ရှိန်ဟုန်ပြင်းပြင်း မာန်မထင်းတဲ့
ဟောဒီလျှောက်လမ်းထက်က ဧရာဝတီကို ငါမြတ်နိုးတယ်.....

မင်းရင်ထဲမှာ ငါတို့ ခိုခဲ့ကြတယ်
မင်းရင်ထဲမှာ ငါတို့ လူးလာဆန်ခတ်ခဲ့ကြတယ်
မင်းရဲ့သွေးသားတွေနဲ့ ငါတို့ အသက်ဆက်ရှင်ခဲ့ကြတယ်
မင်းရဲ့ နှလုံးသည်းပွတ်ကို ငါတို့ ဖမ်းယူ စားသောက်ခဲ့ကြတယ်
မင်းရဲ့ သွေးကြောထဲကို ငါတို့ ညစ်ကြေးစေခဲ့ကြတယ်........

လှမ်းလိုက်စမ်းပါ ဧရာဝတီ
ဒီလျှောက်လှမ်းပေါ်က သတို့သမီးရဲ့
မာန်ဝင့်ပုံကို ငါ လေးစားတယ်
ဧရာဝတီ နင် ဦးမခခဲ့ဘူး
ဧရာဝတီ နင် ရူးသွပ်မပြခဲ့ဘူး
ဧရာဝတီ နင် ကျူးယုတ်မပြခဲ့ဘူး
ဧရာဝတီ နင် မတွန့်ဆုတ်ခဲ့ဘူး.......

လှမ်းလိုက်စမ်းပါ ဧရာဝတီ
ထပ်ရဲရင့်လိုက်စမ်းပါ
နင့်သွေးဟာ မနီခဲ့ပါဘူး
ဒါပေမယ့် နင့်သွေးတွေ ကြည်တဲ့အခါ..
နင့်အတွေးဟာ မသတီစရာ မရှိခဲ့ဘူး
ဒါပေမယ့် နင့်အတွေးတွေ သီတဲ့အခါ..
နင့် ဂီတဟာ စည်းနဲ့ဝါး မပါခဲ့ဘူး
ဒါပေမယ့် နင့်ဂီတဟာ ရင်ကိုခတ်တဲ့အခါ......

လှမ်းလိုက်စမ်းပါ ဧရာဝတီ
ကဗျာအပြန်ကို လှမ်းကြိုပါ
သာယာသံကို နားကြိုပါ
နီပြာရောင် နဲ့ ဒီကြယ်ပွင့်ကို နင်နဲ့တူတူ ရဲရဲလွှင့်ထူကြရအောင်ပါ
ရဲရဲလှမ်းလိုက်စမ်းပါ ဧရာဝတီ...........


နေဦး
(သြဂုတ် ၁၈ ၂၀၁၀၊ ညနေ ၆း၀၆)


Tuesday, August 10, 2010

ငါ နှင့် ငါ နှင့် ငါ

တခန်းထဲနဲ့ ဒီပြဇာတ်ရပ်ပေမယ့်
အရှိုက်တွေ ဆက်ဆက်နေတယ်
အသက်တွေကို ကွင်းထိုးချည်ထားတတ်ကြပေမယ့်
အရှက်တွေက ကင်းမဲ့နေဆဲ........

ငါ အလှကို ဗန်းမပြခဲ့ဘူး
ဒါပေမယ့် ဘ၀က လန်းမလှတာကိုတော့
မြန်းမကြွတဲ့ ကံကြမ္မာကို ယိုးမယ်ဖွဲ့တယ်.........

ဖေဖေ မေမေ
ငါမဆိုတတ်ဘဲနဲ့ ဆိုတဲ့ သီချင်းနဲ့
လည်ချောင်းတွေက အက်တယ်
ငါ တတ်ခဲ့တာ ပထမဆုံးစကားလုံးက
မေမေ မဟုတ်ခဲ့တာ
ငါ့အမှားလား.......

ကြွားဝါတတ်သူကိုမှ
ဖ၀ါးဗလာထက်က ငါလိုလူက မုန်းတယ်
သွားပါ
ဒီလို ရုပ်လုံးကြွဇာတ်ထုတ်မှာ ငါမပါလည်း
ငါ့ သိက္ခာကတော့ မြဲတယ်........

မော်မဖူးဘူး
ထိုင်ခုံမရူးဘူး
ငါမြူးတဲ့နေရာက
နောက်ပိုင်းခန်းပဲ ဖြစ်ဖြစ်
ငါ့ကိုယ်ငါ ငါ စိစစ်တယ်.........

ပရိသတ်ဆိုတာကတော့
လက်ခုပ်တီးရုံ
တခါတရံ ငိုရှိုက်ရုံထက်
ဘာခရီးပိုသွားမလဲ
နောက်ဆုံးမှာတော့ အပြုံးတွေကြားကပဲ
ငါ မျက်ရည်တွေ ၀ဲဝဲ.........

ဒီလိုနဲ့ပဲ
ငါ့သီချင်းကို ငါဆို
ငါ့အပြိုကို ငါရေး
ငါ့အတွေးကို ငါထမ်းလျှောက်
ဆီမထိုးထားတဲ့ သံစဉ်တွေက
တချောက်ချောက်နဲ့ မြည်တယ်.....

နောက်တခေါက် ထပ်မဆိုကြေး
ဘ၀ကို လွေးရင်း
ဒီသီချင်းနဲ့ ငါဆိုတယ်
ဒီသီချင်းနဲ့ ငါငိုတယ်
ဒီသီချင်းနဲ့ ငါပြိုတယ်........

နေဦး
(သြဂုတ် ၁၀ရက် ၂၀၁၀၊ ညနေ ၆း၁၆)

Saturday, August 07, 2010

.......မျှသာ

ရွှေရောင်တွေဝင်းပနေတဲ့ သူ
ချိုသာတဲ့ အပြုံးကိုပိုင်ဆိုင်ထားတဲ့ သူ
ရွှင်ကြည်ဖွယ် မျက်နှာပေးနဲ့ စွဲဆောင်တတ်တဲ့ သူ
ကျေနပ်စဖွယ်ကမ်းလှမ်းမှုနဲ့ ပျော်ရွှင်စေတဲ့ သူ.........

သူ့အပြုံးကို တန်ဖိုးမက်ကြတယ်
သူ့အရောင်အဆင်းကို ငဲ့ကြည့်တတ်ကြတယ်
သူ့မျက်နှာပေးက ငေးမောစေတတ်တယ်......

သူ......
သူ......
သူ......
အိပ်မက်ထဲထိ ထိုးထွင်း
ငါ့စိတ်ကူးတွေ အသက်သွင်းသွင်းပေးတယ်.......

မျှော်စားလိုက်ရတာ
မော်ကြွားလိုက်ရတာ အိပ်မက်မရယ်
စကားတွေ အပြန်ပြန်အလှန်လှန်နဲ့
ငါ့နားတွေ အန်ထုတ်တဲ့ထိ
အပြုံးကြီးတွေနဲ့ ကြည့်ကြည့်.............

တကယ်တမ်းမတော့
ရွှေရည်စိမ်ထားတဲ့ သူရယ်
ဘက်ထရီနဲ့ အားဖြည့်ထားတဲ့
လက်ယပ်ခေါ်တဲ့ သူ့လက်ရယ်
ငါ ဘာမှန်းမသိတဲ့ သူ့ရင်ပေါ်က စာတွေရယ်...........

ငါ့စကားတွေကြားမှာ
နားထဲက ပျံ့လွင့်
ဟယ်ရီလင်းရဲ့ သီချင်းသံနဲ့ ၀ံ့တယ်
" သူ ခေါ်တယ် လာပါ လာပါ "..............

နေဦး
(သြဂုတ် ၇ ၂၀၁၀၊ မနက် ၁၀း၅၈)

Friday, August 06, 2010

နာမ်စား

အထားအသိုမှားတဲ့ နာမ်စားမို့
တန်ဖိုးခံများရဲ့ဘေး
ကျွန်တော်ဝေးဝေးနေတယ်.....

သတ်ပုံမှားတဲ့ နာမ်စားမို့
အပယ်ခံများရဲ့ဘေး
ကျွန်တော်တွေးနေတယ်.....

နာမ်စားရဲ့ တန်ဖိုးမို့
ကိုယ်ပိုင်များက ဝေးနေဆဲ........

နာမ်စားရဲ့ အလုပ်မို့
ကျွန်တော့်ပိုင်ရှင်ကို ညွှန်းဆိုနေရဆဲ........

နာမ်စားမို့ အသုံးများပေမယ့်
တန်ဖိုးမပိုင်ခြင်း
အစစ်မဟုတ်ခြင်း
အထီးကျန်ခြင်းတိုနဲ့ အတူ
ကြိယာပုဒ်ရဲ့ ဘေးက ဝေးဝေးရှောင်ဖို့ ကြိုးစားလည်း
ပြုသူ အပြုခံရသူ ကြိယာဆိုတဲ့ ဗမာစကား
ကျွန်တော့်သွေးသားထဲ လည်ပတ်နေတုန်း.......

ပြုသူက ကြိယာရဲ့ ဝေးနေနိုင်ပေမယ့်
အပြုခံရသူကို ကိုယ်စားပြုတဲ့နာမ်မို့
ကြိယာပုဒ်ကို တွယ်ဖက်
နာမ်စားဘ၀အတွက် ကျွန်တော့်ကို နင်းချေရက်ခဲ့တယ်.........

နေဦး
(သြဂုတ် ၆ ၂၀၁၀၊ နေ့လည် ၁၁း၅၄)

Thursday, August 05, 2010

ကျိန်စာ စကား နား

ဟယ်ရီပေါ်တာနဲ့ နင်လားငါလား
မှော်တွေနဲ့စကားများခဲ့တာ ဒီည
ခါးသလား များသွားသလား
ငါဘာမှမကြားတော့ဘူး
အသွားမပါတဲ့ဓားနဲ့ ခုတ်မိတဲ့
အဲဒီသံယောဇဉ်ကြိုး
ငါ့ဓားကိုပြန်ခိုးသွားတယ်။

ငါဘာမှ မကြားမိပါဘူး
မင်းနှုတ်ခမ်းက မလှုပ်တဲ့ ဒီစကား
ငါ ဘယ်တုန်းကများ ကြားမိပါလိမ့်မလဲ
ရဲရဲပေါ့
စွဲစွဲမြဲမြဲပေါ့
ဟောဒီရင်ပျက်ပေါ်
အနားတွေ ခိုခိုသွား
ဒီဖလားနဲ့ ခပ်ပြီးတော့ပဲ
နင်ခြေဆေးသွား
အပါးမှာ အနားဟာ ဖွာနေပြီ
အသားဟာ ကျွတ်ကျွတ်ရွရွ
မင်းနှုတ်ခမ်းက မလှုပ်ခတ်တဲ့ ဒီစကား
ငါမကြားမိပါ့လား
မင်းပြောပြခဲ့ပါအုံး
ပုန်းတမ်းဖော်တမ်း ငါ့ရင်ပျက်ကတော့ ကြမ်းတယ်..........

နေဦး
( သြဂုတ်လ ၅ရက် ၂၀၁၀၊ ည ၁၁း၂၆)

Saturday, July 10, 2010

ကသိကအောက် လက်ရေးစုတ်

ဆောရီးပါ
ငါ နိုးမထချင်သေးဘူး
ငါ့လက်ရှိ meeting ထဲ
အိပ်စက်ခြင်းနဲ့အတူ အနာဂတ်အရေး ဆွေးနွေးနေတုန်း…..

အသံစာစာနဲ့ အော်ကျက်ခဲ့တဲ့ ညအခါ လသာသာကြားထဲ
ငါ့ခံစားချက်တွေကို တစိတ်တခြမ်းဖဲ့ပြီး အလွတ်မှတ်လို့ရမလား
ခါးပါတယ်ဆိုလညှ်း
အဲဒီ ဘလက်ကော်ဖီကို ငါက သကြားနည်းနည်းနဲ့ ကြိုက်နေတုန်း….

ပြိုကြလာတဲ့ စကားလုံးတွေရဲ့ကြား
ထီးဆောင်းထားရုံနဲ့ ငါတို့တွေ အတွက် လုံလောက်ပါ့မလား
အဲဒီခပ်ဖျားဖျားလူနာက ကဗျာတွေနဲ့ ငါတို့ ခေါင်းအထက်က ရွာရွာကျတယ်…..

ဟိုတနေ့က
နှလုံးသားကို နှစ်ခြင်းခံခဲ့တာ
သူ အချစ်ဆိုတာကို ရှာတွေ့ခဲ့တယ်တဲ့
ပြန်လွတ်လာတော့ နှလုံးသားတခုလုံးကတော့
ရေတွေ စိုစိုရွှဲလို့ မွန်းကျပ်နေတဲ့ ဒဏ်ရာနဲ့
သူ ဒီတသက်စာ ဖျားနာနေတော့မယ်………..

ကယ်ကြပါ ယူကြပါနဲ့
ပေးကြပါ ကမ်းကြပါ
ဘယ်အသံက ပိုသာမလည်း
ဟောဟိုကစောင်းတလက်က “နှင်းပျောက်တဲ့နွေ” ကို ကျူးရင့်ရင်း ငါ့ကို အရွဲ့တိုက်တယ်…….

နှင်းဆီက ဖြူသလား နီသလား ၀ါသလားထက်
သူ့ရဲ့ အမွှေးဓာတ်ကို ဖျားနာနာ ဥယျာဉ်မှုးထံ ပေးခဲ့တာ ပိုအရေးကြီးပါတယ်
မင်းသားလေးရဲ့ အခြေအတင်လိုပေါ့
သူ့မျက်လုံးတွေ မပြိုခင်အထိ သူညည်းသွားတယ်
ချစ်တတ်ဖို့ အရမ်းကို ငယ်လွန်းပါသေးတယ်တဲ့……

ငါ့ကို နှုတ်ပိတ်ပေးလှည့်ပါ
ဒီကမ္ဘာမှာ ငါလေ့လာစရာတွေ ကျန်သေးတယ်………

နေဦး
(၂၀၁၀ ဇူလိုင် ၁၀ စနေနေ့၊ နေ့လည် ၁၁နာရီ ၁၁မိနစ်)

Thursday, July 01, 2010

ရောက်ခဲ့တဲ့ ပန်းတိုင်

သူ......
သူသတ္တိတွေ ရှိလာပုံများ
သူတသက်လုံး ကျောပိုးထမ်းခဲ့ရတဲ့ အိပ်မက်တွေကိုပစ်ချ
အဲဒီ အိပ်မက်မကို သူနာကြည်းမှုတွေနဲ့ ပါးချပစ်တယ်.......

အဲဒီအိပ်မက်တွေကိုပဲ ထမ်းပိုးလာရတာ
သူ့ကျောကုန်းတွေလည်း နာလှပေါ့......

ခံစားချက်တွေက ရင်ထဲမှာ အမြစ်တွယ်နေပြီ
ငါဘာလုပ်နိုင်ခဲ့သလဲ
ငါ့ခရီး ဘယ်အထိနီးခဲ့သလဲ
ငါ့အတွေး ဘယ်လောက်များ လက်တွေ့အဖြစ်ထွင်းထုနိုင်ခဲ့သလဲ
သူ့ရဲ့နားတွေထဲမှာ ပြန်ပြန်ကြားပုံများ
သူ့အသည်းနဲ့  အိပ်မက်ဓားက တထပ်တည်းကျလို့.............

ခုတော့လည်း
သူ ရင်နာမှုတွေနဲ့
အဲဒီအိပ်မက်ကို ကျောကုန်းပေါ်က ပစ်ချလိုက်တယ်......

သူ့အရိုးတွေကပဲ သူ့အတွက်သူ လေးလှပြီ........

မနက်ဖြန်ဆိုတာ မရှိတော့တဲ့နေ့
သူ ဖြည်းဖြည်းချင်း အသက်ရှုရင်း
လက်ကလေးက နွေးထွေးစွာ ဆုပ်ထားခဲ့တယ်.........


နေဦး
(၂၀၁၀ ဇွန် ၃၀ ည ၁၀နာရီ ၄၇ မိနစ်)

Sunday, June 27, 2010

Killem နှင့် ၂နှစ်တာ

   ကြာခဲ့ပြီဟု ဆိုရမလား ဖြတ်သန်းသွားရမယ့်ဘ၀ထဲက အကန့်တကန့်သာသာလို့ပဲ  ဆိုရမလား လာမည့် ၂၉ ရက်နေ့ဆိုလျှင် ကျွန်တော်လက်ရှိလုပ်နေသော ကုမ္ပဏီ Killem မှာ ၂နှစ်ပြည့်ပြီ။ အတန်အသင့်တော့ ကြာခဲ့ပြီဟုဆိုရမည်။ စင်ကာပူကျွန်းကို ရောက်ခဲ့တာ ခုအချိန်ဆို ၂နှစ်ခွဲကျော်သွားပြီ။ ကိုယ့်ကိုယ်ကို တချက်ပြန်ငဲ့ကြည့်ဖြစ်သည် ဘာတွေပြောင်းလဲသွားသလဲ၊ ဘာတွေတိုးတက်သွားသလ၊ဲ ဘာတွေယုတ်လျော့သွားသလဲ၊ ဘာတွေလေ့လာသိခဲ့သလဲ၊ ဘယ်ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပြီး ခုယုံကြည်ချက်တွေက ဘယ်လို ဖြစ်တည်လာသလဲ၊ ဘာတွေကို တန်ဖိုးပိုထားလာသလဲ စသည် စသည်ဖြင့် မေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိသည်။

      အိမ်ကခွဲထွက်လာတာ ၂နှစ်ခွဲသွားပြီဆိုပေမယ့် ခုထိ တခါမှ အိမ်မပြန်ဖြစ်သေး နဂိုကတိုင် အိမ်မကပ်သူပီပီ ထူးထူးခြားခြားလွမ်းတာ ပြန်ချင်တာမျိုးလည်း ဒီကာလထိတော့ ကျွန်တော့မှာ မရှိခဲ့။ ဒါပေမယ့် တခါတရံတော့ ကျွန်တော့ကိုချစ်တဲ့ အမေ၊ အားပေးတတ်တဲ့ စာဖတ်နာခဲ့တဲ့ ကျွန်တော်သိချင်တာရှိတိုင်း မေးခွန်းတွေထုတ်ခဲ့ရတဲ့ အဖေ့ကို လွမ်းမိတယ်။ ငယ်ငယ်ကတည်းက တကပ်တည်း ကပ်ခဲ့ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ဗေဒင် နက္ခတ်အကြောင်းတွေ ဘ၀အတွေ့အကြုံတွေကို ပြောပြပေးခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့အဘ(အမေ့ရဲ့ အဖေ)ကို လည်း လွမ်းမိသည်။ ထို့ထက်ပို၍တော့ သည်ကာလအတွင်းမှာ အိမ်ကို ထူးထူးခြားခြား မလွမ်းဘူးခဲ့။ အရာရာက ပုံမှန်အတိုင်းသာ လည်ပတ်ခဲ့သည်။

     ငယ်ကတည်းက အမေဆုံးမတဲ့ အတိုင်း တနေ့တနေ့ အိပ်ယာဝင်ပြီဆိုတာနဲ့ ဒီနေ့ငါဘာလုပ်ခဲ့သလဲ ပညာ၊ ဥစ္စာ၊ ကုသိုလ် သုံးခုထဲက ဒီနေ့ ဘာရခဲ့သလဲဆိုပြီး နဖူးပေါ်လက်တင်စဉ်းစားတဲ့ အကျင့်ကတော့ မပျောက်ခဲ့။ ကိုယ့်ကိုယ်ကို ဘာမှန်းမသိအောင် အသုံးမကျဖြစ်ခဲ့ရတဲ့ နေ့ရက်တွေ ရှိသလို အတော်အသင့် ပျော်ရွှင်မှုရလောက်တဲ့ နေ့မျိုးတွေလည်း ကျွန်တော်ရခဲ့သည်။ ၂၆နှစ်ပြည့်လို့ ၂၇ထဲရောက်နေတဲ့ ကျွန်တော့်အသက်အရွယ်မှာ ကျွန်တော်က ဘ၀အကြောင်းသိပါပြီလို့ မဆိုလိုသော်လည်း ဒီနှစ်နှစ်အတွင်းမှာ ဘ၀အကြောင်း လူတွေအကြောင်းကိုတော့ အတော်သိခဲ့ရသည် လေ့လာမိခဲ့သည်။ ကောင်းတာတွေလည်း သိခဲ့သလို ဆိုးတာတွေကိုလည်း တီးမိခေါက်မိရှိခဲ့သည် အမေပြောတတ်ခဲ့တဲ့ လူ့ဘ၀က ထင်သလောက် မရိုးရှင်းဘူးဆိုသည့် သပွတ်အူတွေကို ခပ်ရေးရေးတော့ သဘောပေါက်လာခဲ့သည်။ ငယ်တုန်းကလို ကမ္ဘာကြီးကို ခါးစောင်းတင်ပြီး ဟိုဘက်ဒီဘက် ရွှေ့ပစ်လိုက်ချင်တာတွေထက် အကန့်အသတ်တခုအတွင်းက အကောင်းဆုံးအနေအထားကို ကြိုးစားပြီးယူရတာတွေကို လက်ခံလာသည်။ လုပ်ချင်တာကို လုပ်ခွင့်မရလို့ စိတ်ပျက်ညည်းညူတာထက် လုပ်ခွင့်ရတာကို အကောင်းဆုံးလုပ်ဖို့ ကိုယ့်ကိုယ်ကို သတိပေးရကောင်းမှန်းသိလာခဲ့သည်။ သိခွင့်ရလာခဲ့တဲ့ အသိတွေ အတွေ့အကြုံတွေကပဲ ကျွန်တော့်ရဲ့ ဒီ၂နှစ်တာ ကာလအတွင်း အမြတ်ဟုဆိုရမည်။
      
       အကောင်းဆုံးအနေအထားတခုမဟုတ်တောင်မှ ကျွန်တော့်ကို ဒီကျွန်းပေါ်မှာ အလုပ်လုပ်ခွင့်နဲ့ နေရာလေးတခုပေးခဲ့တဲ့ လေ့လာခွင့် သင်ယူခွင့်တွေ ပေးခဲ့တဲ့ Killem ကိုလည်း အတော်အသင့်တော့ ကျေးဇူးတင်မိသည်။ ဒီမှာနေရင်းပဲ စင်ကာပူကျွန်းအကြောင်း သူတို့လူမျိုးတွေအကြောင်း သူတို့ရဲ့ ယဉ်ကျေးမှုတွေအကြောင်းကို အတော်တော့ လေ့လာမိခဲ့သည်။ နောက်တခု ကံကောင်းတာက မန်နေဂျာက အဖြူ အမေရိကားလူမျိုးဆိုတော့ သူနဲ့ စကားပြောရင်း အင်္ဂလိပ်စကားပြောက အတော်အတန်တော့ တိုးတက်လာခဲ့သည်။ နောက် သူက အရှေ့တိုင်းသားတွေလို လျှိုတာတွေ ပညာပြတာတွေ သိပ်မလုပ်တတ် ပွင့်လင်းသည် ကြိုက်ရင်ကြိုက်တယ် မကြိုက်ရင် မကြိုက်ဘူး သိချင်တာရှိရင်မေး သူသိသလောက် ရှင်းပြသည်။ ကျွန်တော့်ရဲ့ စင်ကာပူ အတွေ့အကြုံအတွက် ဒီတချက်ကတော့ အတော်ကံကောင်းသည်ဟု ဆိုရမည်။
       
       အသိတွေ လေ့လာမှုတွေမှာ အတော်အသင့်တိုးတက်လာသည်ဟု ဆိုရပေမယ့် Personal Fortune ပိုင်းကတော့ အတော်ကို ဆိုးဝါးသည်ဟုပဲ ကိုယ့်ကိုယ်ကို သုံးသပ်လိုက်သည်။ ကံဇာတာကလည်း ကိုယ့်ဘက်ကို မပါသလို ကိုယ်လုပ်သမျှ အမှားတွေကလည်း ရှိနေခဲ့သည်။ အထူးသဖြင့် အသုံးအဖြုန်းစည်းကမ်းမရှိတတ်တဲ့အကျင့်က အတော်ကို လူကို ဒုက္ခရောက်စေခဲ့သည်။ တနေ့ တနေ့ ကိုယ့်ရဲ့ Personal Account ကို စာရင်းသွင်းရင်းကြည့်ရတာလည်း အမော။ ဘယ်တော့ကြည့်ကြည့် ကိုယ့်ရဲ့ Net Worth ကလည်း အနှုတ်က တက်မလာသေး ဒီအချိန်တွေကို လွတ်အောင် အတော်ရုန်းကန်ရဦးမည် ဆိုတဲ့အသိက ခေါင်းထဲမှာ သံမှိုလို စွဲလာနေခဲ့ပြီ။ ကိုယ့်ရဲ့ မိဘကိုလည်း တစုံတရာ ပြန်ပေးချင်ပြီ ကိုယ့်အကိုကြီးကိုလည်း အလုပ်လေးတခု လုပ်လို့ရအောင် စီစဉ်ပေးချင်ပြီ နောက် စုစုဆောင်းဆောင်းနဲ့ ကိုယ်ပိုင် အလုပ်ကလေးတခုကို ပိုင်ဆိုင်ချင်သည်။ အိပ်မက်တွေအတွက် ကိုယ့်မျှော်လင့်ချက်ကိုယ်ကို Plan လေးတွေ ချထားမိသည်။ တထပ်တည်းကျအောင် မသွားသော်လည်း အတော်အတန်တော့ လမ်းကြောင်းလေးပေါ်မှာရှိနေသေးတာ ကံကောင်းသည်။ ဒီလိုအနေလေးတခုရဖို့ ပျော်နေခဲ့သော်လည်း ခုလက်ရှိအလုပ်လေးမှ စွန့်ဖို့ စဉ်းစားနေမိပြီ နောက်နှစ် ဒီအချိန် ဒီအလုပ်မှာ ရှိမနေချင်တာက ကိုယ့်ရဲ့ ပထမဦးဆုံး ရည်မှန်းချက်။ အပြောင်းအလဲတခုရဖို့ စွန့်လွှတ်လိုက်ရတာတချို့ ကတော့ ရှိနေမှာ သေချာသော်လည်း မပြောင်းမဖြစ်တဲ့အခါ ပြောင်းရဦးမည်။ ၂နှစ်ရှိခဲ့ပြီ သူ့ဆီက ရရှိမှုက ကိုယ့်အတွက် အခြေခံကောင်းကို ပေးဖို့ မစွမ်းသာခဲ့။ အရမ်းကာရော မမျှော်လင့်သော်လည်း ကိုယ်နဲ့ တန်ရာတန်ရာကို မျှော်လင့်မိတာကတော့ အမှန်ပင်။

       အရင်က လုပ်ခဲ့သမျှအလုပ်တွေက ကိုယ်စိတ်ပါရင် စိတ်ပါသလိုသာ လုပ်ခဲ့ရတဲ့အလုပ်တွေ ခု အချိန်ပြည့် အလုပ်တခုကို စလုပ်ခဲ့ပြီးကာမှ ကိုယ့်ရဲ့ ပညာရေးဆိုင်ရာ တိုးတက်မှုကတော့ ဆိုးဆိုးရွားရွားကို ရပ်တန့်သွားသည်။ ကိုယ်ကိုယ်တိုင်ကို လုံးဝကို စိတ်တိုင်းမကျခဲ့ ဒီအတွက်လည်း စိတ်ကူးတွေထဲမှာ အကြိမ်ပေါင်းများစွာ ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။ ကိုယ့်အားနည်းချက်က အလုပ်ရယ် အချိန်ရယ် ပိုက်ဆံရယ် ကြားက Balance ကို ကျွမ်းကျွင်အောင် မမျှဝေတတ်ခဲ့။ အဲသည်အားနည်းချက်ကို ခုကစလို့ ပြင်ရမည်။ ပါးစပ်နဲ့ အတွေးနဲ့ ပြင်ခဲ့သည်ကတော့ များပြီ ခုကတော့ လက်တွေ့ကို ကြိုးစားပြီးပြင်ရမည်။ သူများတွေလည်း ဒီလို ၂၄နာရီအတွင်းမှာ ဒါတွေ လုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်ရမည် မဟုတ်ပါလား။ မလုပ်နိုင်ဘူးဆိုကတည်းက အပွင့်လင်းဆုံးဝန်ခံရလျှင် ကိုယ်က ညံ့၍ဖြစ်သည်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုပဲ ပြင်နိုင်အောင် ကြိုးစားရမည်။

            အားလုံး ကိုယ့်ကိုယ်ကို အရင်းချုပ်ကြည့်မိသည် လူ့ဘ၀ရဲ့ အတွေ့အကြုံတွေကို ရလာသော်ငြား ကိုယ်မျှော်မှန်းသည့် လိုချင်သည့် ပန်းတိုင်နှင့်က ဝေးနေသေးသည်။ ဒီနှုန်းနဲ့ သွားနေလို့ကတော့ တနေ့တလံ ပုဂံဘယ်မရွေ့ကို လိပ်နှုန်းနဲ့သွားနေသောသူ ဖြစ်နေလိမ့်မည်။ ရသော အချိန်တိုတိုလေးအတွင်းမှာ အမြန်နှုန်းကို မှန်မှန်ကန်ကန် သမာသောနည်းလမ်းဖြင့် အရှိန်မြှင့်ယူရမည်။ ခုတော့လည်း ခရာဆူး၏ သဘောကို နားလည်သလိုလို ဖြစ်လာပေပြီ...........

နေဦး
(ဇွန် ၂၆ ၂၀၁၀၊ ၁၁နာရီ ၄၈ မိနစ်)

Sunday, June 20, 2010

ချစ်သူဖြစ်စာမေးပွဲ

ဖြေဆိုရန် ဘာသာတွဲ

ချစ်ခြင်း အတတ်
မြတ်နိုးခြင်း အတတ်
ဂရုစိုက်ခြင်း အတတ်
ကြင်နာခြင်း အတတ်
ယုယခြင်း အတတ်
အနစ်နာခံခြင်း အတတ်
လိမ်လည်လှည့်ဖြားခြင်း အတတ်

အမှတ်စာရင်း

ချစ်ခြင်း အတတ်                                            ၁၀၀              
မြတ်နိုးခြင်း အတတ်                                       ၁၀၀
ဂရုစိုက်ခြင်း အတတ်                                      ၁၀၀
ကြင်နာခြင်း အတတ်                                      ၁၀၀
ယုယခြင်း အတတ်                                         ၁၀၀
အနစ်နာခံခြင်း အတတ်                                   ၁၀၀
လိမ်လည်လှည့်ဖြားခြင်း အတတ်                          ဝ

စာမေးပွဲစည်းကမ်းအရ
တစ်ဘာသာကျရုံနဲ့
ငါဒီစာမေးပွဲရှုံးခဲ့တယ်.........

လူမော်
(၂၀၁၀ ဇွန် ၂၀ ည ၁၁နာရီ ၅မိနစ်)

Prince of Persia

ဂိမ်းတွေ စထွက်ကတည်းက အရမ်းနှစ်သက်ခဲ့တဲ့
ဂိမ်း။ အခုလို ဇာတ်လမ်းပြန်ရိုက်လိုက်တော့လည်း
ဇာတ်လမ်းရဲ့ တချို့နေရာတွေမှာ သိပ်ဘ၀င်မကျပေမယ့် ပါးရှားမင်းသားအပေါ်မှာ ဂိမ်းကတည်းက နှစ်သက်ခဲ့တဲ့
သံယောဇဉ်နဲ့ နှစ်သက်မိတယ်။ သူ့ရဲ့ အက်ရှင်နဲ့
အန်နီမေးရှင်းက ပရိသတ်ကို
ကောင်းကောင်းကျေနပ်မှုပေးနိုင်တယ်လို့
ထင်တယ်။ မဖြစ်နိုင်တာတွေ အရမ်းများပေမယ့်
အစကတည်းက မဖြစ်နိုင်တာတွေကို ရိုက်ပြနေတာကို
ကြည့်နေတာပဲ ဆိုတော့ အတော် အဆင်ပြေသွားတယ်။
ဒါပေမယ့် မဖြစ်နိုင်တာတွေကိုပဲ သူ့ရဲ့ စိတ်ကူးယဉ်လေးက အတော်တော့ ကျေနပ်စရာ အကောင်းသား။ သရုပ်ဆောင်ပိုင်းအရ ဆိုရင်တော့ မဆိုးပေမယ့် သိပ်ကျေနပ်စရာတော့ မကောင်းလှဘူး။ ဇာတ်ကား တကားလုံးစာခြုံပြောရမယ်ဆိုရင်တော့ အရမ်းကောင်းတဲ့ ဇာတ်ကားတကား မဟုတ်ပေမယ့် တခါကြည့်ရုံတော့ စိတ်ကျေနပ်ဖွယ်ရာကောင်းတဲ့ အလယ်အလတ်အဆင့် ဇာတ်ကားကောင်း တကားလို့ ညွှန်းချင်တယ်။ ကျွန်တော့်အမြင်အရဆိုရင်တော့ ဒီဇာတ်ကားကို ၆/၁၀ လောက်ပေးမယ်။

ဇာတ်လမ်းအကျဉ်းချုပ်။     ။ဇာတ်လမ်းက ပါရှားပြည်မှာ ဘုရင်က သူနဲ့ သွေးမတော် သားမစပ် ကောင်လေးတယောက်ကို မွေးစားလိုက်ရာက စတယ်။ သူက နန်းသွေးမပါတဲ့ ပါရှားရဲ့ မင်းသားတပါး ဖြစ်လာတယ်။ သူအရွယ်ရောက်လာတဲ့ အခါမှာ ဘုရင့်ညီတော်ရဲ့ စုံစမ်းမှုတွေအရ Alamut ဆိုတဲ့ Holy City က ပါရှားရဲ့ ရန်သူတွေကို လက်နက်ထောက်ပံ့နေပါတယ်လို့ သိတဲ့ အခါ သူတို့ အဲသည့် အာလာမက်ကို စစ်ချီထွက်ကျတယ်။ အဲသည်မှာ မင်းသား ဒက်စတန်(မွေးစားသား)က သူ့ကို မှာထားတဲ့ စကားကို နားမထောင်ဘဲ မြို့ထဲကို ခိုးဝင်ပြီး မြို့တံခါးကို ဖွင့်ပြီး စစ်ချီစေခဲ့တယ်။ အဲဒီအချိန်မှာ စစ်အရေးနိမ့်နေတာကို သိတဲ့ မင်းသမီးက သူတို့ရဲ့ ရတနာ ဓားကို ယူပြီး သူ့ရဲ့ ငယ်သားတယောက်ကို ထွက်ပြေးစေတယ်။ ဒါပေမယ့် ထင်သလိုမဖြစ်ဘဲ အဲဒီဓားက မင်းသား ဒက်စတန်ရဲ့လက်ထဲကို ရောက်သွားတယ်။ ပါရှားမင်းသားရဲ့တောင်းဆိုချက်အရ မင်းသမီးက မင်းသားအကြီးနဲ့ လက်ဆက်ဖို့ သဘောတူလိုက်တယ်။ ဒက်စတန်က သူ့ကို အပြစ်တင်မှာစိုးရိမ်ပေမယ့် သူ့ကို ၀ိုင်းချီးကျူးခဲ့ကြတယ်။ နန်းတော်ကိုပြန်ရောက်တော့ ဘုရင်ကို လက်ဆောင်တွေ ပြန်ဆက်ရာမှာ ပေးဖို့ ဆိုပြီး ဒက်စတန်ကို သူ့ရဲ့ အစ်ကို မင်းသားက ၀တ်ရုံတခုလာပေးတယ် ဒက်စတန်ကလည်း ညီလာခံထဲမှာပဲ သူ့ရဲ့ မွေးစားဖခင် ဘုရင်ကြီးကို ဆက်လိုက်တယ် ဒါပေမယ့် မမျှော်လင့်ဘဲ အဲဒီဝတ်ရုံက အဆိပ်တွေပါနေပြီး ဘုရင်က အဲဒီ့နေရာမှာ လဲကျသွားတော့ လူအားလုံးက ဒက်စတန်ကို ၀ိုင်းဖမ်းဖို့ ကြိုးစားရာမှာ ဒက်စတန်က အာလာမက် မင်းသမီးနဲ့ အတူ ထွက်ပြေးသွားခဲ့တယ်။ ဒက်စတန်က သူ့ရဲ့ရိုးသားမှုကို ပြဖို့ ကြိုးစားရင်း ဒါ သူ့ရဲ့ မွေးစားဦးလေးရဲ့ အကောက်ကြံမှုနဲ့ ဘာကြောင့် အခုလို လုပ်ကြံဖို့ကြံစည်သလဲဆိုတာကို သူသိသွားတဲ့အခါမှာဆိုပြီး ဇာတ်လမ်းကို မထင်မှတ်တဲ့ အကောက်အကွေ့လေးတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေးတကားပါ။

Friday, June 18, 2010

ဖိနပ်မစီးတတ်သေးတဲ့ကောင်

Freedom Freedom Freedom
ငါတို့တွေ လိုချင်တပ်မက်စိတ်နဲ့
ယစ်ယစ်မူးမူး အော်ဟစ်ခဲ့ကြတာများ
အာခေါင်များတောင် ခြောက်လို့..........
ဒါပေမယ့် အဲဒီလွတ်လပ်မှုတွေထဲ
ငါတို့တွေ ပြန်ပိတ်မိနေခဲ့တယ်......

ငါတို့ခိုင်းဖို့ ဖန်တီးခဲ့တဲ့ ပိုက်ဆံတွေက
ခုတော့ ငါတို့ကျောကုန်းကိုပြန်စီး
ငါတို့ကို ခြေဗလာနဲ့ ဒီခရီးပြန်လျှောက်ခိုင်းတယ်......

အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်
မြင်ဖူးသူလည်း မရှိ
အဓိပ္ပါယ်လည်း အတိအကျမသိ
စွန့်လွှတ်လိုက်ခြင်းတွေ
ပိုင်ဆိုင်တာတွေနှော
အယူအဆတွေကရောလို့..........

ကင်ဆာ အေအိုင်ဒီအက်စ်တဲ့
၉၆ပါး List ထဲမှာတုန်းက
သူတို့ကော ပါခဲ့ကြသတဲ့လား
နောက်တက် ရောဂါတွေနဲ့
ကမ္ဘာကဖျားနာလို့................

အဲဒီ မပြည့်စုံမှုတွေနဲ့ မသေချာမှုတွေပြည့်နှက်ဆဲ
ဟောဒီ ဘ၀ရဲ့ Trial Version ထဲမှာ  မောလှပြီ
ငါ ဘာသိခဲ့ရလို့လဲ
ဘ၀ရဲ့ သင်ခန်းစာတွေထဲမှာ
ဒီနေ့က အမှန်တရားတွေဟာ
မနက်ဖြန်ရဲ့ ရှာဖွေတွေ့ရှိမှုနဲ့အတူ
အမှားတွေ အဖြစ်
သွန်ပစ်ခံနေရလို့..................

ဒီလူ့ဘ၀ထဲ ငါတို့ ဘာများသိခဲ့ရသလဲ
သိသမျှလည်း မှန်လိုက်မှားလိုက်နဲ့
ချာချာလည်နေဆဲ
Trial သာ ရခဲ့တဲ့ လူ့ဘ၀ထဲ
မောတယ်.......

ကျွန်ဖြစ်ကျန်ခဲ့တဲ့ ငါ့အချစ်တရားကကော
မနက်ဖြန်မှာ ဘာတွေပြောအုံးမလဲ.............

ကွန်အပစ်ခံရတဲ့ ယုံကြည်မှုတွေကကော
မနက်ဖြန်မှာ ဘာတွေပြောအုံးမလဲ............

လွန်ရစ်ကျန်ခဲ့တဲ့ မသေချာမှုတွေကကော
မနက်ဖြန်မှာ ဘာတွေပြောအုံးမလဲ...........

နွံအနှစ်ခံလိုက်ရတဲ့ ရိုးသားမှုအတွေးများကကော
မနက်ဖြန်မှာ ဘာတွေပြောအုံးမလဲ............

ကဲ လောကကြီးရေ ဖြစ်နိုင်ရင်
မင်းရဲ့ Full Version လေး ငါတို့ကိုပေးပါ။

လူမော်
(၁၈ ဇွန် ၂၀၁၀ မနက် ၁နာရီ ၄ မိနစ်)


Friday, June 11, 2010

လူ့ကျင့်ဝတ် သို့

ငါ့ကို လာလာမပေးပါနဲ့
ဇွတ်အတင်းလည်း မ၀တ်ခိုင်းကြပါနဲ့
အဲဒီ အက်ႌျဖဴျဖဴ ငါတကယ္ကို မ၀တ္လုိဘူး..
ငါ့အတွက်တော့
ခင်ဗျားတို့ စေတနာရှိတယ်ဆို
ရစ်ပတ် ယှက်သွေး
အမည်းရောင်ရင့်ရင့် အင်္ကျီလေးကိုပဲ သဘောကျတယ်..
အနည်းဆုံးတော့ ကျုပ်စိတ်အရောင်ကို သူက ဖျော့တော့သွားစေတယ်လေ
ရစ်ပတ်ဝိုင်းရံ အဖြူတွေချည်းပဲ မံထားမှတော့
နည်းနည်းလည်း များများပေါ်မှာပဲ မဟုတ်လား……
ကြည့်ကြည့်လိုက်စမ်းပါ
ရှေ့နေ တရားသူကြီး
ဂုဏ်သရေ ရှိပါတယ် ဆိုတဲ့ လူကြီးမင်း အားလုံး
အမည်းရောင် ၀တ်စုံတွေကိုပဲ ၀တ်ဆင်ကြတယ်………….
ကိုယ့်အဖြစ်ကို ကာကွယ်ကြဖို့လိုတယ်လေ………

လူမော်
( ၂၀၁၀ ဇွန်လ ၁၁ရက် နေ့လည် ၁၁နာရီ ၄၇ မိနစ်)

အသက်ရှုကျပ်ခြင်း

ဟေ့ဒီမှာ ဒီမှာ
ဒီနေ့ ဆိုတာ မနေ့တုန်းက ရဲ့ မနက်ဖြန်လေ
ကိုယ့်ကိုများ အနာဂတ်မှာရပ်နေတယ်ထင်လို့လား
မနေ့က နဲ့ မနက်ဖြန် သဏ္ဍာန် သိပ်မတူလည်း ဟန်နဲ့ ပုံစံကွဲမသွားပါဘူးကွယ့်
မနက်နေ့လည်ည ပြီးတော့ စားကြသောက်ကြ ရုန်းကန်ကြနဲ့ အတူတူပါပဲ
ငါ့အတွက်တော့ မနေ့ကနဲ့ ဒီနေ့ ရုပ်ကလေးကွဲသွားတာ အသက်ကလေးကွာသွားတာကလွဲလို့
အကုန်တူတူပါပဲ

စိုးရွံ့မနေပါနဲ့ ကောင်းကင်ကို ရဲရဲဝံ့ဝံ့မော့ကြည့်လိုက်စမ်းပါ
အဲဒီမှာ ငါ့နှလုံးသား မိုးရွာချနေတယ်လေ
အသံမထွက်ဘူး ဘယ်သူ့ကို စိုရွှဲမသွားစေဘူး
ဒါပေမယ့် နင်လိုချင်ရင် နင့်အတွက်တော့ ငါ့မိုးရည်စက်တွေနဲ့ အေးမြစေနိုင်ပါတယ်လေ။

မင်းမတွေ့သေးရင် သေချာကြည့်ကြည့်ပါ
ဟိုးမိုးကုတ်စက်ဝိုင်းရဲ့ သက်တန့်တွေကြားတနေရာမှာ
ငါ့နှလုံးသားရှိနေတယ်
မင်းလှတယ်လို့ပြောတဲ့ သက်တန့်အတွက်
ငါ့နှလုံးသားမှာ မိုးရေတွေစိုရွှဲ နေကျဲကျဲတောက်ပူပေးခဲ့ရတယ်။

ပြီးတော့
ငါ့အတွက်တနေရာစာ ဘာလဲ
တိတ်တဆိတ်နင်နှင်ထုတ် ဟိုးမိုးကုတ်စက်ဝိုင်းအစွန်းအထိကို
ငါဆုတ်သွားရတယ်။

ငါ့အတွက်တော့ အတိတ် နဲ့ အနာဂတ် ဘာမှ မပတ်သက်သလို
ဘာမှလည်း ထူးမလာသလိုပါဘဲ
ခုတော့ ပစ္စုပန်မှာပဲ တောင့်တောင့်ဲကြီးရပ်လို့ပေါ့
အိပ်မက်တောင် ရဲရဲမမက်ရဲတော့တဲ့ ဘဝ
မနက်ဖြန်အတွက် မျက်ရည်ကျမှ သိလိုက်ရတယ်။

တောင်းပန်ပါတယ် ဒီတညတော့ ကောင်းကောင်းအိပ်စက်ပါရစေ......
ဘာဖြစ်လို့လည်းဆိုတော့
ငါနင့်ကို ချစ်လွန်းမိတယ်လေ.......

လူမော်
(၂၀၀၉ နိုဝင်ဘာ ၁၈)

သာယာသောနေ့

တိမ်ညိုရစ်ဆိုင်း တိမ်ရစ်မှိုင်းလျက်
တိမ်ရိပ်များ ကာ နေမသာလည်း
လေပြေလည်းတိုက် ဒီအခိုက်မှာ
အေးမြညှာကြည် ရွှင်ကြည်နှလုံး
စိတ်ဝယ်ပြုံးသည်
သာယာသောနေ့ ဖြစ်ပေသည်........

လူမော်
(၂၀၁၀ ဧပြီ ၁၂)

စွန့်ခွာသွားတဲ့ ယာစကာ

စကားလုံးတွေ တနင့်တပိုးနဲ့
အိပ်မက်တွေထဲက ရုန်းမထွက်နိုင်တဲ့ လူတယောက်
နှလုံးသား ခံစားချက်အစစ်တွေကို ယာစကာလို လိုက်တောင်းခံရင်းနဲ့
အော်ဟစ်ငိုကြွေး
သူ လူ့ဘ၀ရဲ့ အခြေအနေမှန်ကို တွေ့သွားခဲ့တယ်.......
ရွှေရည်စိမ် အသည်းတွေရယ်
စိန်စီထားတဲ့ အတွေးတွေရယ်
ပလက်တီနမ် ကွပ်ထားတဲ့ အိပ်မက်တွေရယ်........
သူ့ရင်ထဲမှာ မောဟိုက်သွားတဲ့ အသက်ရှုသံ
မျှော်လင့်ချက်မဲ့သွားတဲ့ အိပ်မက်
ရွံ့ရှာမှု စိတ်ကုန်မှု စိတ်ပျက်မှု အပြည့်နဲ့သူပြောတယ်
သူခရီးတခု ထွက်တော့မယ်တဲ့.............
ဝေးလွန်းလှတဲ့ အတွက် သူ့ကိုယ်သူတောင်
ဘယ်ထိသွားမယ်ဆိုတာ မပြောတတ်တော့ဘူး
ဘယ်တော့ ရောက်မလဲဆိုတာလည်း သူမပြောတတ်ခဲ့ဘူး...........
သေချာတယ်
အဲဒီနေရာ
မင်းတို့လို စိန်စီသံတွေကို မက်မောတဲ့သူတွေ မရှိဘူး
ခံစားချက်တွေကို ချိန်ခွင်စက်မှာတင်ပြီး ရောင်းတဲ့သူမရှိဘူး
ဝိသမ လောဘမရှိဘူး........
ရှာမတွေ့နိုင်ဘူးဆိုတဲ့ စကားတွေအစား
သူကတော့ ယုံကြည်ချက်တွေနဲ့ အဲဒီ ခရီးကို ဆက်သွားတယ်
တနေ့နေ့တော့
ဒီခရီးငါရောက်လိမ့်မယ်လေ..............

လူမော်
( ၂၀၁၀ ဇွန် ၁၀၊ သန်းခေါင် ည ၁၂ တိတိ)

Friday, June 04, 2010

ဈာပနပွဲ


နောက်ဆုံးနှုတ်ဆက်ခြင်း
စကားလုံးတွေက အေးဆေးပြတ်သားခြင်း...
လိုက်ပို့သူရယ် ငါတယောက်တည်းရှိတဲ့ ဈာပန
ငါ့နှလုံးသားမှာ နင့်ကို သဂြှိဟ်လိုက်ရတော့မယ်
အိုမာခယမ်လို ပေါင်မုန့်တယှက်မရှိဘူး
ဝိုင်တခွက်မရှိဘူး
ငါ့မှာရှိနေတာ အတ္တပါးပါးရယ်
အမှတ်ရစရာ အတိတ်ခပ်ဝါးဝါးရယ်
မိုးပြာပြာကောင်းကင်အောက်မှာမဟုတ်ဘူး
လေထဲကဖယောင်းတိုင်သီချင်းကို ဘယ်သူမှ မဆိုဘူး
ကိုကျော်သူနဲ့ အပေါင်းအပါတစုတွေ မရှိဘူး

အတိတ်တွေထဲမှာ အိပ်မက်တွေ သိပ်မများဘူး
ဘယ်အသားထဲကမှလည်း လောက်မထွက်ဘူး
ခိုင်မာတဲ့ ငါ့ဆုံးဖြတ်ချက်နဲ့
နင့်ကို ငါ့နှလုံးသားမှာ မြေမြှပ်ပစ်ဖို့ စိတ်ကူးမရှိဘူး
နင့်ကို သဂြှိဟ်လို့ နင့်ရဲ့ ပြာတအိုးကို
ဟိုးအနက်ရှိုင်းဆုံးမှာ မြှပ်ထားလိုက်မယ်
ဆရာတင်ပြောသလို အချစ်ညှောင့်ဖြစ်ရင်လည်း
နှုတ်မရတဲ့အတူတူ တခါတရံ သတိတရရုံနဲ့ပဲ
မေ့မေ့ပျောက်ပျောက် ရှိပါစေတော့

ဒီခရီး ဒီလမ်းမှာ ဖြောင့်ဖြောင့်တန်းတန်းလျှောက်လို့
ဘယ်ရင်မှာပဲနင် ရှင်သန်နေပါစေ
ဒီရင်မှာတော့ နင့်ရဲ့ ဈာပန ဒီနေ့ချခဲ့တယ်
အဆုံးမသတ်လည်း နှုတ်ဆက်လိုက်မယ်……..

လူမော်
(04/06/10   6:03PM)

Thursday, June 03, 2010

ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေ


ကျွန်တော့်အဖေ မကြာခဏပြောတတ်တဲ့စကားလေးပါ။ နောက် ကျွန်တော့်ဆရာ့တယောက်ရဲ့ လက်စွဲစကားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နည်းနည်းတော့ ပြောပုံလေးကွာတယ်။ ကျွန်တော့်အဖေပြောနေကျက "ကောင်းကောင်းနေချင်ရင် ကောင်းအောင်နေ" တဲ့။ ဆရာပြောတတ်တာကတော့ ခေါင်းစဉ်လေးအတိုင်း "ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေ"။

ရုတ်တရက်တော့ ဖတ်ကြည့်လိုက်တာ အင်း ရွဲ့များပြောနေသလိုပါပဲ စဉ်းစားကြည့်လေ ပြောထားပုံကိုက ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေတဲ့။ အဲဒါတော့ သူပြောမှလား ကိုယ်လည်း သိတာပေါ့ ကောင်းကောင်းနေချင်မှတော့ ကောင်းကောင်းနေတာပေါ့။ စကားရဲ့ နောက်ကွယ်က အတိမ်အနက်ကို ငယ်ငယ်က မစဉ်းစားမိခဲ့ဖူးပါဘူး။ ဟုတ်ပါတယ် ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေရပါတယ်။ ကောင်းကောင်းနေခွင့်ရဖို့ အဲဒီလူဟာ ကောင်းကောင်းနေရပါတယ်။ ပြောရင်း စကားရှုပ်သွားလားမသိဘူး။

သူ့စကားရဲ့ မြှပ်ကွက်က ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေ။ ကောင်းကောင်းနေခွင့်ရဖို့ ကောင်းကောင်းနေရတယ်ဆိုတဲ့ အကြောင်းပါ။ ကောင်းကောင်းနေခွင့်ရဖို့ ကောင်းကောင်းနေရတယ်ဆိုတာ ဘာလဲ။ ကျွန်တော်တို့ ကျောင်းသားအရွယ်မှာ စာကြိုးစားရပါတယ် တကယ်ဆို စာကြည့်ရတာ ငြီးငွေ့ဖို့ ကောင်းပါတယ် ဒါဆို ဘာလို့ ကြည့်သတုန်း ကောင်းကောင်းနေခွင့်ရဖို့ပါ။ ပညာတတ်ဖြစ်တော့ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်ရရင်တောင် အမိုးအကာအောက် အဲကွန်းခန်းထဲမှာ အေးအေးဆေးဆေး အလုပ်လုပ်ရပါတယ်။ အဲဒါကို ကျောင်းသားဘ၀မှာ ကောင်းကောင်းနေတယ်လို့ ဆိုပါတယ်။

အလုပ်လုပ်တဲ့ အခါမှာကော ဥပမာ ကျွန်တော်တို့ သူများဝန်ထမ်းလုပ်နေတယ်ပဲ သဘောထား ကျရအောင်ပါ။ အလုပ်ကို ပုံမှန်သွားရပါတယ်။ ကိုယ့်အလုပ်ကို ပြီးအောင် လုပ်ရပါတယ်။ အလုပ်ကို ကြိုးစားပြီးလုပ်ရပါတယ်။ တကယ်တမ်း တဖက်က ကြည့်ရင် အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရတာ ကောင်းတာလားလို့ တွေးစရာပါ။ ဟုတ်တယ်လေ အလုပ်လုပ်ရတာ ဒီလောက်ပင်ပန်းတဲ့ ကိစ္စ ဘာလုပ်ဖို့ ပင်ပင်ပန်းပန်းလုပ်မှာတုန်း ကောင်းကောင်းနေဖို့ပါ။ အလုပ်ကြိုးစားခြင်းရဲ့ အသီးအပွင့်တွေကို ခံစားဖို့ပါ။ ယေဘုယျပေါ့နော် အလုပ်ကြိုးစားရင် ရာထူးတက်မယ် လခတိုးမယ် ၀င်ငွေများမယ်။ ၀င်ငွေများရင် ဘ၀မှာပိုပြီး သက်တောင့်သက်သာနေနိုင်မယ် ကောင်းကောင်းနေနိုင်မယ်။ မိဘကို ထောက်ပံ့နိုင်မယ် ကြွေးမြီဟောင်းကိုလည်း ကောင်းကောင်းဆပ်နိုင်မယ် ကြွေးမြီသစ်ကိုလည်း ကောင်းကောင်းချနိုင်မယ်။

အိမ်ထောင်ကျလာတဲ့ အခါလည်း လူတယောက်က ကောင်းကောင်းနေနိုင်ဖို့ ကောင်းကောင်း နေရပါတယ်။ ကိုယ်နဲ့ သွေးမတော် သားမစပ်ပေမယ့် ကိုယ်လက်ထပ်တောင်းရမ်းပြီး ယူထားတဲ့ ကိုယ့်အမျိုးသမီး ကိုယ့် ဇနီးမယားအပေါ်မှာကို သစ္စာရှိရပါတယ်။ အမျိုးသမီးများဆိုရင်လည်း ထိုနည်းတူပဲ ကိုယ့်ရဲ့ အိမ်ဦးသခင် လင်ယောက်ျားအပေါ်မှာ သစ္စာရှိရှိထိန်းသိမ်းရပါတယ်။ ဘာလို့တုန်းဆိုတော့ ကောင်းကောင်းနေရဖို့ပါ။ မဟုတ်ရင် ပဋိပက္ခတွေ ရန်ပွဲတွေနဲ့ အိမ်ထောင်တခုဟာ ပျော်ရွှင်ဖွယ်ထက် စိတ်မချမ်းမြေ့ဖွယ်ရာ ကောင်းနေပါလိမ့်မယ်။

စိတ်ထဲမှာ ပျင်းရိငြီးငွေ့တဲ့အတွေးတွေ ၀င်နေတိုင်း၊ ပေါ့ပေါ့နေတဲ့ စိတ်ထားတွေ ၀င်လာတိုင်း အဖေနဲ့ ဖုန်းပြောဖြစ်ရင် အဖေ့ဆီက ကောင်းကောင်းနေချင်ရင် ကောင်းအောင်နေဆိုတဲ့ စကားလေ တခွန်းကြားတိုင်း ပျင်းရိငြီးငွေ့မှုတွေကြားက လန့်လန့်နိုးလာတယ်။ စိတ်ထဲမှာလည်း အကြိမ်ကြိမ် အဖန်ဖန် ပြန်ရေရွတ်မိတယ်.......

......ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေ......

Tuesday, June 01, 2010

ဆန္ဒ တလွဲနဲ့ ဆုတောင်းအတိုက်အခံ

နင်ကလည်း နင်ချစ်တဲ့ နင့်ချစ်သူရဲ့ အချစ်ကိုရဖို့
ဘုရားသခင်ထံမှာ ဆုတောင်းတယ်
ငါကလည်း ငါချစ်တဲ့ နင့်ရဲ့ အချစ်ကို ရဖို့
ဘုရားသခင်ထံမှာ ဆုတောင်းတယ်
ဘယ်ဆုတောင်းကို ဘုရားသခင်ဖြည့်ပေးမှာလဲ……
ဆုပေါင်းတထောင်တောင် မပြည့်တဲ့
ထီပေါက်စဉ်အတွက်
လူ သိန်းသောင်း ၀ိုင်းဆုတောင်းကြတဲ့ အခါ
ဘယ်သူ့ဆုတောင်းကို ဘုရားသခင် ဖြည့်ပေးမှာလဲ………
တောင်းတဲ့ဆုပြည့်စေလို့ ဆိုတဲ့အခါ
ငါချစ်တဲ့ နင်ကလည်း ငါ့ကိုချစ်
နင်ချစ်တဲ့ နင့်ချစ်သူကလည်း နင့်ကိုချစ်နဲ့
ကြာကူလီဇာတ်လမ်းတွေ
နှစ်ပင်လိမ် သုံးပင်လိမ်ဇာတ်လမ်းတွေ မှိုလိုပေါက်လာလိမ့်မယ်………
အာဏာမြဲဖို့ ယတြာချေသူနဲ့
အုပ်ချုပ်သူပြောင်းဖို့ ဆုတောင်းသူ
ဖြေရှင်းသူက စစ်ပွဲဖြစ်လာတယ်…….
အကြမ်းဖက်မှုဖြစ်လာတယ်………
ဘုရားသခင်ကတော့ အကျီစားသန်ခဲ့တာမဟုတ်ပါဘူး
ငါတို့ကိုယ်တိုင်ကပဲ ဆန္ဒတွေကို
အထားအသို မတတ်ခဲ့တာ…………….

လူမော်

Monday, May 31, 2010

ရုံးဝန်ထမ်းဘဝ

စနေနေ့ကို မျှော်ပါသော်လည်း
ပျော်ရမည့် အကြံ တရက်သာခံ၍.....
ဆန်းဒေးညနေ ပူပင်ထွေပြား
ပျင်းစိတ်များလျှက်
ညှိုးငယ်စိတ်နွမ်း
မလန်းမရွှင်
အိပ်ချင်မူးတူး မန်းဒေးမုဒ်ဖြင့်
ရုံးသို့ရောက်လာ
ဒီတနင်္လာတွင်
ထပ်မံမျှော်လင့် တွေးဆင့်ရင်းဖြင့်
နောက်ထပ်၅ရက် ရုံးတက်ရမည်
ငါတို့ရုံးဝန်ထမ်းပါတကား.........

လူမော်

Wednesday, May 26, 2010

What's Eating Gilbert Grape?


ကြာတော့ကြာပါပြီ ၁၉၉၃ ခုနှစ်က ဇာတ်ကားလေးပါ မင်းသားက ကျွန်တော့်ရဲ့ ဖေးဘရိတ် Johnny Depp နဲ့ Leonardo Dicaprio။ ဇာတ်လမ်းက တော်ရုံတန်ရုံ မိန်းကလေးတွေ အတွက် ဆိုရင်တော့ မျက်ရည်ပေါက် ပေါက်ကျသွားစေအောင် ၀မ်းနည်းမိအောင် ရိုက်ထားတဲ့ Drama ဇာတ်ကားအမျိုးအစား။ ဂျွန်နီနဲ့ လီယိုနာဒို ရဲ့သရုပ်ဆောင်ချက်တွေက ဒီဇာတ်ကားရဲ့ တကယ့် အခရာပဲလို့ ပြောနိုင်တယ်။ အရမ်းငယ်သေးပေမယ့် ဒီဇာတ်ကားနဲ့အတူ လီယိုနာဒိုက အော်စကာဆုပေးပွဲရဲ့ ဇာတ်ရံဆုအတွက် ပဏာမအရွေးခံခဲ့ရတယ်။ သူ့ရဲ့ ပထမဆုံး ပဏာမရွေးခံရတဲ့ဇာတ်ကားလို့ သိရပါတယ်။ တချို့ကဆို တကယ့် စိတ်မနှံတဲ့ကောင်လေးကိုများ ထည့်ရိုက် ထားသလားလို့ ထင်ခဲ့ရတယ်လို့ ပြောရလောက်အောင် သူ့ရဲ့ သရုပ်ဆောင်ချက်က ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ နိုင်လွန်းလှတယ် ကျွန်တော် နှစ်သက်မိတဲ့ ဒီဇာတ်ကားကို ၈/၁၀ လောက်ပေးချင်တယ်....

ဇာတ်လမ်းအကျဉ်းချုပ်။ ။ Johnny Depp က ဒီဇာတ်ကားမှာ Gilbert Grape အဖြစ် သရုပ်ဆောင်သွားပါတယ်။ သူ့ရဲ့ မိသားစုမှာ သူက ငွေရှာပေးတဲ့ တခုတည်းသော ယောက်ျားလေးပါ။ သူ့ရဲ့ အဖေ ဆုံးသွားပြီးကတည်းက အမေက အိမ်ထဲက အိမ်ပြင် လုံးဝမထွက်တော့ပဲ စားသောက်နေလိုက်တာ တချိန်က အချောဆုံးဆိုတဲ့သူ့အမေက အ၀လွန်ပြီး အိမ်ပေါ်တောင် မတက်နိုင်တော့ပါဘူး။ သူ့ရဲ့ ညီမတယောက်က ကျောင်းမှာ စားဖိုမှုးလုပ်ခဲ့ဖူးပေမယ့် အဲဒီကျောင်းမီးလောင်သွားတဲ့ အခါမှာတော့ အလုပ်မရှိတော့ပဲ အိမ်မှာပဲ အိမ်မှုရေးရာကို စီမံနေရသူပါ။ နောက်ထပ် ညီငယ်ကတော့ Leonardo ပါ။ သူကတော့ ကျပ်မပြည့်ရှာတဲ့ ကောင်လေးတယောက် သူ့ကို အကိုကြီးက သွားလေရာ နေရာခေါ်သွားရပါတယ်။ အငယ်ဆုံးကောင်မလေးကတော့ အိမ်မှာပဲ နေပြီးကျောင်းတက်နေတဲ့သူပါ။ ဂျွန်နီက မြို့လေးရဲ့ တခုတည်းသော ကုန်စုံဆိုင်မှာ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် အဲဒီမြို့လေးမှာပဲ စူပါမားကက်ကြီးတခုက လာဖွင့်တဲ့ အခါ သူတို့ရဲ့ ဆိုင်ကလေးက ယိုင်နဲ့ နဲ့ အနေအထားရောက်သွားခဲ့တယ်။ ဂျွန်နီက သွားလေရာနေရာတိုင်းကို လီယိုကို ခေါ်သွားပေမယ့် ဖြစ်တတ်တဲ့ ပြသနာက လီယိုဟာ အမြင့်ကိုတွေ့ရင် တက်ချင်တာပဲ လူလစ်လိုက်တိုင်း လီယိုက အနီးနားက ရေစင်ကြီးတွေပေါ်ကို တက်လွန်းလို့ ရဲတွေနဲ့ဂျွန်နီ မကြာခဏ စကားများရပါတယ်။ ဂျွန်နီက သူ့ရဲ့ ဘ၀ကို မိသားစုအတွက် နှစ်မြုပ်ထားပြီး သူ့ရဲ့ ခံစားချက်တွေ အကုန်လုံးကို စွန့်လွှတ်ထားခဲ့သူ၊ သူတို့မြို့ကလေးကို အလည်တခေါက်အဖြစ်ရောက်လာခဲ့တဲ့ ကောင်မလေးနဲ့ ချစ်ကြိုးနွှယ်မိပေမယ့် သူ့မိသားစုအတွက် သူ့ရဲ့ ခံစားချက်တွေကို လျစ်လျူရှုခဲ့တယ်။ ဖြစ်ချင်တော့ တနေ့မှာ လီယိုရေစင်ပေါ်တက်ပြီး အပြန်မှာ ရဲတွေက ဖမ်းသွားပါတယ်၊ သူ့ရဲ့ အမေက အရမ်းကို သူ့သားအတွက် စိတ်ပူပြီး ရဲစခန်းကနေ သူ့သားကို ထုတ်ပေးဖို့ပြောပါတယ်။ အဲဒီမှာ လူတွေက အ၀လွန်ဖြစ်ပြီး ဝေလငါးကြီးတကောင်လိုဖြစ်နေတဲ့ သူ့ကို အထူးအခြားအဖြစ်ဝိုင်းကြည့်နေတာကိုတွေ့တဲ့အခါ အရမ်းရှက်သွားပြီး အိမ်ထဲက အိမ်ပြင်ကို လုံးဝမထွက်ရဲတော့ပဲ အရမ်းမျှော်လင့်ထားတဲ့ သားငယ် လီယိုနဲ့မွေးနေ့ပွဲကိုတောင် မသွားဖြစ်ခဲ့ပါဘူး။ တပြိုင်တည်း သူ့ကြောင့် ဂျွန်နီအပေါ်မှာ ဘယ်လောက် ၀န်ထုပ်ဝန်ပိုး ဖြစ်သွားရလည်းဆိုတာကို သိသွားခဲ့ပါတယ်......

ဖေဖေရဲ့ ၂၇နှစ်မြောက်မွေးနေ့ မှတ်တမ်း

မေ......
ကြမ်းတမ်းတဲ့ နွေနေ့လည်အောက်
မုန်တိုင်း........
နွေကို နွေမဆန်စွာ
မိုးတွေနဲ့ အုံ့မှိုင်း ၀ုန်းဒိုင်းကြဲနေစေတဲ့ကြမ်းတမ်းမှု အောက်.........
မြ ထက်တောက်ပ
သွေးဆာပြနေတဲ့ ဓားတွေရဲ့အောက်.............
အားအပြည့် မာန်အတင်း
သူအားရှိသလောက် လင်းတောက်ပြနေတဲ့
မီးလုံးတွေအောက်........
ချွဲကျိ ညစ်ထေး
သွေးအလိမ်းလိမ်းနဲ့ ငါ
အဲဒီနေ့က လူ့လောကနဲ့ မိတ်ဆက်တယ်......
လွန်ခဲ့တဲ့ ၂၆နှစ်က.........

လူမော်

Friday, May 21, 2010

ကျေးဇူးပါ မိုးတိမ်

ငါတို့ လူတွေ
အေးချမ်းစွာ အသက်ရှင်ဖို့အရေး
ငါတို့တွေလေ
တိမ်တွေကို အဆိပ်ခတ်
သူတို့ ကိုယ်တွေမဲတက်လာပြီးတော့မှ
ပြိုကျပျက်လာတဲ့ သူတို့ခန္ဓာရဲ့ အစိတ်အပိုင်းတွေကို
အေးချမ်းမှုလို့ ခေါ်တွင်
ငါတို့ ပျော်ရွှင်ခဲ့ကြတယ်
ပြီးတော့.....
ခေါင်းစဉ်လေးတပ်လိုက်တယ်
အဲဒါ မိုးရွာတယ်လို့ ခေါ်တယ်တဲ့........

သူတို့သွေးသားရဲ့ အောက်မှာ
ငါတို့တွေလေ ပျော်ရွှင်လိုက်ကြပုံများ
"မိုးရွာရင် မိုးရေချိုးမယ်ဆိုတဲ့" သီချင်းလေးတွေတောင်
ညည်းကြလို့ပေါ့....
မေမေလာရင် နို့စို့မယ်လို့ ငါတို့ဆိုချိန်
ဖေဖေလာရင် အုန်းသီးခွဲစားမယ်လို့ ငါတို့ဆိုချိန်မှာ
ပြိုပျက်သွားတဲ့ သေဆုံးသွားတဲ့ အဲဒီ တိမ်တိုက်အတွက်
သူတို့ မိခင် ဖခင် ဘယ်လောက်တောင် ရင်နာနေမလဲဟင်......

ဝမ်းနည်းပေမယ့် စာနာပေမယ့်
ပေးသွားတဲ့ မင်းအသက်အတွက်
လူသားတွေကိုယ်စား
ငါ ကျေးဇူးတင်စကားဆိုလိုက်ပါတယ်.....
ငါ့နိုင်ငံကိုလည်း မမေ့ပါနဲ့ မိုးတိမ်ရယ်...........

လူမော်

Saturday, May 08, 2010

တခြမ်းပဲလင်းတဲ့မျြိ့

သူ့မှာ မြို့ရိုးမရှိဘူး
မီတာဘောက်တွေ တပ်မထားဘူး
သူ့မြို့နှစ်ခြမ်းခွဲထားပုံကလည်း ခပ်လွယ်လွယ်
လမ်းသွယ်လေးတခုပဲရှိတာ။

ကြယ်တွေစုံတာ မြင်ချင်ရုံသက်သက်နဲ့တော့
အိမ်အမိုးကို သူတို့ ဖြုတ်မထားကြဘူးလေ
မိုးဆိုတာ တနေ့မှာတော့ ရောက်လာအုံးမှာကို။

သူ့မြို့ကို မြေပုံထဲမှာ
ရှာကြည့်သူတွေအတွက်
သူဟက်ဟက်ပက်ပက်ရယ်တယ်
ပထ၀ီဆိုတာ အမြင်သက်သက်ပါတဲ့။

တစ်တလီ တစ်
နှစ်တလီ နှစ်လို့ စာအံခဲ့တဲ့ အချိန်မှာ
အီတလီ အီလို့ ထည့်သင်မပေးခဲ့တာ(Italy)
အဲဒီဆရာရဲ့ အားနည်းချက်လား
မမေးခဲ့မိတဲ့ ကျောင်းသားရဲ့ အပြစ်လား။

၎င်းက လည်းကောင်းဖြစ်ချိန်မှာ
၁င်းက တကောင်းမဖြစ်ခဲ့တာတော့
သူတို့တွေ မတရားခဲ့ဘူးလို့
ဒီမြို့မှာ အခုထက်ထိမြင်နေတုန်း။

မြို့လေးက
သူ့ရဲ့ အလှအပတွေ အတွက်
သူ့ဆရာကို
ဘီယာတခွက်စာ ကဗျာတပုဒ်ရေးခိုင်းတယ်
ကဗျာဆရာဆီက အံကျလာတာက
ပလုံဆီနေတဲ့ အယ်ကိုဟောတွေ သက်သက်ရယ်။

သူ့မြို့မှာ မြို့စားမရှိဘူး
အခွန်အတုတ်မရှိဘူး
ရှုံချည်ဆန့်ချည် ဥပဒေမရှိဘူး
သူ့မြို့မှာ နားလည်မှုရယ်
ချစ်ခြင်းမေတ္တာရယ်
သစ္စာတရားရယ်
အဲဒီလို ရိုးရိုးရှင်းရှင်းလေးနဲ့ပေါ့။

မြို့ကလေးရဲ့ ကျန်းမာရေးအတွက်
ကျင်းပတဲ့ အသက်ရှုပြိုင်ပွဲမှာ
အသက်မှန်မှန်အရှုနိုင်ဆုံးလူကို
မြို့ကလေးက ဒဏ်ရာတရံထပ်ပေးလိုက်တယ်ဆိုပဲ။

သူ့မြို့ကလေးက
သူ့အိပ်မက်တွေနဲ့သူ
အသက်မှန်မှန်ရှုရင်း
ပလုံစီတွေနဲ့မျောရင်း
တခြမ်းပဲလင်းနေတာကတော့
ပြောစမှတ်ဖြစ်စရာ ဒဏ္ဍာရီအနေနဲ့ ကျန်ခဲ့တယ်..........

လူမော်

Tuesday, April 27, 2010

သူတို့ညီနောင် နှင့် ကျွန်တော် (ဆရာဇော်ဂျီ)

   သူတို့ညီနောင်ဆိုသည်မှာ တကောင်းမင်း
အဘိရာဇာ၏ သားတော်များဖြစ်ကြသာ
ကံရာဇာကြီး နှင့် ကံရာဇာငယ်တို့ ဖြစ်ပါသည်။
 တကောင်းပြည်ထီးနန်းကို ထိုညီနောင်
နှစ်ပါးလုခဲ့ကြ သည်မှာ ကျွန်တော်တို့
ရာဇ၀င်၏ ကနဦးခေတ်ပိုင်းကဖြစ်ရာ
ကြာလှပါပြီ။ သို့ရာတွင် ထိုညီနောင်
နှစ်ပါးအကြောင်း ကို စဉ်းစားမိသည့် အခါတိုင်း
ကျွန်တော့်အတွေးနှင့် ကျွန်တော် ရင်လေးမိတတ်ပါသည်။

       ကျွန်တော်တို့ ကျောင်းသားအရွယ်က ထိုညီနောင်နှစ်ပါ ထီးနန်းလုကြပုံ အကြောင်းကို ကျောင်းဖတ်စာအုပ်၌ ဖတ်ခဲ့ရပါသည်။ ထိုအကြောင်းကို အချို့သော စာဖတ်ပရိသတ်လည်း ဖတ်ပြီးဖြစ် မယ်ဟု ထင်ပါသည်။ သို့ရာတွင် ကျွန်တော် ရင်လေးမိတတ်သည့် အကြောင်းကို ပြောမပြမီ ထိုညီနောင် နှစ်ပါး ထီးနန်းလုကြပုံ အကြောင်းကို ထပ်၍ ပြောပြဖို့ လိုပါလိမ့်ဦးမည်။

       တကောင်းပြည်တွင် အဘိရာမင်းကံ ကုန်သောအခါ သားတော် ကံရာဇာကြီးနှင့် ကံရာ ဇာငယ်တို့သည် တကောင်းပြည်ထီးနန်းအတွက် လက်ရုံးစစ်ထိုးရန်ပြင်ကြသည်ဟု ဆိုပါသည်။ ထိုအခါ အမတ် ပညာရှိတို့က အရှင့်သားတို့သည် လက်ရုံးစစ်ကို မထိုးကြပါကုန်လင့်။ ကုသိုလ်စစ်ကိုသာ ထိုးကြပါ လေဟု နားတော်လျှောက်ကြလေကုန်၏။ ကုသိုလ်စစ်ဆိုသည်ကား အဘယ်နည်းဟု ညီနောင် နှစ်ပါးက မေးကြရာ အလှုမဏ္ဍပ်နှစ်ဆောင်ကို တစ်ယောက် တစ်ဆောင်စီ ညတွင်းခြင်း ပြိးအောင် ဆောက်ကြပါ။ အလျှင်ပြီးအောင် ဆောက်နိုင်သူသည် တကောင်းပြည်ထီးနန်းကို ဆက်ခံထိုက်သူ မည်ပါသည်။ ထိုသို့ပြု ခြင်းသည် ကုသိုလ်စစ်ထိုးခြင်းဖြစ်ပါသည်ဟု လျှောက်ထားကြလေသည်။
        ညီနောင်နှစ်ပါးလည်း ကောင်းပြီဟုဝန်ခံ၍ အလှုမဏ္ဍပ်ဆောက်ကြလေသည်။နောင်တော် ကံရာဇာကြီးသည် မိမိ၏ အလှုမဏ္ဍပ်ကို သစ်ကြီး ၀ါးကြီးဖြင့်ဆောက်သည်။ ညီတော် ကံရာဇာငယ်သည် မိမိ၏ အလှုမဏ္ဍပ်ကို သစ်ငယ် ၀ါးငယ်ဖြင့် ဆောက်၍ ဖျင်ဖြူပတ်ခြင်း၊ ထုံးဖွေးဖွေး သုတ်ခြင်းတို့ကို ပြုလေသည်။ နံနက် မိုးသောက်လတ်သော် ကံရာဇာကြီး၏ အလှုမဏ္ဍပ် အပြီးသို့ မရောက်ခြေ။ ကံရာဇာ ငယ်၏ အလှုမဏ္ဍပ်သာလျှင် အပြီးသို့ရောက်လေသည်။ ထို့ကြောင့် ကံရာဇာကြီးသည် အထက် စကားက တိရှိသည့်အတိုင်း တကောင်းပြည်ထီးနန်းကို ကံရာဇာငယ်လက်သို့ အပ်၍ တကေင်းမြို့မှ ခွာလေသည်။ ဤကား သူတို့ညီနောင်နှစ်ပါး ထီးနန်လုကြပုံ အကြောင်းဖြစ်ပါသည်။
          ကျွန်တော်သည် ထိုအကြောင်းကို ပထမဖတ်ရစဉ်က ကံရာဇာငယ်၏ အမူအရာကို
လက်ခုပ်တီး၍ အများကြီးချီးကျူးလိုက်ပါသည်။ ကံရာဇာငယ်သည် ဥာဏ်ကောင်းလေစွ။ မဖြစ်လျှင်ဖြစ် အောင် လုပ်တတ်လေစွ။ နောင်အခါ၌ကား ကျွန်တော်သည် ကံရာဇာငယ်၏ အမူအရာကို သံသယ ဖြစ်လာပါတော့သည်။
         ရှေးဦးစွာ တကောင်းပြည်၏ နိုင်ငံရေးဝါဒနှင့် နိုင်ငံရေး ခြေလှမ်းတို့ကို ကျွန်တော် ဤသို့ မှန်းကြည့်သည်။ အဖေကိုသားကသတ်၍၊ အစ်ကိုကို ညီကသတ်၍၊ ဦးရီးကိုတူကသတ်၍ ထီးနန်းကို ယူနိုင်လျှင် ရခွင့်ရှိသည်ဟူသော ထီးမွေနန်းမွေဆက်ခံရေး သဘောတရားကို ကမ္ဘာပေါ်တွင် မည်သူက စတင်ဖန်တီးခဲ့သည်ဟု ကျွန်တော်မသိပါ။ သို့ရာတွင် ထိုသဘောတရားကို နှစ်သက်လက်ခံခြင်းသည် ခေတ်ဆန်သည် တိုးတက်သည်ဟု ယူဆထားကြလေသလားမသိ။ တကောင်းပြည်တွင် ထိုသဘောတရား ရှိနေနှင့်လေသည်။ ထို့ကြောင့်သာလျှင် အဘိရာဇာ ကံကုန်သောအခါ သားတော် ကံရာဇာကြီး ထီးထီး မားမား ရှိနေပါလျှက် သားတော်ကံရာဇာငယ်သည် နောင်တော်သော၊ ဘာသော ညာသော နားမလည် တကောင်းပြည်ထီးနန်းကို ငါ့လက်သို့ အပ်ရမည်ဟု ဓားကြိမ်းကြိမ်းဝံ့ခြင်းဖြစ်သည်ဟု ယူဆနိုင်လေသည်။
ပုံပန်းမှာ အဘိရာဇာ နာမကျန်းဖြစ်နေစဉ်အခါကပင် ကံရာဇာငယ်သည် ကြိုတင်ပြင် ဆင်သော အနေဖြင့် နောက်ပိုင်းအစည်းအဝေး ခဏခဏခေါ်၍ စက်ပုန်းခုတ်ခြင်း၊ လူမျိုးဘာသာမရွေး၊ ကျားမ မရွေး ပြုံးနိုင်သမျှ ပြုံးပြခြင်း၊ ငါ့မုန့် တဖဲ့စားစေ၍ ငါ့အိတ်ထဲသို့ ၀င်နိုင်သမျှ ၀င်စေခြင်း စသည် တို့ကို ပြုလုပ်ထားပုံရလေသည်။ နောင်တော် ကံရာဇာကြီးမှာကား ထိုသို့မဟုတ် နောင်တော်ဖြစ်သည့် အတိုင်း ထီးနန်းကို အေးအေးသာသာရလိမ့်မည်အထင်နှင့် အေးအေးသာသာနေခဲ့ပုံ ရလေသည်။ ထို့ကြောင့်သာလျှင် ကံရာဇာငယ်က ဓားကြိမ်းကြိမ်း လိုက်သောအခါ ကံရာဇာကြီးမှာ မည်သို့မျှ မတတ် နိုင်။ ကိုရွှေဝန်တို့၏ ကုသိုလ်စစ် စကားနားမထောင်ချင်ဘဲ နားထောင်လိုက်ရသည်ဟု ထင်မိပါသည်။ ဤကားတကောင်းပြည်၏ နိုင်ငံရေးဝါဒနှင့် နိုင်ငံရေးခြေလှမ်းတို့ကို ကျွန်တော် မှန်းကြည့်လိုက်ခြင်း ဖြစ်ပါသည်။
             ထို့နောက် ကံရာဇာငယ်၏ အမူအရာအား ကျွန်တော်သံသယဖြစ်လာပုံကို ဆက်၍ ပြောပြခြင်ပါသေးသည်။ ကိုရွှေဝန်တို့၏ ကုသိုလ်စစ်စကားကို ညီနောင် နှစ်ပါးလက်ခံပြီးသည် နောက်ပိုင်း တွင် ညီနောင်နှစ်ပါး၏ အလှုမဏ္ဍပ်ကို တယောက်တစောင်စီ ညဥ့်တွင်းခြင်းပြီးအောင် ဆောက်ကြရန်သာ ကျန်ပါတော့သည်။ ထို့ကြောင့် ညီနောင်နှစ်ပါးသည် တပည့်လက်သားများကိုခေါ်၍ တောသို့သွားကြ သည်။ သစ်ဝါးခုတ်ကြသည်။ သယ်လာကြသည်။ မဏ္ဍပ်ဆောက်ကြသည် ရှုလော့ အရုဏ်တက်တွင် ကံရာ ဇာငယ်၏ အလှူမဏ္ဍပ်သည် ဖြူဖြူဖွေးဖွေးငေးကြည့် ရမတတ်ဖြစ်သည်။ အလွင် အကျော့ ကော့၍၊ မော့၍၊ ကြွ၍၊ ပျံ၍ နေသည်။ ကံရာဇာကြီး၏ အလှူမဏ္ဍပ်မှာမူကား တပိတပိုင်းသာ ပြီးသေးသည်။ ကံရာဇာငယ် အောင်ပြီ ကံရာဇာငယ် တကောင်းပြည် ထီးနန်ကို သိမ်းပြီ။
        သို့ရာတွင် ကျွန်တော်တို့သည် ကံရာဇာငယ်ဆောက်သော အလှူမဏ္ဍပ်၏ သဘောကို ရာဇ၀င်ဆရာမှ တဆင့်သိပြီးဖြစ်ကြပါသည်။ ရာဇ၀င်ဆရာ၏ အဆိုအရ ကံရာဇာငယ်၏ အလှူမဏ္ဍပ်သည် သစ်ငယ်ဝါးငယ်မျှသာဖြစ်သည်။ ဖျင်ဖြူပတ်ထားခြင်းမျှသာဖြစ်သည်၊ ကံရာဇာငယ်သည် ဥာဏ်ကောင်းပါ၏။ မဖြစ်လျှင် ဖြစ်အောင် လုပ်တတ်ပါ၏။ လုပ်သဖြင့် ဖြစ်လည်း ဖြစ်ပါ၏။ သို့ရာတွင် ဖြစ်လာသော အလှူမဏ္ဍသည် တကယ့် မဏ္ဍပ်မဟုတ် စိတ်ကူးယဉ် မဏ္ဍပ်သာတည်။ အခိုင်အခံ့ မဟုတ် ဖြစ်ကတတ်ဆန်းသာတည်။ စေတနာမဟုတ် ပြရုပ်သာတည်း။ ကံရာဇာငယ်သည် ထိုအလှူမဏ္ဍပ်မျိုး၌ တကောင်းပြည်သူလူထုအား အလှူပေးလျှင် မည်သည့်နည်းနှင့်မျှ အဓွန့်ရှည်စွာ အလှူပေးနိုင်မည် မဟုတ်ချေ။ အလွန်ဆုံး သုံးလေးလမျှလောက်သာ အလှုပေးနိုင်မည်။ တကောင်းမိုး တကောင်းလေတို့နှင့် သင့်မြတ်အောင် ဆောက်ခြင်း မဟုတ်သောကြောင့် ထိုအလှူမဏ္ဍပ်သည် သုံးလေးလကြာလျှင် ယိုင်လဲပြိုကွဲရမည်သာ ဖြစ်လေသည်။ ကံရာဇာငယ်၏အမူအရာကို ကျွန်တော်ချီူးကျူးလာရာမှ သံသယဖြစ်လာရသည်မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်ပါသည်။
           ထို့နောက် တကောင်းပြည်အတွက် ရင်လေးမိတတ်သည့် အကြောင်းကို ပြောပြပါ တော့မည်။ ရင်လေးမိတတ်သည်မှ ပထမတွင် ကံရာဇာကြီးသည်လည်းကောင်း၊ ကိုရွှေဝန် တို့သည် လည်းကောင်း၊ တကောင်းပြည်သူလူထုသည်လည်းကောင် ရိုးလွန်း အလွန်း နလွန်းကြသည်ဟု အထင် ရှိလိုက်ခြင်းကြောင့် ဖြစ်ပါသည်။ ကံရာဇာကြီးသည် စိတ်ကူးယဉ်မဏ္ဍပ်၊ ဖြစ်ကတတ်ဆန်း မဏ္ဍပ်၊ ရုပ်ပြ မဏ္ဍပ်တို့ကို အဘယ်ကြောင့် ကန့်ကွက်ခြင်းမပြုဘဲ နေပါသနည်း။ ကိုရွှေဝန်တို့သည် ထိုမဏ္ဍပ်ကို အဘယ်ကြောင့် ပယ်ချခြင်းမပြုဘဲ နေကြပါသနည်း။ တကောင်းပြည်သူလုထုသည် ထိုမဏ္ဍပ်ကို အဘယ် ကြောင့် လူထုအုံကြွနည်းဖြင့် တိုက်ဖျက်ခြင်း မပြုဘဲ နေကြပါသနည်း။
          အကယ်၍ ထိုသူတို့သည် ထိုမဏ္ဍပ်ကို တကယ့်မဏ္ဍပ် အခိုင်အခံမဏ္ဍပ်၊ စေတနာ မဏ္ဍပ် ဟူ၍ ယုံကြည်ကြသည် ဖြစ်လျှင် ထိုသူတို့သည် အကယ်ပင် ရိုး လွန်း၊ အ လွန်း၊ န လွန်း ကြသည်ဟု ဆိုရာသည်။ ထိုသူတို့သည် ထိုမျှလောက် ရိုး လွန်း၊ အ လွန်း၊ န လွန်း လိမ့်သည်ဟု ကျွန်တော်မထင်ပါ။ ထိုသူတို့သည်လည်း မဏ္ဍပ်ဆောက်တတ်သူများပင်ဖြစ်ပါသည်။ ကံရာဇာငယ်၏ အလှူမဏ္ဍပ်ကို အဝေး မှသာကြည့်ရစေကာမူ သစ်ငယ်ဆောက်၊ ၀ါးငယ်ဆောက်၊ ဖျင်ဖြူပတ်၊ ထုံးဖြူသုတ် မဏ္ဍပ်ဖြစ်သည်ကိုကား ခွဲခြား၍သိမြင်ကြမည်သာ ဖြစ်လေသည်။
          ထိုသို့ တပြီးကား ကံရာဇာကြီးက ကန့်ကွက်ခြင်းမပြူဘဲနေသည်မှာ လောဘဇော တိုက်နေသော ညီတော် ကံရာဇာငယ်ကို စက်ဆုတ်သောကြောင့် ပေလော။ စက်ဆုတ်သောကြောင့် ဟုဆို လျှင် တကောင်းပြည်မှ ကံရာဇာကြီး ခွာသွားခြင်းသည် အသေ၀နာစ ဗာလာနံ ပုဒ်အရ မင်္ဂလာရှိသော ခွာသွားခြင်းပေဟု ဆိုရာသည်။ တဖန် ကိုရွှေဝန်တို့က ပယ်ချခြင်း မပြုဘဲနေကြသည်မှာ ကံရာဇာငယ်ထံမှ စားပေါက် စားလမ်းကို မျှော်မှန်းကြသောကြောင့်ပေလော။ မျှော်မှန်းကြသောကြောင့်ဆိုလျှင် တကောင်း ပြည်၌ ခေါင်ကစ မိုးယိုနေပြီ ဖြစ်သဖြင့် သနားစရာသာ ဖြစ်တော့သည်။ တဖန် တကောင်းပြည်သူလူထုက တိုက်ဖျက်ခြင်း မပြုဘဲနေကြသည်မှ တိုင်းပြည်အရေးသည် ငါတို့ အရေး၊ ငါ့တို့ အရေးသည် တိုင်းပြည်အ ရေးဟူသောအချက်ကို သဘောမပေါက်ကြသောကြောင့်ပေလော။ သဘောမပေါက်ကြသောကြောင့်ဟု ဆိုလျှင် တကောင်းပြည်သူလူထုထဲ၌ ဘယ်သူသေသေ ငတေမာပြီးရောသမား အတော်ခပ်များများ ရှိနေ သေးသဖြင့် သနားစရာသာဖြစ်တော့သည်။
          သို့ရာတွင် ကံရာဇာကြီးသည် စက်ဆုတ်သောကြောင့် ခွာသွားသည်ဟု ကျွန်တော်မထင်ပါ။ စက်ဆုတ်သည်ဖြစ်လျှင့် ကံရာဇာကြီးသည် ကုသိုလ်စစ်ကိုပင် ထိုးတော့မည် မဟုတ်ပါ။ ကိုရွှေဝန်တို့သည်လည်း စားပေါက် စားလမ်းကို မျှော်မှန်းကြသည်ဟု ကျွန်တော်မထင်ပါ။ မျှော်မှန်းကြ သည်ဖြစ်လျှင် ကိုရွှေဝန်တို့သည် ကုသိုလ်စစ်စကားကိုပင် ဆိုကြမည် မဟုတ်ပါ။ တကောင်းပြည်သူ လူထု၌လည်း ငတေမာပြီးရော သမား အတော်များများ ရှိနေကြသည်ဟု ကျွန်တော်မထင်ပါ။ ရှိနေကြ သည်ဖြစ်လျှင် မည်သည့်မင်းသား၏ အလှူမဏ္ဍပ်ကိုမျှ ၀ိုင်းဆောက် ပေးကြလိမ့်မည် မဟုတ်ပါ။
ထိုသို့ တပြီးကား ကံရာဇာငယ်၏ သစ်ငယ်ဆောက်၊ ၀ါးငယ်ဆောက်၊ ဖျင်ဖြူပတ်၊ ထုံးဖြူသုတ် မဏ္ဍပ်ကို ကန့်ကွက်ခြင်း၊ ပယ်ချခြင်း၊ တိုက်ဖျက်ခြင်း မပြုပဲ နေခဲ့ကြသည်မှ မည်သည့် အကြောင်းကြောင့်ပေနည်း။ မည်သည့် အကြောင်းကြောင့်မျှ မဟုတ်နိုင်။ ကံရာဇာငယ်သည် ကံရာဇာကြီး အား လည်းကောင်း၊ ကိုရွှေဝန်တို့အား လည်းကောင်း။ တကောင်းပြည်သူလူထုအား လည်းကောင်း တနည်းနည်းဖြင့် ခြိမ်းခြောက်နေသောကြောင့်သာလျှင် ဖြစ်နိုင်သည်။ ကံရာဇာငယ်သည် မိမိ၏ အလှူ မဏ္ဍပ်ရှေ့တွင် နောင်တော်အတွက် ၀မ်းနည်းပက်လက်ဖြစ်ရသော မျက်နှာပေးကို လည်းကောင်း၊
ကိုရွှေဝန်တို့ကို သိမ်းသွင်းချော့မော့နေသာ မျက်နှာပေးကိုလည်းကောင်း၊ တကောင်းပြည်သူလူထုအား အချိုသွေးနေသော မျက်နှာပေးကိုလည်းကောင်း ပြချင်လျှင် ပြနေမည်ဖြစ်သည်။လက်နက်နှင့် တပည့် လက်သားတို့ကိုမူကား မဏ္ဍပ်အတွင်း၌ လည်းကောင်း၊ မဏ္ဍပ်အပြင်၌ လည်းကောင်း၊ ပေါ်ပေါ်ထင်ထင် တချို့ ပုန်းလျှိုးကွယ်လျှိုးတချို့ နေရာချထားပြီး ဖြစ်မည်မှာ သေချာပါသည်။
          ရာဇ၀င်ဆရာသည် ထိုအချက်ကို ရာဇ၀င်၌ထည့်ဆိုခြင်း မပြုခဲ့ပါ။ သို့ရာတွင် အာဏာကို အဓမ္မလိုချင်သော ကိစ္စမျိုး၌ ထိုအချက်မျိုးသည် ဓမ္မတာလိုလိုပင် ဖြစ်သောကြောင့် ထိုအချက် ကို စိတ်ကူးဖြင့် အစားထိုးကြည့်ခြင်းမျှသာ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ သူတို့ညီနောင်အကြောင်းကို စဉ်းစားမိသည့်အခါတိုင်း ကျွန်တော့်မှာ တကောင်းပြည်အတွက် ကျွန်တော့်အတွေးနှင့် ကျွန်တော် ရင်လေး မိတတ်သည်မှာ ကံရာဇာငယ်သည် ကံရာဇာကြီးအား လည်းကောင်း၊ ကိုရွှေဝန်တို့အားလည်းကောင်း၊ တကောင်းပြည်သူလူထုအားလည်းကောင်း တနည်းနည်းဖြင့် ခြိမ်းခြောက်နေသည်ဟု အထင်ရှိခြင်းကြောင့် ပင် ဖြစ်ပါသည်။
           ကံရာဇာငယ်သည် ကျွန်တော်၏ အတွေးအောက်တွင် အတော်အတန်ပိနေပါပြီ။ စင်စစ်မှာ ကံရာဇာငယ်သည် ကျွန်တော်တွေးသကဲ့သို့ ဟုတ်ချင်မှလည်း ဟုတ်မည်။ မဟုတ်ဘူးယောင် ယောင်နှင့် ဟုတ်ချင်လျင်လည်း ဟုတ်နေမည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ခြိမ်းခြောက်သူနှင့် အတူတကွ နေရခြင်းသည်လည်း ဆင်းရဲပေတကား။ မခြိမ်းခြောက်သူနှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲပေတကားဟုသာ ဆိုလိုက်ချင်ပါတော့သတည်း။  ။
ဇော်ဂျီ