Pages

Wednesday, May 31, 2023

အလင်းနှင့် အတူ

ရုတ်တရက်ကြီးဖြစ်သည်။ မိနစ်မဆိုင်း စက္ကန့်မဆိုင်း။ သို့သော် အတွေးမှာတော့ ဘာကြောင့် ဘယ်လိုဆိုတာ ခုထိ နားမလည်နိုင်။ သိသာတာကတော့ ဒီအကြောင်းအရာသည် ညမဟုတ်၍ နေ့ဖြစ်ရခြင်း ဖြစ်ပေမည်။ ထိုနေ့သည် မှောင်သည် လှောင်သည် ပြောင်သည် ယောင်သည်။ ထောင်ထားခြားနားခြင်းကို အရေးမယူလိုခြင်းကြောင့် အိပ်ရေးဝဝ အိပ်မည်။

လူပျိုသိုး တစ်ယောက်ဖြစ်သော ကျွန်တော်သည် အိမ်ထောင်ရှိ၍နေပြီလော။ ကျွန်တော့်ဘယ်လက်မောင်းပေါ်မှာ အမျိုးသမီးတယောက် သံစုံဟောက်ရင်း အိပ်နေသည်။ ထိုအမျိုးသမီးကို ကျွန်တော်မသိ။ နံရံတဖက်က ဓာတ်ပုံကြီးပေါ်တွင် သူမနှင့် ကျွန်တော် မင်္ဂလာဝတ်စုံတွေဝတ်ထားပြီး ဖက်ထားကြသည်။ သို့သော် သူမကို မသိတာ သေချာသည်။ တသက်နဲ့ တကိုယ် သူမကို မမြင်ဖူးသေး။

နောက် ဖုန်းက တီတီ တီတီ ထမြည်လာသည်။ အလင်းရောင် မရှိသော နေ့မှာ ဘယ်သူများ ဖုန်းခေါ်သလဲကြည့်မိတော့။ ဒါ ဖုန်းခေါ်သံမဟုတ် ဒါ alarm ဖြစ်သည်။ ဒီနေ့ ကျွန်တော် မင်္ဂလာဆောင်မည့်နေ့တဲ့။ နေရာတွေ အချိန်တွေ ရေးထားသည်။ မိန်းမပျိုတစ်ယောက်၏ ဓာတ်ပုံကိုလည်း တွေ့ရသည်။ ခုနက ဘေးမှာ အိပ်နေသော အမျိုးသမီးတော့ မဟုတ်။ ဟုတ်သည် သေချာသည်။ ဒီ မိန်းမပျိုကိုလည်း ကျွန်တော်မသိ။ ဒါ ကျွန်တော့်ဖုန်းဖြစ်သည်။ လုံးဝမလွဲ။ ခေါင်းတွေထဲ စဉ်းစားလို့မရ ကျွန်တော့်ဘေးက မိန်းမပျိုကို ပြန်လှည့်ကြည့်ဖို့ ကြိုးစားတော့ ဘာကိုမျှ မတွေ့ရတော့။

ဒါ ဘယ်လိုဖြစ်တာလဲ။ သေချာသည် ခုနက အမျိုးသမီးတစ်ဦး ကျွန်တော့်ဘေးမှာ အိပ်နေသည်။ တိတိကျကျဆိုရရင် ရင်ခွင်ထဲတွင်ဖြစ်သည်။ ဟောက်သံများတောင် ပေးနေသေးသည်။ နံရံပေါ်က ဓာတ်ပုံကြီးကို တချက်လှမ်းကြည့်တော့ ထိုနေရာတွင် ဘာမှမရှိ။ ပြတင်းပေါက်တချပ်က နေရာယူထားသည်။ အလွန်စိစစ်သောသူ၊ အရာရာကို စာအုပ်ပေါ်တွင် ဖုန်းပေါ်တွင် ရေးမှတ်ထားတတ်သူမှန်း ကိုယ့်ကိုယ်ကို ကျွန်တော်သိသည်။ ဒါဆို ဒီနေ့ မင်္ဂလာဆောင်သည် ဘာလဲ။

ထိုမိန်းမပျိုကိုလည်း ကျွန်တော်မသိ။ ထိုမိန်းမပျိုကကော ကျွန်တော့်ကို သိလေမည်လား။ ဘာပဲဖြစ်ဖြစ် မှတ်သားထားတယ်ဆိုတာ အလကားတော့ မဖြစ်နိုင် သွားကြည့်လိုက်တာ ကောင်းမည်။ အိပ်ရာထ မျက်နှာသစ် ရေချိုး ပြီး အဝတ်ဗီရိုကို ဖွင့်လိုက်တော့ အထဲမှာ သန့်ပြန့်ပြီး ကော့နေအောင် မီးပူတိုက်ထားသော အနက်ရောင် အနောက်တိုင်း ဝတ်စုံချိတ်ထားသည်။ သေချာကြည့်တော့ အင်္ကျီချိတ်တွင် စာရွက်လေးတခု ချိတ်ထားသည် မင်္ဂလာပွဲမှာ ချစ်သောသူ ဝတ်ဖို့တဲ့ နာမည်တွေ လက်မှတ်တွေတော့ ထိုးမထား။ ထိုဝတ်စုံကိုပဲ ဝတ်ကြည့်လိုက်တော့ အံ့အားသင့်စရာ ကျွန်တော်နဲ့ တသားတည်းကျနေသည်။ ဒါဆိုရင် ဒါ ငါ့ဝတ်စုံများလား။ သေချာပြန်ဖတ်ကြည့်တော့ ဒီလက်ရေးကို မမြင်ဖူး။ ဒီအချိန် နံရံကပ်နာရီက သုံးနာရီထိုးကြောင်း အသံပေးလာသည်။ အပြင်မှာ ဘာအလင်းရောင်မှ မရှိ။ ဖုန်းကို ပြန်ထုတ်ကြည့်တော့ ဒါ နေ့လည် သုံးနာရီတဲ့။ ဖုန်းထဲမှာ မှတ်ထားသည့် လိပ်စာကို တချက်ကြည့်ပြီး မင်္ဂလာပွဲရှိရာကို သွားဖို့  အိမ်အပြင်လှမ်းထွက် ဘေးဘီဝဲယာကြည့်တော့ မိုးမျှော်တိုက်ကြီးတွေ ဒါနဲ့ အိမ်တံခါး ဆွဲပိတ်လိုက်သည်။

ဘုရားရေ ဘာအိမ် ဘာတံခါး ဘာအဆောက်အဦမှ မရှိသည့် နေရာမှ ကျွန်တော် ရပ်နေပြီး လက်ကိုင်ဘုတခုကို ကိုင်ထားသလိုလုပ်ကာ တံခါးကို ကျွန်တော် ပိတ်နေမိသည်ပဲ။ ခုနက လက်ကိုင်ဘုတခု ကျွန်တော့်လက်ထဲမှာ ဆုပ်ကိုင်ထားသည် ခု လေဟာပြင်က လွဲ၍ ဘာမှမရှိ။ ဝတ်စုံသည်လည်း ခုနက အနောက်တိုင်းဝတ်စုံဖြစ်သည်။ ဖုန်းလည်းရှိသည်။ နာရီလည်းရှိသည်။ ဒါပေမယ့် နောက်ကျောဖက်မှာ ဘာမှမရှိ။

လမ်းပေါ်က ဖြတ်လျှောက်သွားသည့် လူတယောက်ကို အပြေးလိုက်မေးသည်။ ဟုတ်သည် ဒီလမ်းသည် ၁၃ လမ်း။ ကျွန်တော် လက်ညိုးထိုးပြသည့်နေရာကို ထိုသူက ကြည့်ပြီး ပြောသည်။ အဲဒီ အိမ်နံပါတ် ၁၃မှာ သူ့သက်တမ်းတစ်လျှောက် ဘာအဆောက်အဦမှ ဆောက်တာ ရှိတာ မမြင်ဖူးခဲ့တဲ့။ ဘယ်လိုမှ မဖြစ်နိုင်။ ဒါ ကျွန်တော့်အိမ် ခက်တာက ဘာမှရှိမနေတာကလွဲလို့ ဒါ ကျုပ်ရဲ့အိမ်။ နားမလည်နိုင်တော့ ခုနက ပျောက်သွားသည့် ရင်ခွင်ထဲက အမျိုးသမီး၊  ပြန်လှည့်ကြည့်၍ မရှိတော့သော အိမ်။

ကျွန်တော့်နဲ့ ဒီနေ့ မင်္ဂလာဆောင်ရမယ့် မိန်းမပျိုကတော့ ဘာဖြစ်သွားလဲ သိချင်သိနိုင်မည်။ ဟုတ်သည် သူ့ဆီ သွားသင့်သည်။ နေရာက ဟိုးဘက်တလမ်း မြစ်ကို ကျော်ပြီးသွားရုံ။ လမ်းပဲလျှောက်လာခဲ့ပြီး လိပ်စာပါ နေရာရှေ့ကို ရောက်တော့ ဝတ်ကောင်းစားလှဝတ်ထားသည့်လူတွေ အထဲမှာထိုင်နေသည်။ ဓာတ်ပုံထဲက မိန်းမပျိုက အပြေးထွက်လာပြီး ဘယ်ဘက်လက်မောင်းကို လာချိတ်သည်။ လူတွေကလည်း ကျွန်တော်နဲ့ မိန်းမပျိုကိုငေးကြည့်လျက်။ ဓာတ်ပုံဆရာရဲ့ ကင်မရာကလည်း လက်ကနဲ လက်ကနဲ။ ထိုမိန်းမပျို ခေါ်ဆောင်ရာနောက် လမ်းမကြီးအတိုင်း လျှောက်လာတော့ အခါတော်ပေး သီချင်းသံကို သီဆိုနေပြီ ဒီသီချင်းကို အရမ်းကြိုက်သည် ငယ်ကတည်းက အရမ်းနှစ်သက်သည် မျက်လုံးအစုံကို မှိတ်ပြီး နားသောတ အာရုံတခုထဲ ခံစားလိုက်ချင်သည်။ တဖြောင့်တည်းသွားရမည့် ဒီလျှောက်လှမ်းပေါ်မှာ သီချင်းသံကို မျက်လုံးလေးမှိတ်ပြီး နားထောင်လိုက်သည်နှင့် တပြိုင်နက် ထိုမိန်းမပျိုက နားနားလေးကပ်၍ စကားလာပြောသည် မင်္ဂလာပွဲပြီးရင် ကျောင်းသွားတက်ရမယ်နော်တဲ့။

လန့်ဖြတ်ပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ဝတ်ကောင်းစားလှနဲ့ ထိုင်နေကြတဲ့ သူတွေ အခါတော်ပေးဆိုနေတဲ့ သူတွေ ဘာမှမရှိတော့။ သီချင်းသံလည်း ပျောက်သွားပြီ ဒါ မြက်ခင်းပြင်ကြီးသာဖြစ်သည်။ ခုနက အဝတ်အစားတွေလည်း ကိုယ်ပေါ်တွင်မရှိ။ ကျွန်တော်သည် အဖြူအစိမ်းဝတ်ပြီး လွယ်အိပ်ကို ဘေးသိုင်းလွယ်ထားသော မူလတန်းကျောင်းသားကလေးဖြစ်သည်။ ဘေးဘက်မှာ ကလေးမလေးတယောက်က ငေး၍ကြည့်နေသည်။ နင်ဘယ်သူလဲလို့ မေးလိုက်တော့ ငါ နင့်အိပ်မက်အတွက် တစ္ဆေတစ်ကောင်တဲ့(ကျွန်တော်ကတော့ နတ်သမီးဟုမြင်သည်)။ တခွန်းတည်းပြောပြီး သူမ အပြုံးတွေခြွေလျက် ပျောက်သွားသည်။ အင်း မနက်တောင် လင်းပြီပဲ။


နေဦး
(၂၀၁၁ စက်တင်ဘာ ၁၁၊ မနက် ၉း၃၇)