Pages

Saturday, November 10, 2012

မချစ်တတ်သော ကိုယ်၊ မပြိုတတ်သော စိတ် (၃)

"ကန္တာရပြင်လိုပါပဲ
ငါ့ရင်ဘတ်လည်း
ခြောက်ကပ်အက်ကွဲ
ဒီ ခြောက်ကပ်ကပ်ရင်ခွင်ထဲ
နှင်းဆီတပင်တည်း လာပေါက်တယ်။

မင်း ဘယ်ကများ ရောက်လာသလဲ?
မင်းလန်းဆန်းဖို့ အရေး
ငါ့မျက်ရည်တွေ သွန်းဖြိုးပေးခဲ့ရ
ငါ့ရင်ဘတ်ထဲက
နှင်းဆီလေးရေ
မင်း အရှင်သခင် ဘယ်မှာလဲ......."

မျှော်လင့်ချက်မဲ့သွားသလို ခံစားမိသည့် စိတ်နဲ့ ကိုယ် အတော်လေး စိတ်ဓာတ်ကျသွားသည်။ ပြန်တွေ့ဖို့ မလွယ်သည့် အဝါရောင်မလေးကို ဒုတိယအကြိမ်အတွေ့မှာ နာမည်လေးတောင် မေးရဲလောက်အောင် သတ္တိမရှိခဲ့။ တတိယအကြိမ် တွေ့ဆုံဖို့ဆိုတာ ဘယ်တော့များမှ ပေါ်လာတော့ မလဲ။ မနက်ဖြန်လား နောက်လလား နောက်နှစ်လား နောက် နှစ်ပေါင်းများစွာ ကြာမှလား ဒါမှမဟုတ် နှုတ်ဆက်ခွင့်မကြုံပါဘဲ လက်ပြလိုက်ရမှာလား။
မင်းကတော့ ဂရုတောင် ထားမိမည် မထင်ပါဘူး အဝါရောင် မလေးရေ........

အလုပ်တွေများနေလို့ သိပ်မတွေးနိုင်ပေမယ့် အဝါရောင်မလေးက ကိုယ့်ခေါင်းထဲက ပြေးထွက်မသွားခဲ့။ နောက်နှစ်ပတ်လောက်နေရင် ကိုယ့်အလုပ်ကိစ္စနဲ့ သွားစရာတခုရှိသည်။ အနည်းဆုံး တစ်လလောက်တော့ ကြာမှာ သေချာသည်။ လက်စသတ်စရာရှိတဲ့ အလုပ်တွေလည်း လက်စသတ်ရင်း ဒီတပတ်ကတော့ ကိုယ့်အတွက် အသက်တောင် ဝအောင် ရှုခွင့်မပေးခဲ့။
လူက တပတ်လုံး အလုပ်များခဲ့ပြီး ပင်ပန်းနေသော်လည်း ကိုယ့်ရင်ထဲက အဝါရောင်မလေးအတွက် တမ်းတစိတ်က ငြိမ်းမသွားသေး။ စနေနေ့ရောက်တော့ မနက် အစောကြီးထ ရေမိုးချိုးပြီး မြို့ထဲဘက် ထွက်လာခဲ့သည်။ BC မှာ တနေ့လုံး သွားထိုင်သည်။ BC တခုလုံး ကို ကောင်းကောင်းမြင်နိုင်တဲ့ နေရာတခု ရွေးပြီး ထိုင်နေလိုက်သည်။ ကိုယ့်မှာ လူတယောက်ဝင်ဝင်လာတိုင်း အဝါရောင်မလေးများလားဆိုပြီး ကြည့်ရတာ အမော။ ကိုယ်မရှိတဲ့အချိန် ရောက်လာမှာဆိုးတော့ ကိုယ့်မှာ နေ့လည်စာတောင် မြန်မြန်စားရသည်။ ညနေ ၃နာရီခွဲလောက်ထိ စောင့်ကြည့်နေသော်လည်း အဝါရောင်မလေး ပေါ်မလာခဲ့။ ညနေ ချိန်းထားတာလေး တခုရှိတော့ ကိုယ် ပြန်ရတော့မည်။ ဒီကနေ့ အတွက်တော့ လက်လျှော့လိုက်ရပြီပေါ့။ 

အဝါရောင်မလေးရေ ... မော်ဖူးခွင့်တခုအတွက်တောင် ငါ့မှာ ဗီဇာမကျနိုင်ပါ့လားကွယ်....

ကိုယ် ညက မိတ်ဆွေတွေနဲ့ ဘီယာသောက်တာ အတော်ညဉ့်နက်သွားသည်။ မနက်ဖြန် တနင်္လာကျရင်လည်း တွေ့ရဦးမယ့် ကိစ္စတွေ၊ တခြား စီစဉ်စရာ ရှိတာတွေနဲ့ အလုပ်ရှုပ်ရအုံးမည်။ ဒီနေ့တော့ အဆောင်မှာ နားနေလိုက်တာပဲ ကောင်းမည်။ ဒါပေမယ့် BC က ဒီနေ့ နေ့တဝက် ဖွင့်သည် မလား။ အဝါရောင်မလေး ဒီနေ့လာတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ 

ပင်ပန်းတာတွေ ဘာတွေထက် အဝါရောင်မလေးက အရေးကြီးသည်မလား။ မျှော်လင့်ချက်တခုသာ ဖြစ်ပေမယ့် ကိုယ် အမှားအယွင်းမခံနိုင်တော့။ ဒါပေမယ့် လက်တွေ့မှာတော့ မျှော်လင့်ချက်သည် အလုပ်ဖြစ်မလာခဲ့။ မကြာခင် BC လည်း ပိတ်တော့မည် ဗိုက်လည်း ဆာလှပြီ။ စိတ်ကတော့ သိပ်မကြည်လင်လှ။ 

BC က ထွက်လာလာချင်း ဗိုက်ကလည်း ဆာနေပြီမို့ ဗိုလ်အောင်ကျော်လမ်းထဲက ဆိုင်တဆိုင်မှာပဲ ထမင်းဝင်စားလိုက်သည်။ အဆောင်ကိုလည်း မပြန်ချင်သေး။ အင်း ကိုယ် အင်တာနက် မသုံးဖြစ်တာ အီးမေးလ်မစစ်ဖြစ်တာ တစ်ပတ်ကျော် နှစ်ပတ်လောက်တောင် ရှိတော့မှာပဲ။ ကိုယ်သုံးနေကျ Aladdin ဘေးနားက အင်တာနက် ဆိုင်ထဲ ဝင်လာခဲ့သည်။ ကြာပြီဆိုတော့ အီးမေးလ်တွေလည်း မနည်းတော့ဘူးပဲ။ ဖျက်သင့်တာဖျက် ဖတ်သင့်တာဖတ်ပေါ့။ ဒါနဲ့ သူငယ်ချင်း ကောင်မလေးတယောက်က ကိုယ့်ကို friendster လို Social Network ဆိုက်နှစ်ခုမှာ ဖိတ်ထားသည်။ တခုက Hi5 တခုက freidncircles။ ဒါနဲ့ ဘာရယ်မဟုတ် နှစ်ခုလုံးမှာ sign up ဝင်လုပ်လိုက်သည်။ friendcircles မှာ သူငယ်ချင်းတွေကို ထပ်ဖိတ်ဖို့ ဘေးက ရေးထားတာလေးတွေ့တော့ Search Friends ကို နှိပ်လိုက်သည်။ Profile တွေ အများကြီး ကျလာသည်။ တော်တော်များများက ဓာတ်ပုံတောင် တင်မထားကြ။ ဓာတ်ပုံတင်ထားတော့လည်း ကောင်မလေးတွေက ရုပ်မချော။ ကိုယ်က ဘာလို့ သူငယ်ချင်း စာရင်းထဲ ထည့်ရမှာလဲ။

Profile တွေ တခုပြီး တခုလျှောက်ကြည့်နေရင်း Thorn ဆိုသည့် ကောင်မလေး တယောက်ပုံပေါ်လာသည်။ တင်ထားတဲ့ပုံက ဓာတ်ပုံက စကန်ပြန်ဖတ်ပြီး တင်ထားတာမို့ ထင်သည် ခပ်ဝါးဝါး။ အဲဒါနဲ့ Profile ထဲ ဝင်ကြည့်လိုက်တော့ ကိုယ့်မှာ ပျော်လိုက်တဲ့ ဖြစ်ခြင်း အဝါရောင်မလေးပါလား။ နာမည်က Thorn တဲ့လား။ ဒါဆို မင်းက ဆူး ပေါ့နော်။ ကိုယ် ချက်ချင်း သူ့ကို Add လိုက်သည်။ သူ့ အီးမေးလ် လိပ်စာလေးများ ရေးထားလေမလားလို့ လိုက်ရှာကြည့်မိသော်လည်း ရေးထားတာ မတွေ့။ ဘာပဲဖြစ်ဖြစ်လေ အနည်းဆုံးတော့ အလင်းရောင် မှိန်ပြပြလေးတော့ မြင်ရပြီပေါ့။

ပျော်လိုက်တာလေ .. 
ကိုယ့်မှာ အချိန်နာရီတွေကိုတောင် မေ့သွားတယ်.........

.............................

အလုပ်တဖက်နဲ့ ဖြစ်နေပေမယ့် သူငယ်ချင်း အဖြစ်များ သူက လက်ခံထားပလားဆိုပြီး အင်တာနက်ဆိုင် ပြေးပြေးစစ်ရတာလည်း ကိုယ့်မှာ အမော။ နှစ်ရက် သုံးရက်လောက်အထိ သူမက ကိုယ့်ကို လက်ခံမထားသေး။ တစ်ည မြို့ထဲက ပြန်အလာ အဆောင်ကို မဝင်သေးပဲ လမ်းထိပ်က ဆိုင်မှာ အင်တာနက်သုံးရင် ဝင်စစ်ကြည့်တော့မှ သူ ကိုယ့်ကို သူငယ်ချင်း အဖြစ်လက်ခံထားတာတွေ့သည်။ ပျော်လိုက်တာ ဆူး ဒါမှမဟုတ် သွန်း ဒါမှမဟုတ် အဝါရောင်မလေးရယ်.... သူမကော ကိုယ့်ကို မှတ်မိတန် သိတန်ကောင်းပါရဲ့နော်......

ကိုယ် သူ့ဆီကို freindcircles ထဲကပဲ စာပို့လိုက်သည်။
"ဟိုင်း...
နေကောင်းတယ်နော်။ မင်းကို တွေ့လို့ သူငယ်ချင်းအဖြစ် Add လိုက်တာပါ။
ကိုယ့်ကို မှတ်မိလားဟင်။
ပြီးခဲ့တဲ့ တပတ်တုန်းက BC ထဲမှာ တွေ့သေးတယ်လေ။ လွန်ခဲ့တဲ့ တစ်လကျော်ကျော်လောက်တုန်းက Moon မှာ စဆုံဖူးတာပါ။
အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်။ 
အော် ဒါနဲ့ ကိုယ့်နာမည် လုလင်ပါ။"

တစ်ရက်ကျော်လောက်ကြတော့ သူမဆီက စာပြန်လာသည်။
"ဟုတ် မှတ်မိပါတယ်။ စစချင်းတော့ Profile က နာမည်က jinx ဆိုလို့ ကြည့်နေတာ။
ဓာတ်ပုံမြင်မှ အကိုမှန်း သိလို့ လက်ခံလိုက်တာပါ။
တွေ့ရတာ ဝမ်းသာပါတယ်။"

ဒီလိုနဲ့ စာအပြန်အလှန်ပို့ရင်း စကားတွေပြောဖြစ်လာသည်။ နောက် သူမဆီက အီးမေးလ်လိပ်စာတောင်းတော့ သူမက ကြည်ကြည်ဖြူဖြူပဲ ပေးသည်။ အီးမေးလ်လိပ်စာကလည်း thorn ဆိုပဲ။

နောက်တပတ်ထဲဆို ကိုယ် ခရီးထွက်ရတော့မည်။ BC လာစရာ ရှိသေးလားလို့ မေးတော့ သူမက မသေချာသေးတဲ့။ ဒါပေမယ့် ကိုယ်ကတော့ ဒီ တနင်္ဂနွေမှာလည်း BC ဘက် ထွက်လာလိုက်သည်။ မတွေ့။ ဒါဆို သူမကို အွန်လိုင်းမှာများ တွေ့မလားလို့ သုံးနေကျ အင်တာနက်ဆိုင်မှာ သွားသုံးမိသည်။ အွန်လိုင်းမှာလည်း မရှိ။ နာရီဝက်ကျော်လောက်ရှိလာတော့ သူမရဲ့ နာမည်လေးက စိမ်းသွားသည်။ အိုး သူ အွန်လိုင်း ရောက်လာပြီပဲ။

"ဟိုင်း"
"ဟိုင်း"
"နေကောင်းလား ကောင်မလေး"
"အင်း ကောင်းလို့ အွန်လိုင်း တက်လာတာပေါ့။ နေမကောင်း ဘယ်လိုလုပ် အင်တာနက် လာသုံးမလဲ"
"ကိုယ်တောင် BC ရောက်ခဲ့သေးတယ်"
"အင်း အဲဒီတော့ ဘာဖြစ်"
"အော် ဘာရယ်မဟုတ်ပါဘူး ပြောပြတာပါ"
"ကိုယ်က မင်း အွန်လိုင်းလာမလားလို့ စောင့်နေတာ"
"အင်း ဟုတ်တယ်။ ဒီဆိုင်မှာ လူများနေလို့ ထိုင်စောင့်နေရတာ"
"အော် ဆိုးတာ"
......
"ခု ဘယ်ဆိုင်မှာ သုံးနေတာလဲဟင်"
"Three Seasons မှာ"
"အော် ဘယ်နားမှာလဲဟင်"
"ဗိုလ်အောင်ကျော်လမ်းနားမှာလေ"
"အယ် ဟုတ်လား။ ကိုယ်လည်း ဗိုလ်အောင်ကျော်လမ်းထဲက ဆိုင်မှာပဲ။ Aladdin ဘေးက သုံးထပ်က ဆိုင်"
"အော် ဟုတ်လား"
"ဒါနဲ့ ကိုယ် ဒီ အင်္ဂါနေ့ ခရီးထွက်ရမယ်"
"အော် ဟုတ်လား သွားပေါ့။ ဘယ်သွားရမှာလဲ"
".... မြို့ကိုပါ။ ကြာမယ်ထင်တယ်"
"အော် အလုပ်ကိစ္စလား"
"အင်းပေါ့။ သုံး လေး လလောက်တောင် ကြာမလားမသိဘူး"
"ကောင်းတာပေါ့"
"အင်း ဘာစားပြီးပြီတုန်း"
"ဟင့်အင်း ဘာမှ မစားရသေးဘူး။ ခုနကမှ ကျောင်းဆင်းတာ"
"အော် ဟုတ်လား ကိုယ်လည်း မစားရသေးဘူး တခုခုသွားစားရအောင်လေ"
"စားချင်သေးပါဘူး ဒီမှာ နေရာရဖို့ အကြာကြီး စောင့်ထားရတာ"
"လာပါ သွားစားရအောင်။ လမ်းထိပ်နားက လ္ဘက်ရည်ဆိုင်မှာ မြီးရှည်တို့ ဘာတို့ရတယ်လေ"
"အာ စားချင်ပါဘူးဆိုနေ ပြန်လာလို့ နေရာမရ ဘယ်လိုလုပ်မလဲ"
"အင် သွန်းက အဲဒီဆိုင်မှာမှ သုံးချင်တာလား။ တခြားဆိုင်ဆိုရင်ကော ဖြစ်လား"
"ဒီမှာ ၁၀နာရီစာ ဝယ်ထားတာ"
"ခု ကိုယ်သုံးနေတဲ့ ဆိုင်မှာ ဆိုရင်ကော"
"အာ ဈေးကြီးတယ် အဲဒီဆိုင်က"
"လာပါ သွားစားရအောင်ပါ။ ပြန်လာရင် နေရာရဖို့ ကိုယ်တာဝန်ယူတယ်ဟုတ်ပလား"
"သေချာလို့လား။ မရရင် အသေသတ်မှာနော်"
"အေးပါဆို"
"ဒါဆိုလည်း ပြီးရော ၅မိနစ်နေရင် ထွက်လာခဲ့မယ်။ သေချာတယ်နော်"
"အင်း အင်း သေချာတယ် ဒါပဲ"

မတတ်နိုင်ဘူးလေ ကိုယ်က စွဲလမ်းမိသူမလား။ ဆိုင်ကလူကို ခေါ်ပြီး ကိုယ်သုံးနေတဲ့ ကွန်ပျူတာကို အလွတ်ထားခိုင်းခဲ့သည်။

အောက်ထပ်ရောက်ပြီး သိပ်မကြာခင်မှာပဲ သူမရောက်လာသည်။
"ဟဲ့ သေချာတယ်နော် နေရာရမှာ"
"အေးပါ သေချာပါတယ်ဆို"
"ပြီးရော အွန်လိုင်းမယ် ချိန်းထားတာ ရှိတယ်"
"အော် ဘယ်သူနဲ့တုန်း"
"ပြောပါဘူး ပြောပြစရာလား"
ကိုယ့်ရင်ထဲမယ် ထိတ်ကနဲ ဖြစ်သွားသည်။ သူမမှာ ရည်းစားရှိနေနှင့်ပြီလား....

တနင်္ဂနွေလည်းဖြစ် နည်းနည်းလည်း နောက်ကျနေတာကြောင့်ထင်သည်။ ဆိုင်က လူရှင်းနေသည်။ 
"ဘာစားမလဲ"
"အင်း ဘာစားရကောင်းမလဲ"
'မြီးရှည်စားပါ့လား ဒီဆိုင်က မြီးရှည်ကောင်းတယ်"
"ဟုတ်လား"
"အင်း ဟုတ်တယ်"
"အဲဒါဆိုလည်း မြီးရှည်ပဲ စားတော့မယ်"
"အင်း ပြီး ဘာသောက်မလဲ အအေး အပူ"
"တော်ပြီ ဘာမှသောက်ချင်ဘူး"
"ဒါဆို ရေသောက်"
"အင်း"

စားပွဲထိုးလေး ရောက်လာတော့ မြီးရှည် နှစ်ပွဲနှင့် ရေသန့်ဗူးကြီး တစ်ဗူးမှာလိုက်သည်။

"အဲဒါနဲ့ ကိုယ့်နာမည်က လုလင်ဆိုတာ သိတယ်နော်"
"အင်း သိတယ်လေ။ ရှင်ပဲ ပြောပြထားပြီး"
"မင်းနာမည်ကကော"
"အွန် ခု ဘယ်လိုသိထားတုန်း"
"သွန်းလေ"
"အင်းလေး သွန်းဆို သွန်းပေါ့"
"အင် မဟုတ်ဘူးလေ နာမည်ရင်းပြောတာ"
"အားကြီး အမေးအမြန်းထူတာပဲ။ သွန်းဆို သွန်းလို့ မှတ်ထားလိုက် ပြီးရောဟာကို"
ကိုယ် ဆက်မမေးရဲတော့ပါ..




မချစ်တတ်သော ကိုယ်၊ မပြိုတတ်သော စိတ် (၂)

ပြန်တွေ့ရတော့မည် မထင်သော ထို အဝါရောင်မလေးက ကိုယ့်ရင်ထဲကို ယီးလေးခိုလို့ လိုက်လာခဲ့သည်။ ပြန်တွေ့ဖို့ဆိုသည်က ရန်ကုန်လို မြို့ပြတခုမှာ သူ့လည်း ကိုယ်မသိ၊ ကိုယ့်လည်း သူမသိနဲ့ ခက်တယ်မလား။ အနည်းဆုံးတော့ နာမည် တပိုင်းတစတောင် မသိလိုက်ခဲ့။ ဘေးက ပါလာသည့် ဒူးရင်းသီးမလေးကလည်း ရှေ့မယ် စကားတခွန်း နှစ်ခွန်းသာ ပြောသွားခဲ့ပြီး နာမည်တောင်ခေါ်ပြီး မပြောသွားခဲ့။ ဘယ်လောက်များ ဆိုးလိုက်ပါသလဲ။

ထွက်လက်စနဲ့မထူးတော့ပြီမို့ မိုးရွာထဲမှာပဲ ဆူးလေရောက်အောင် ထီးဆောင်းပြီး လမ်းလျှောက်လာခဲ့လိုက်သည်။ ဆေးမိထားတဲ့ လူတယောက်လို မိုးတွေစိုနေတာလဲ ကိုယ်မသိတော့။ စမ်းချောင်းမှာနေသည့် ကိုယ်က မြို့ထဲက ပြန်လျှင် ၄၅ကိုသာ စီးလေ့ရှိပြီး ဒီနေ့တော့ လူက ခေါင်းထဲမှာ တွေးနေချင်တာနဲ့ နောက်ဆုံးမှာ ထိုးထားတဲ့ ၄၅ ပေါ် တက်ထိုင်လိုက်သည်။ မိုးသံတွေထဲမှာ ဂျာနယ်ရောင်းသံ ရေခွက်ကို တဂွက်ဂွက်ခေါက်နေသည့် အသံ အသံတွေ အသံတွေ စီညံလို့နေသည်။ နားက ကြားနေသော်လည်း ဦးနှောက်က နားမလည်တော့။ နှလုံးသားရဲ့ အသံနဲ့ အလုပ်ရှုပ်နေသော ဦးနှောက်က ပတ်ဝန်းကျင်ရဲ့ အသံတွေကို ဘာသာပြန်မပေးနိုင်တော့ပြီ။

အဲ့ဒီညက အိပ်မက်ထဲ အဝါရောင်ကောင်မလေး အလည်ရောက်လာသည်။ ကိုယ်နဲ့ စကားတွေအကြာကြီး ပြောဖြစ်သည်။ စကားတွေ အကြာကြီး ပြောဖြစ်တာကလွဲလို့ ဘာတွေပြောဖြစ်သည်ကိုတော့ ကိုယ်မသိတော့။ မှတ်မိတာကတော့ တခုပဲ ရှိသည်။
"ကိုယ်က လုလင်ပါ မင်းရဲ့နာမည်က"
အဝါရောင်မလေး ခစ်ကနဲ ရယ်လိုက်သည်
"လုလင်တဲ့ မိုက်တယ်နော် နာမည်က။ ကျွန်မက ..."
သူမ ပြောဖို့ ပြင်နေချိန်မှာ ဒူးရင်းသီးမက ဘယ်ကရောက်လာသည်မသိ ရောက်လာပြီး
"သွားရအောင်ဟယ်။ ငါ ပြန်ချင်ပြီ"
သူ့စကားအဆုံးမှာ အဝါရောင်မလေးဘက်ကို လှည့်ကြည့်မိတော့ သူ့အိတ်လေးကို လွယ်ပြီး အဆင်သင့်ဖြစ်နေပြီ။
"ဘိုင်ဘိုင်နော်"
နှုတ်ဆက်ကာ ထွက်သွားခဲ့သည်။
နောက်မှဆုံမယ်ဟု သူမ ပြောမသွားခဲ့။ အိပ်မက်ကြောင့် လန့်နိုးမလာပဲ အိပ်မက်က ညင်ညင်သာသာပြီးဆုံးခဲ့ပြီး ကိုယ်လည်း အိပ်ရေးဝဝနဲ့  နိုးလာခဲ့သည်။

နောက်တခါဆိုတာ ရှိမှ ရှိပါအုံးတော့မလား အဝါရောင်မလေးရေ..

.........................

ကိုယ်က အချိန်ပြည့်လုပ်ရတဲ့ အလုပ်မျိုးလုပ်နေတာ မဟုတ်သော်လည်း အလုပ်ရဲ့ သဘာဝအရ ပန်းဆိုးတန်း တဝိုက်ကို မကြာခဏ သွားရသည်။ ရက်တွေကြာသွားခဲ့ပြီဖြစ်သော်လည်း ကိုယ့်ရင်ထဲက အဝါရောင်မလေးရဲ့ ပုံရိပ်တွေက ထွက်မသွားသေး။ Moon မှာ ထိုင်ဖြစ်တိုင်း သူမကိုတွေ့လေမလားဆိုပြီး ဂနာမငြိမ် လိုက်ကြည့်နေမိတတ်သည်။ သူမကို တွေ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့လည်း Moon မှာ တကူးတက သွားသွားထိုင်မိသည်။  ဒါပေမယ့် သူမကတော့ အရိပ်အရောင်ပင် ပေါ်မလာခဲ့တော့။

တလတင်းတင်းတောင် ပြည့်လုနီးပြီလေ။ နှလုံးသားရဲ့ သံပတ်လေးရပ်မသွားသေးပေမယ့် မျှော်လင့်ချက်တို့ကတော့ ပါးသထက် ပါးလာသည်။

ဘာပဲဖြစ်ဖြစ် အဝါရောင်အင်္ကျီမြင်တိုင်း သူမများလား ငေးငေးကြည့်ရတာလည်း အမော။

...........................

အလုပ်ကိစ္စ မရှိသည့် စနေ တနင်္ဂနွေနေ့တွေမှာ ကိုယ်က မြို့ထဲဘက်ကို သွားခဲသည်။ အဆောင်မှာပဲ နားနားနေနေနဲ့ စာဖတ်နေတတ်တာ၊ သူငယ်ချင်းတွေနဲ့ စကားဖောင်ဖွဲ့နေတတ်တာပဲ များသည်။ ဒါပေမယ့် ဒီတပတ်တော့ ရာသီဥတုကလည်း ပူ၊ အိမ်မှာလည်း ပျင်းပျင်းရှိတာနဲ့ BC ဘက်ကို ထွက်လာခဲ့သည်။ BC ရောက်တော့ ထိုင်စရာ တနေရာ အရင်ရှာ သူများလာမထိုင်အောင် ထိုင်ခုံပေါ်မှာ ပစ္စည်း နည်းနည်းပါးပါးတင်ခဲ့ပြီး ဖတ်ဖို့ စာအုပ် လိုက်ဖွသည်။ တကယ်လည်း စာဖတ်ဖို့ ရည်ရွယ်ပြီး လာတာ မဟုတ်တော့ အပျင်းပြေလှန်စရာ ကလေးပုံပြင်လေးတွေ ဝတ္ထုတိုလေးတွေပဲ ရွေးယူခဲ့သည်။ စာအုပ်တွေရွေးပြီးချိန်မှာပဲ အိမ်သာသွားချင်သလိုလိုဖြစ်လာတော့ ကိုယ်ရွေးထားတဲ့စာအုပ်တွေလည်း သူများ ယူမှာစိုး၊ အိမ်သာထဲကလည်း စာအုပ်ယူမရတော့ စာအုပ်စင်ရဲ့ အပေါ်ဆုံးမှာ အစွန်းလေး နည်းနည်းထုတ်ပြီး တင်ထားလိုက်သည်။

အိမ်သာထဲက ထွက်လာတော့ စာအုပ်စင်ပေါ်တင်ခဲ့သည့် စာအုပ်တွေကို လှမ်းဆွဲအယူ အပေါ်ဆုံးက စာအုပ်က လက်ကလွတ်ပြီး အောက်ပြုတ်ကျသွားသည်။ ဖြစ်ချင်တော့ စာအုပ်က ကိုယ့်ကိုကျောပေးပြီး ဆောင့်ကြောင့်ထိုင်ကာ စာအုပ်စင် အောက်ဆုံးထပ်က စာအုပ်တွေ မွှေနေသည့် ကောင်မလေးခြေထောက်ရှေ့ နားလေး ပြုတ်ကျသွားသည်။ လူပေါ် ပြုတ်မကျတာ ကံကောင်း။ ကိုယ်က အကူအညီတောင်းမလို့ ဘယ်လိုစကားစရမလဲ ပြင်နေချိန်မှာ ရှေ့က ကောင်မလေးက စာအုပ်ကိုကောက်ပြီး နောက်ကို လှမ်းပေးသည်။

ကိုယ် သိပ်ပျော်သွားသည်။
"ဟာ မမလေးပါ့လား"
"အော် ရှင်ပဲ"
သူမက ကိုယ့်ကို မှတ်မိနေသေးပုုပေါက်တော့ ကိုယ်အတော် ကျေနပ်သွားသည်။
"စာအုပ်လာငှားတာလား"
"အင်း ဟုတ်တယ်။ စာမေးပွဲဖြေမှာလေ အဲဒါ reference စာအုပ် တချို့လာငှားတာ"
"အော် ဟုတ်လား။ ဘာတက်နေတာလဲ"
"ACCA တက်နေတာလေ"
"ကောင်းတာပေါ့။ ကိုယ်တောင် တက်ချင်တာ ပိုက်ဆံ မတတ်နိုင်လို့"
"အင်း ဟုတ်တယ် စစချင်း ၁ဝသိန်း ဝန်းကျင်လောက်တော့ ကုုန်တယ်။ ဒါပေမယ့် အရမ်းအများကြီးတော့ မဟုတ်ပါဘူး"
သူမ လိုချင်သည့် စာအုပ်တွေ ရသွားသည်ထင်။ သူမ စာအုပ်တွေ ပိုက်ပြီး ပြုံးပြကာ သူမ ဦးထားပုံရသည့် ထိုင်ခုံဘက် ထွက်သွားသည်။

သူမ ထိုင်နေသည့် ထိုင်ခုုနဲ့ ကိုယ့်ထိုင်ခုံနဲ့က မြင်နေရသော်လည်း အတော်လှမ်းသည်။ စကားရော ဖောရောနဲ့ သူမခုံဘေးနား သွားထိုင်မလား ကြည့်တော့လည်း တခုံမှ မအား။ အကုန်လုံးက စာလာဖတ်တာမဟုတ်ဘဲ စာလုပ်နေကြတဲ့ ပုံဆိုတော့ တော်တော်နဲ့တော့ ထကြမည့်ပုံမပေါက်။ စာသာဖတ်နေရသည် စာထဲကို ကိုယ်စိတ်မရောက်။ သူမကလည်း သူ့ဘက်ကို တချက်လေးတောင် အရေးစိုက်လို့ လှည့်မကြည့်။

စာအုပ်ပဲ ထရှာသလိုလို၊ လမ်းပဲ ထလျှောက်သလိုလိုနဲ့ သူထိုင်နေတဲ့ရှေ့က လျှောက်လိုက် နောက်ကလျှောက်လိုက်နဲ့ အကြိမ်ကြိမ်ဖြတ်လျှောက်ကြည့်သည်။ သူမ ဘယ်လောက်တောင် စာထဲမှာ စိတ်ဝင်စားနေသည်မသိ။ ကိုယ့်ကိုတခါလေးမှပင် မော့မကြည့်။ ကိုယ့်မှာသာ ဣန္ဒြေမရ ထိုင်လိုက် ထလိုက် စာအုပ်တွေ သွားကြည့်သလိုလိုလုပ်လိုက် အိမ်သာသွားလိုက်။ ခေါင်းထဲမှာလည်း အမျိုးမျိုးစဉ်းစားနေမိသည်။ စကားသွားပြောရကောင်းမလား။ ဘာပြောရကောင်းမလဲ။ သွားပြောရင် ကြိုက်မှ ကြိုက်ပါ့မလား။ သိပ်ပြီးကော သိသာသွားမလား။ အရမ်းရုပ်ပျက်ဆင်းပျက် ဖြစ်သွားမလား။ စကားလာပြောတာ မကြိုက်ဘူးဆိုပြီး အော်ငေါက်ထည့်လိုက်ရင်ကော ဘယ်လိုလုပ်မလဲ။ မေးခွန်းပေါင်းများစွာနဲ့ ကိုယ် ဘာလုပ်ရမယ်မှန်း မသိတော့။

စိတ်ရှုပ်လာပြီ ကိုယ် ကိုယ့်ကိုယ်ကို အားတင်းလိုက်သည်။ အိမ်သာထဲသွား မျက်နှာတွေဘာတွေသစ်လိုက်မည် ပြီးရင်တော့ ဘာပဲဖြစ်ဖြစ် သူမကို စကားသွားပြောမည်။ အနည်းဆုံး နာမည်လေးတော့ သိရအောင် မေးမည်။ အိမ်သာထဲရောက် စိတ်ကိုစုစည်းဖို့ကြိုးစားပြီး မျက်နှာကို ရေစွတ်ရင်း မှန်ထဲမှာ ကိုယ့်ကိုယ်ကို သေချာပြန်ကြည့်သည်။ မသပ်မရပ်များ နိုင်နေမလား။ ဘယ်လိုပြောရကောင်းမလဲ။ မှန်ရှေ့မှာ စကားတွေပြောကြည့်သည်။ ဒါနဲ့ မှန်ရှေ့မှာ အတော်ကြာသွားပြီး စိတ်ကို အားတင်းကာ သူမ ရှိနေမည့် ထိုင်ခုံဘက်ဆီ လျှောက်သွားလိုက်သည်။ အဲဒီနားလည်း ရောက်ရော သူမ မရှိတော့။ သူမရဲ့စာအုပ်တွေလည်း မရှိတော့။ သွားပြီ ...
 BC အပြင်ဘက်ကို အပြေးအလွှားထွက်ပြီး ကြည့်မိသည်။ အရိပ်အရောင်မျှပင် မရှိတော့။

သွားပြီ
လုံးဝသွားပြီ။
ဒါမျိုးနောက်တခါ ပြန်ဆုံဖို့ဆိုတာ လွယ်မှာ မဟုတ်တော့။ ကိုယ် သိပ်ကြောက်တတ်လွန်းသည်။ ကိုယ် သိပ်တွေဝေလွန်းသည်။ ကိုယ် သိပ်ပြီး သတ္တိနည်းလွန်းသည်။ ခုတော့ သူမရဲ့ နာမည်လေးတောင် မသိလိုက်ရပဲ နောက်တကြိမ် ပြန်လွဲသွားသည်။ ကိုယ် သိပ်ညံ့သည်။ နောက်ဘယ်တော့မှ ပြန်မဆုံတော့ရင် ဘယ်လိုလုပ်မလဲ....

ဒါ တောမြို့လေး မဟုတ်။ လူဦးရေ သန်းနဲ့ချီပြီး ရှိနေတဲ့ ရန်ကုန်။ အဝါရောင်မလေးနဲ့ ပြန်တွေ့ဖို့က သိပ်ခက်ခဲလွန်းသွားပြီ။
နှလုံးတွေ တလှပ်လှပ်ခုန်လာပြီး ကိုယ် ရှိုက်ကနဲ ဖြစ်သွားသည်။ မျက်ဝန်းမှာ မျက်ရည်တွေလဲ့ကနဲ ဖြစ်သွားသည်။

ကိုယ့်ကိုများ ကစားနေတာလား ကံကြမ္မာရယ်..........

Friday, November 09, 2012

မချစ်တတ်သော ကိုယ်၊ မပြိုတတ်သော စိတ် (၁)

ကိုယ်

ကိုယ်...
ကိုကို၏ ကို မဟုတ်သော ကိုယ်သည် သာမန်လူတယောက်မျှသာ ဖြစ်သည်။
ကိုယ်က ကိုယ့်ကို လူတွေနားလည်ရခက်တာ၊ လျှို့လျှို့ဝှက်ဝှက် သိုသိုသိပ်သိပ်နေရတာကိုကြိုက်သည်။ ကိုယ်က ကိုယ့်ကိုယ်ကို ခံစားချက်တွေထက် ဖြစ်ရပ် (facts) တွေပေါ်မှာသာ အလေးထားသောသူဟု ယုံကြည်လေ့ရှိသည်။ အဲဒီ့အတွက်လည်း ဂုဏ်ယူလေ့ ဂုဏ်ယူထရှိသည်။
သို့သော် ကိုယ် မေ့နေသည်မှာ ကိုယ်သည် ဝိုင်ဖန်ခွက်တခွက်နှင့်တူသည့် သာမာန်လူ တယောက်မျှသာ ဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။ ထိခိုက်လွယ် ကွဲရှလွယ်သည်။ ကိုယ်သည် မှန်ကြည့်နည်းသောသူတယောက်ဖြစ်သည်။

အကယ်၍ လူလတ်တန်းစားကိုသာ ပြည့်စုံသော နှင့် မပြည့်စုံသောဟု အဆင့် ထပ်ခွဲမည် ဆိုလျှင် ကိုယ်က မပြည့်စုံသော လူလတ်တန်းစား မိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။ ကိုယ် ကျောင်းတက်နိုင်သည်။ ကျောင်းတက်နေရင်း အလုပ်လုပ်စရာမလို။ ကောင်းသည် ဆိုးသည်မှ လွဲ၍ မငတ်အောင် စားနိုင်သည်။ ကားဆိုင်ကယ် မရှိသော်လည်း ကျောင်းသွားဖို့ စက်ဘီးလေးတော့ ရှိသည်။ တက္ကသိုလ်ကျောင်းသား ဘဝမှာ သူများတွေလို တလ ၅ သိန်း ၁၀ သိန်း မုန့်ဖိုးမရသော်လည်း တလ ရသောင်း ၈သောင်းတော့ ပုံမှန်ရသည်။ မပြည့်စုံ မချမ်းသာသော်လည်း လောက်လောက်ငှငှရှိသည့် မိသားစုသည် ကိုယ်မွေးဖွားလာရာ ဝန်းကျင်ဖြစ်သည်။


သဒ္ဓါ

အရပ်မနိမ့်မမြင့်၊ ပြေပြစ်သောကောက်ကြောင်း၊ ကျော့ရှင်းသော ဝတ်စားဆင်ယင်မှု၊ ပခုံးပေါ်ဝဲရုံကျနေသည့် ဆံနွယ်၊ ဆင်စွယ်ရောင် အသားအရည်၊ မထိတရိ အပြုံး၊ မာန်တင်း၍ ကြင်နာတတ်သော မျက်နှာထား..
တခါတရံ လူကြီးဆန်၍ တခါတရံ ဆယ်ကျော်သက်အတွေးလောက်သာရှိသော၊  တခါတရံ နာမည်နှင့်လိုက်အောင် သဒ္ဓါတရားထက်သန်၍ လှူဒါန်းပေးကမ်းတတ်ပြီး တခါတရံ တစ်ကျပ် နှစ်ကျပ်က အစ တွက်ကပ်တတ်သော၊ တခါတရံ သပ်သပ်ရပ်ရပ် ဖြစ်သလောက် တခါတရံ စုတ်တိစုတ်ဖွားဖြစ်တတ်သော၊ တခါတရံ စိတ်ဓာတ်ခွန်အား အပြည့်နှင့် တက်ကြွနေသလောက် တခါတရံ ပျင်းရိတတ်သော၊ တခါတရံ ခေါင်းဆောင်တယောက်၏ စိတ်ထားမျိုးနဲ့ ဦးဆောင်တတ်၍ တခါတရံ အရာရာကိုကြောက်ရွံ့ပြီး နောက်လိုက်ကောင်းပင် မပီသသော...

မရိုးသားစွာ ဖြူစင်သည့် ကောင်မလေး။


စက်တင်ဘာ
မိုးများသော ရန်ကုန်အတွက် စက်တင်ဘာသည် ကိုယ့်အတွက် စိတ်ပျက်ဖွယ်ရာ အတိပြီးသော လဖြစ်သည်။ ကတ္တီပါ ဖိနပ်ကိုသာ နှစ်နှစ်ချိုက်ချိုက် စီးခဲ့သူ ကိုယ့်အဖို့ မိုးများနှင့် ရန်ကုန်သည် စိုစိုထိုင်းထိုင်း မှိုင်းမှိုင်းဝေဝေ ဖြစ်နေတတ်သည်။ ကိုယ့်မျက်စိထဲမှာ ပုဆိုးကို နိုင်ငံခြားဖြစ် ခေါ်မလား မသိသည့် slipper များနှင့် တွဲစီးထားသည်ကို မြင်လျှင် အလွန်ရုပ်ဆိုးသည်ဟု ထင်သည်။ ဒါပေမယ့် ကာလံ ဒေသံ ဆိုတဲ့အတိုင်း ကိုယ်လည်း တခါတခါတော့ အဲဒီ ပုံမကျ ပန်းမကျ ဖိနပ်များကို စီးရသည်။
ဘာတတ်နိုင်ပါမည်လဲ...

Moon
ငွေမချို့တဲ့သော်လည်း ငွေမပေါသည့် ကိုယ်က ကော်ဖီကို တော်တော်ကြိုက်သည်။ ကိုယ်အဓိကကြိုက်သည်က ဘလက်ကော်ဖီ။ ကော်ဖီမှုန့်ကောင်းကောင်းလေးမှာ သကြား အနေတော်လေးထည့်ပြီး သံပုရာသီးလေး ညှစ်ထားသည့် ဘလက်ကော်ဖီ။ သံပုရာနံ့သင်းသင်းလေးကို အနားကပ်ရှုရှိုက်ပြီး ကော်ဖီကို ဖြည်းဖြည်းချင်းလေး စုပ်လိုက်ရလျှင် ပင်ပန်းထားသမျှ အမောပြောသွားသလိုလို ရန်ကုန်မိုးရဲ့ အချမ်းဒဏ်တို့ တခါတည်း လွင့်ပါးသွားသလို။
ဒါပေမယ့် ကော်ဖီကြိုက်သည့် ကိုယ့်အတွက် ပြဿနာက ခပ်ညံ့ညံ့ ကော်ဖီနဲ့ ခပ်ညံ့ညံ့ အဖျော်ဆရာဖြစ်သည်။ ကော်ဖီခွက်နဲ့ အောက်က အခံမှာ ကော်ဖီမှုန့်တွေ ပေကျံနေအောင် ဖျော်ထားလျှင် ကိုယ် မုန်းသည်။ ကော်ဖီမှုန့်တွေ သေချာစစ်မထားပဲ ကော်ဖီမှုန့်ကြမ်းကြမ်းတွေ အာခေါင်ထဲ ရောက်သွားတာကို ကိုယ်မုန်းသည်။ ဒီလိုနဲ့ လမ်းဘေး လ္ဘက်ရည်ဆိုင်တွေနဲ့ ရှင်ကွဲ ကွဲခဲ့သည် ကိုယ့်အတွက် ကော်ဖီကောင်းကောင်းနဲ့ သပ်သပ်ရပ်ရပ်ပြင်ဆင်ပေးတတ်သည့် ဟိုတယ်က ကော်ဖီဆိုင်တွေ Sakura Tower က ကော်ဖီဆိုင်တွေသည်လည်း သိပ် အလှမ်းကွာလွန်းသည်လေ။ ခုချိန်ထိတောင် Sakura က ကော်ဖီဆိုင်ဆိုတာ ပြောတာသာ ကြားဖူးပြီး ရောက်ဖူးဖို့ ဝေးစွ နာမည်တောင် အတိအကျမသိသေး။ အထက်လည်း မလှမ်းနိုင် အောက်ကိုလည်း မဆင်းနိုင်သည့် ကိုယ့်အတွက် အဆင်ပြေပြေ နေရာလေး တခု ရှိနေတာကတော့ ကိုယ့်အတွက် ကံကောင်းခြင်းပင်လား နောင်တတခုပေလားတော့ မသိ။ နေရာထိုင်ခင်း ကျယ်ဝန်းပြီး ကော်ဖီခပ်ကောင်းကောင်းလေး ရတတ်သည့် Moon သည် ကိုယ့်အတွက် အနားယူရာ နေရာဖြစ်လာခဲ့သည်။ မနက်စာအတွက်ဆိုရင် ဆိပ်ကမ်းသာလမ်းထဲမှာ မုန့်ဟင်းခါး။ စာအုပ်အတွက်ဆိုရင် စာတိုက်ကြီးဘေးက BC။ ကော်ဖီသောက်ချင်လျှင် ဗိုလ်အောင်ကျော်လမ်းထောင့်က Moon။ ကိုယ့်အတွက် နေရာကျလွန်းလှသည်လေ။

ထိုနေ့က BCက အပြန် ဗိုလ်အောင်ကျော်လမ်းထဲက ဆိုင်တဆိုင်တွင် အင်တာနက် ဝင်သုံးဖြစ်သည်။ ဒီလိုနဲ့ အင်တာနက်သုံးနေရင်း လူက ချမ်းလာသလိုလိုဖြစ်လာသည်။ ကော်ဖီကိုလည်း တောင့်တသလိုလိုဖြစ်လာသည်နှင့် Moon ကို ထွက်လာခဲ့သည်။ ကိုယ်က အမြဲတမ်းနီးပါး တယောက်တည်း သမားမို့ သူများတွေကို နားလည်သမှုနဲ့ တော်ရုံတန်ရုံ ခုံအကြီးတွေမှာ ထိုင်လေ့ ထိုင်ထ မရှိ။ ဒါပေမယ့် ဒီနေ့မှာတော့ နေရာကလည်း မရှိသည့်အပြင် ထောင့်ကျကျလေးလည်း ထိုင်ချင်သည်မို့  အဝင်ဝနားလေးက လေးယောက်ထိုင်ခုံတလုံးမှာ ထိုင်မိသည်။

မိုးကလည်း ရွာနေတော့ လူတွေရှုပ်နေသည်ကြောင့် ထင်သည် ကော်ဖီက တော်တော်နှင့် ပေါ်မလာသေး။ မိုးရွာထဲ လမ်းမလျှောက်ချင်တဲ့အတူတူ စာဖတ်နေမည်ဟု စိတ်ကူးပြီး အိတ်ထဲက စာအုပ်တွေကို စားပွဲပေါ်တင်ရင်း တအုပ်ကို ဆွဲယူလိုက်သည်။ မာတိကာကို တချက် ကြည့်အပြီး မိတ်ဆက်စာကို ဖတ်နေတုန်းပဲ ရှိသေး ရုတ်တရက် ကိုယ့်ရှေ့မှာ လူတယောက်ရပ်လာသဖြင့် မော့ကြည့်လိုက်မိသည်။
"ဒီ ခုံမှာ လူရှိလား မသိဘူးရှင့်"
အော် ချစ်စရာလေးပါ့လား။
မျက်နှာကို စေ့စေ့ကြည့်ပြီး
"အင်း ရပါတယ်"
"ကျေးဇူးပဲနော်" ဆိုပြီး ခုံးလေးကို ဆွဲယူထိုင်လိုက်မှ ဂရုပြုမိသည်။ သူ့နောက်က ကောင်မလေး နောက်တယောက်ပါသည်ပဲ။

ပထမ ကောင်မလေးရဲ့ မျက်နှာက ချိုသာသလောက် အဲဒီ့တယောက်ရဲ့ မျက်နှာထားက စူပုတ်မဲ့ရွံ့လို့ ဒူးရင်းသီးကို တူနဲ့ ထုထားတဲ့ပုံ။
ကိုယ့်ဟာကိုယ် စာဖတ်နေတာ ကိစ္စ မရှိပေမယ့် ကိုယ့်ရှေ့မှာ အဲလို ငုတ်တုတ်ကြီး လူနှစ်ယောက်လာထိုင်နေတော့ ကိုယ်လည်း နည်းနည်းတော့ စာဖတ်သည့် စိတ်က ပျံ့သွားသည်။ အံ့သြဖို့ ကောင်းသည်က ဒူးရင်းသီးမလေးက တချိန်လုံး စူပုတ်မဲ့ရွဲ့လို့ ထိုင်နေပြီး တယောက်နဲ့ တယောက် စကားလုံးဝမပြောကြ။
"ဒီက အကိုက ဘလက်ကော်ဖီနော်" ဆိုပြီး ဆိုင်က ကောင်လေးက လာချပေးကာ တိုကင်နံပါတ်ပြား ယူသွားသည်။
ကော်ဖီခွက်တင်ဖို့ စာအုပ်တွေကို ဘေးကို နည်းနည်းတိုးလိုက်တော့
"BC က စာအုပ်တွေလား"
"အော် ဟုတ်တယ်ဗျ။ ကျွန်တော် မကြာခဏ BCက စာအုပ်တွေ ငှားဖတ်ဖြစ်တယ်"
"အော် ကောင်းတာပေါ့"
"အမကကော BC မှာ Member ဝင်မထားဘူးလား"
"ဝင်တော့ ဝင်ထားဖြစ်တယ်။ ဒါပေမယ့် သိပ်မသွားဖြစ်ဘူး။
Membership တောင် သက်တမ်းကုန်သွားပလား မသိဘူး"ပြောရင်းနဲ့ မခို့တရို့လေး ရယ်လိုက်သေးသည်။
ကိုယ်လည်း ဘာမှန်းညာမှန်းမသိ လိုက်ရယ်မိသည်။
"ကိုယ်ကတော့ Member ကြေး ပေးထားရတာ တန်အောင်ဆိုပြီး အမြဲ ငှားငှားဖတ်ဖြစ်တယ်ရယ်။ အမအတွက်တော့ မသိဘူး ကိုယ့်အတွက်တော့ သူ့ အသင်းဝင်ကြေးက မနည်းလှဘူးလေ"
"အင်း တူတူပါပဲ။ ဒါပေမယ့် ကျွန်မက အချိန်မှ မပေးနိုင်တာ။ အလုပ်တဖက်က ရှိသေးတယ်လေ"
"အော် ဟုတ်လား... အင်းလေ အလုပ်တဖက်နဲ့ ဆိုတော့လည်း ဘယ်ဖတ်ဖြစ်ပါ့မလဲ။ ကျွန်တော်ကသာ အားနေတာကို"

စကားကောင်းနေတုန်းမှာပဲ ဒူးရင်းသီးမလေးက ထဖောက်လာသည်။
"သွားရအောင်ဟယ်"
"ဟယ် မိုးတွေ တိတ်သေးဘူးလေ.. သွားတော့မလို့လား"
"သွားချင်ပြီဟယ် အအေးတွေ မြန်မြန်သောက်လိုက်တော့"

အအေးခွက်ကို တခါတည်း စုပ်သောက်လိုက်ပြီး
"သွားတော့မယ်နော် အကို။ ဗိုလ်တထောင် ဘုရားဘက်ကို သွားအုံးမှာမို့"
"အော် ဟုတ်ကဲ့ပါ ခင်ဗျာ"

ပြောပြောဆိုဆို သူတို့ နှစ်ယောက်ထသွားတော့ ကိုယ်လည်း ကော်ဖီကို ခပ်သွက်သွက်လေး မော့လိုက်ပြီး အပြေးလေး လိုက်ကြည့်မိသည်။ထီးတချောင်းကို နှစ်ယောက်အတူဆောင်းပြီး ထိုကောင်မလေးက အဝါရောင်အကျႌလေးဝတ်ထားပြီး အနက်နဲ့ အဝါဖောက်ထားသော စကတ်လား ထမီလား ထမီစကတ်လား မခွဲတတ်သည့် စကတ်ကို ဝတ်ထားသည်။

နောက်က နည်းနည်းလေး လိုက်လှည့်အကြည့် ခပ်လှမ်းလှမ်းရောက်နေပြီဖြစ်သည့် နှစ်ယောက်စလုံးက ရုတ်တရက်လှည့်ကြည့်လိုက်တော့ လူမိသွားသလို ကိုယ် နည်းနည်းတော့ ရှက်သွားသည်။ အင်းလေ နောက်လည်း ပြန်တွေ့တော့မယ် မထင်ပါဘူး အဝါရောင်မလေးရေ........

တာတီး မရခဲ့တဲ့ စိတ်ဓာတ်ကင်ဆာ

အချိန်တွေလို
အိုမင်းလာခဲ့ပြီပဲ
ဘဝအကွေ့တွေ ဖြတ်ပါများတော့
စိတ်ရိုင်းတွေ အသားမာတက်
စိတ်ဓာတ်မှာ ကင်ဆာ စွဲကပ်နေပြီ.......

စကားတွေ အများကြီး မလိုတော့ဘူး
ငါ့ဘဝငါ နားလည်မှုက အသံမထွက်
လူတွေအကြောင်း
ဘဝအကြောင်း
ရှင်သန်မှုအကြောင်း
Certificate ထုတ်မပေးတဲ့ သင်တန်းတွေနဲ့ပြည့်နှက်နေတဲ့ ဘဝ....

ခုတော့ ပီပီပြင်ပြင် ယုတ်မာသူတွေကော
ပီပီပြင်ပြင် လိမ္မာသူတွေကော
မပီမပြင် တဝက်တပျက်တွေကော
နှုတ်ခမ်းပါးပါးတွေကော.....

အော် စိတ်ဓာတ်မှာ ကင်ဆာ စွဲကပ်နေပါပေါ့လား...........

ဆိုးချင်သလောက်ဆိုး မိုက်ချင်သလောက်မိုက်
ဒါပေမယ့် မယုတ်မာရဘူး...

ဘယ်သူဒီစကားကို အရေးလုပ်မလဲ
တချို့က မဆိုးဘဲ ယုတ်မာတယ်
တချို့က မမိုက်ဘဲ ယုတ်မာတယ်
ကဲ အဲဒီတော့ ဘာအရေးလဲ...

ပြောပါတယ်
လူတွေမှာ စိတ်ဓာတ်ကင်ဆာ စွဲကပ်နေကြပါပြီလို့.....

ဘဝအတွက်ဆို
ကိုယ့်အသွေးအသားတောင်မှလှီးထုတ် ရှင်းဖြတ်
ထားခဲ့ရက်ရတာပဲ....

ခု ဒါလည်း ဘဝ
ကင်ဆာစွဲကပ်နေတဲ့ စိတ်ဓာတ်
ကင်ဆာစွဲကပ်နေတဲ့ ကပ်ပါး ....

နိဂုံးတခုဟာ
ကင်ဆာ စိတ်ဓာတ်တခုအောက်မှာ
ဆင်ဆာဖြတ်ခံထိသွားတယ်။   ။

နေဦး
(၂၀၁၂ နိုဝင်ဘာ ၈)