Saturday, March 05, 2011

အရိပ်က ကျုပ်တို့ ခြေလှမ်းနောက်
တကောက်ကောက်လိုက်နေတတ်တယ်လား...

ဒီဇာတ်လမ်းမှာ ကျုပ်တို့က
အရိပ်တွေနောက် တကောက်ကောက်လိုက်တယ်
အရိပ်တွေ ပျံသွားတာများ
ကြယ်တွေကြားမှာ လှလှပပ
တမ်းတတတ်တဲ့ နှုတ်ခမ်းဖျားထက်မှာတော့
သွေးစက်တွေ သွေးစက်တွေ
ကမ္ဘာကလည်း သူ့အရှိန်နဲ့သူ မလည်ပတ်နိုင်တော့
အနမ်းတွေ တွန်းအားပေးမယ့် အချိန်ကို မျှော်နေရတယ်........

လည်ပတ်နှုန်းတွေ နှေးလာတဲ့ ကမ္ဘာမှာ
တနေ့ဟာ ၂၄နာရီမဟုတ်တော့ဘူး
သူနဲ့ ချစ်သူ ချစ်ရည်ပလူးကြ
မျက်ရည်တွေမြေခရင်
အဲဒါ ညပဲ...........

ခရီးတထောက်လျှောက်ဖို့
လမ်းတွေလည်းမလို
ကမ်းတွေလည်း ပြိုနေပြီ
မြက်ခင်းပြင်တွေက စိမ်း
တောအုပ်တွေထဲမှာ ဘဝတွေယိမ်းထိုး က
ဒိုရေမီဖာ သင်စတုံးက
မင်းဆိုပြခဲ့ဖူးတဲ့ သီချင်း
မင်းဘာသာမင်း လမ်းခင်းလျှောက်ပါ.........

ခုခေတ်မှာ တက္ကသိုလ်ဟာ စိန်ပန်းတွေနဲ့ မလှဘူး
သစ်ပုတ်ပင်လဲ ပါမလာဘူး
ကဗျာဆန်မှ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်မယ်ဆိုရင်
မင်းနဲ့  ငါနဲ့  ဒီမှာပဲ သေခန်းရှင်ခန်းပြတ်လိုက်ရအောင်
အသွားတွေတထက်ထက်မြနေမှတော့
ဟောဒါက ဘဝရဲ့လမ်းဆိုတာသေချာပြနေပြီလေ......

အနှစ်မရှိတဲ့တောမို့  ကြက်ဆူပင်မင်းမူတာလား
ဟင်္သာဆိုတာ ပုံရိန်ပန်းချီထဲမှာသာ လှတာ
မင်းလည်းသိ ငါလည်းသိ
ဘာမှမထူးခြားတဲ့ ဘဲတကောင်ကို
မလိုဘဲ တန်ဆာတွေ ဆင်ပေးမိတာကိုယ်က
ငါတို့တွေအပြစ်မှန်းသိဖို့
အချိန်က အတော်လင့်နေပြီ.........

ကျားမို့လည်း မရဲပါဘူး
ဖားမို့လည်း မိုးမသဲပါဘူး
အသွားမလွတ်တဲ့ စကားတွေကြောင့်
အဖျားတက်ခဲ့ဘူးတဲ့ လူတွေအကြောင်း
မင်း စာရင်းပြုစုထားတာ ပိုကောင်းမယ်ထင်တယ်....

ပြေးပြေး ပြေးပြေးပြေး
ဝေးနိုင်သမျှ ဝေးဝေးပြေး
ဝေးဝေးပြေးနိုင်သမျှ ဆုဖလားက
ငါတို့လက်ထဲမှာပဲ
ခွေးပြေးဝက်ပြေးလား
အရှင်ပြေး အသေပြေးလား
အပြင်ကမ္ဘာက အော်အော်ပြ
အဲသည့်ပါးစပ်တွေကိုယ်က
အပြေးသမားတွေလို ရှိုက်သံဟပ်
ခင်ဗျားတို့ အသည်းနှလုံးက
ပိုက်ဆံသက်သက်ပဲ ရှုရှိုက်တတ်သလား.......

နောက်တနေ့မှာ
ဒီဘဝကို ကွေ့ဖို့ အရေး
အမေ့ကို ကျွန်တော် ဖုန်းခေါ်မေးအုံးမယ်
သံသရာ မကြောက်သူတွေအဖို့
အံလေးနဲ့ ကြိတ်ဝါးလို့ရတယ်
အသံသေးလေးနဲ့ ကြိတ်ဖားလို့ရတယ်
ပြန်ပြေးဖို့တော့ မစဉ်းစားနဲ့
ဒီဘဝထဲမှာ အရှင်ထွက်မရှိ
အသေထွက်ပဲ ရှိတယ်.........

ချိတ်မှာမိတဲ့ ငါး
သူ့ကို အမှားဆိုမလား
အစာနဲ့ မျှားတဲ့ လူတွေကို အပြစ်ဆိုမလား
ငတ်လာတဲ့အခိုက်မတော့
ပင့်သက်ကို ရှိုက်ထုတ်
အဲဒါ သေမင်းရဲ့ ပြယုဂ်မှန်းသိလည်း
သူတို့ ဖမ်းဆွဲကြရတော့တာပဲ..........

မသေမရှင်ပဲ
အနမ်းတွေ ကြွေကြွေကျ
အလွမ်းတွေ မြေဝယ်ခတော့
အရင်ဘဝက သူရဲကောင်းတွေတောင်မှ
ခုတော့ ကြောက်ချင်ရောင်ဆောင်နေရော့ထင်တယ်
နှလုံးသား ဗလာ
ဦးနှောက် ဗလာနဲ့
စိန်တွေ ရွှေတွေ နောက်ကလိုက်
ငွေအတွက်မိုက်တဲ့သူတွေက
ဒီကမ္ဘာမှာ အထွဋ်အထိပ်တွေဖြစ်လို့
ဘယ်သူ တရားပျက်ပျက်
ကျွန်တော် တရားမပျက်ဘူးဆိုတဲ့ လက်အစုံ
ဘဝအခါးအသီးတွေနဲ့ ဆုံတဲ့အခါ
သိုးမည်းတွေဖြစ်သွား
သူတို့လည်း အံသွားလေးနဲ့ ကြိတ်ဝါးတတ်သွားတယ်.....

အစာငတ်တဲ့ ငါးအပြစ်လား
အစာတပ်ပြီးမျှားတဲ့ လူတွေအပြစ်လား......

ခင်ဗျား စကားကို ဆင်ခြင်ပါ
နှလုံးသားသန့်သန့်နဲ့
ရိုးသားမှုတွေဖွဲ့
ပညာရှိတွေပြည့်နေတဲ့ ခေတ်ဆိုတာ ကုန်ပြီ
ပညာတတ်တွေ ပေါချင်ပေါမယ်
ပညာမက်တွေ ပေါချင်ပေါမယ်
ဘွဲ့ဒီဂရီတွေ ရှည်ချင်ရှည်မယ်
ကမ္ဘာက အမှောင်ထုထဲ ကျနေဆဲ
လည်ပတ်နှုန်းတွေ နှေးလွန်းတော့
တနေ့ဟာ ၂၄နာရီ မဟုတ်တော့
လူတွေရဲ့ သွေးတွေ မြေခ
မျက်ရည်တွေ မြေကျ
ဒါဟာ ည ဆိုမှ ည စစ်စစ်ပဲ.............

နေဦး
(၂၀၁၀ မတ် ၅၊ မနက် ၉း၅၃)

Friday, March 04, 2011

လက်အစုံရဲ့ ကိတ်မုန့်ဖျက်အတိတ်

သွေးချင်းနီးဖို့ထင့်
ဒီအရက်တခွက်ကို
ကျွန်တော်တို့ တူတူသောက်ကြတယ်မေမေ
အဲဒီအထဲမှာ
ခါးသက်သက် အယ်ကိုဟော တပက်လည်း ပါတယ်
ညို့သက်သက် ဆား အပွင့် လက်တပွတ်လည်း ပါတယ်
အရည်ရွှဲရွှဲ သံပုရာတစိတ်လည်း ပါတယ်
မာန်တွေထနေတဲ့ သကြားတဇွန်းလည်း ပါတယ်....

ကျွန်တော်တို့ သွေးနီဖို့
ဒီအရက်ခွက်ကိုတူတူသောက်ခဲ့တုန်းက မေမေ
သစ္စာကိုပြိုင်တူဆိုဖို့ မေ့ကျန်ခဲ့တယ်
မေတ္တာအဆိပ်ကို တစက်လောက် ထည့်ဖို့မေ့ကျန်ခဲ့တယ်
အသည်းကျွမ်းကျွမ်း တဖတ်လောက်ကို အမြည်းလုပ်ဖို့မေ့ကျန်ခဲ့တယ်

မေမေ
ဒီအရက်တခွက်ကို တူတူသောက်ခဲ့တာ
ကျွန်တော်တို့ မှားတယ်တဲ့လား
လူတွေ အများရှေ့မှာပါ မေမေ
လက်ချင်းချိတ်ခဲ့ကြတယ်
ဘေးချင်းကပ်ထိုင်ခဲ့ကြတယ်
ရွှန်းရွှန်းစားစားကြည့်ခဲ့ကြတယ်
ပျော်ရွှင်မှုတွေကို ဓားတလက်နဲ့တူတူ ခွဲပစ်ခဲ့ကြတယ်

မေမေ
ဒီအရက်ခွက်ကို ကျွန်တော်တို့ နှစ်ယောက်
ကြည်ကြည်ဖြူဖြူသောက်ခဲ့ကြတပါ မေမေ
လက်ချင်းချိတ်ပြီး ရဲရဲတူတူသောက်ခဲ့ကြတာပါ မေမေ
မီးကို အမှောင်ချပြီး သောက်ခဲ့ကြတာ မေမေ
နှုတ်ခမ်းက နှစ်နှစ်ခြိုက်ခြိုက်နဲ့ ရှိုက်မက်ခဲ့ကြပါ မေမေ

မေမေ
ဟောဒီ ခွက်တခွက်ထဲက အရက်တွေ
ကျွန်တော်တို့ သွေးတွေထဲ ပျံ့သွားရုံနဲ့
သွေးချင်းနီးခဲ့ပါသလား မေမေ
သွေးချင်းနီးမနီးထက်
ကျွန်တော့်လက်မှာတော့ သွေးချင်းနီခဲ့တယ် မေမေ

မေမေ
အရက်တခွက်တူတူသောက်ရုံထက်
သား အချိုရည်ပေါ့ပေါ့လေးနဲ့ပဲ မယစ်မမူးနေချင်တယ် မေမေ
သားအတွက် ချိုချဉ်ငံခါး အရသာတွေ မများလည်းနေပါ မေမေ
သား ဟောဒီရိုးရိုးသားသားလေးနဲ့ လိမ္မော်ခွံလေးတွေထက်မှာပဲ မျောနေပါရစေ မေမေ

အဲဒီနေ့က မေမေ
သား ဟောဒီအရက်တခွက် သူနဲ့တူတူသောက်ဖြစ်ခဲ့တယ်
သူ ဆင့်ကာ ဆင့်ကာလည်း အရက်ခွက်တွေ သောက်ခဲ့တယ်တဲ့လေ
သား မသိခဲ့တာပါ မေမေ
လိုအပ်တာထက် အမူးလွန်တာ မှားတတ်မှန်း သား သတိမပေးခဲ့မိဘူး
လိုချင်စိတ်ထက် ဆန္ဒကိုချိုးနှိမ်တတ်မှ
အမှန်အစစ်ဆိုတာ သား သတိမပေးခဲ့မိဘူး

ခုတော့ မေမေ
သားလက်မှာ ဝိုင်အနီတွေ စွန်းပေနေတယ်
ဒါ ဖျက်လို့လည်း မရနိုင်တော့ဘူး
သားလက်ထဲမှာ အရက်ကို တပုလင်းလုံးစာ ကိုင်ထားတယ်မေမေ

မေမေ အဲဒီနေ့က
သားတို့ လက်ချင်းယှက်လို့
ဟောဒီတခွက်ထဲက အရက်ကိုပဲ
သွေးချင်းနီးဖို့ တူမျှ သောက်ခဲ့ကြတယ် မေမေ.........



နေဦး
(သြဂုတ် ၂၈ ၂၀၁၀)

("လမ်းကြား" ebook ကဗျာ စာအုပ်မှ)