Pages

Monday, July 31, 2023

မြို့ကလေး - ၆

ချစ်ခြင်းမေတ္တာက ဆန်းကြယ်လွန်းလှပါတယ် သဒ္ဒါ 

ဝေဒနာမြို့လေးမှာ 
ဒဏ်ရာတွေပိုက်ပြီး 
မင်းရဲ့ အဝေးကို ပြေးထွက်သွားချင်မိတယ်ပေါ့ 

မင်းအပေါ် ရူးရူးမူးမူးချစ်မိသလောက်ကိုပဲ 
ဝေးဝေးပြေးထွက်သွားချင်မိတာလေ..... 

ဒါပေမယ့်လည်း 
ငါ့ ဝေဒနာလေး 
ငါ့ အဝေးမှာ အဆင်ပြေပါ့မလားလို့လည်း 
စိတ်ပူမိပြန်ရော 

ချစ်ခြင်းမေတ္တာက ဆန်းကြယ်လွန်းတယ် သဒ္ဒါ 

ဒီရင်မှာ နက်နက်နဲနဲ 
နာနေရင်တောင် 
ခင်ဗျားမျက်နှာမှာ အပြုံးတချက် ပျက်သွားမှာ စိုးနေမိတာမျိုး 

ဒီရင်ရဲ့ ဒဏ်ရာတွေကို 
ခင်ဗျားရဲ့ ဥပေက္ခာတွေနဲ့ ဆေးချ 
ငါ နောက်ထပ် ဒီလောက် နွားမကျစေရဘူးဆိုတဲ့ စိတ်နဲ့ 
ဆေးထည့်နေရတာ 

ချစ်ခြင်းမေတ္တာက ဆန်းကြယ်လွန်းတယ် သဒ္ဒါ 

ခင်ဗျားကို ဆက်ချစ်နေမိတာ 
ကျုပ်ရင်ဘတ်ထဲမှာ မောတယ် 
ကြားနာမှု မစခင်ကတည်းက 
သေမိန့်ကျပြီးသား နှလုံးသားက 
ခင်ဗျားအတွက် အဆုံးထိ လောင်မြိုက်
ခင်ဗျားလှနေဖို့ ပျော်နေဖို့ အတွက်ဆို 
ပြာဖြစ်သွားတဲ့အထိ တောက်ပ ပြမလို့တဲ့လေ 

တကယ်ပဲ မောရပါတယ် သဒ္ဒါရယ် 
ဘယ်လောက်တောင် မောရသလဲဆို 
မနက်ဖြန်ဆိုတာတောင် မရှိချင်တော့တဲ့အထိပေါ့ 

ချစ်ခြင်းမေတ္တာက ဆန်းကြယ်လွန်းလှပါတယ် သဒ္ဒါရယ်...


Sunday, July 30, 2023

မြို့ကလေး - ၅

ပျော်စရာတွေရှိတဲ့အခါတိုင်း 
မင်းနာမည်ကို တမ်းတတတ်သလို 
ရင်နာစရာတွေရှိတိုင်းလည်း 
မင်းအရိပ်လေးကို တိတ်တိတ်လေး 
လှမ်းကြည့်မိတယ် သဒ္ဒါ

တကယ်တော့
မုန်းခြင်း၊ ချစ်ခြင်း နှစ်ခုလုံးက
ပင်ပန်းစေတယ်ဆိုပေမယ့်
ချစ်ရတာ ပိုပင်ပန်းပါတယ် သဒ္ဒါ 

မင်း နေမကောင်းဖြစ်မှာ စိုးတယ်
မင်း မပျော်နေမှာ စိုးတယ်
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်
မင်း အပြုံးလေးလွင့်သွားမှာ စိုးနေရတယ်လေ

ချစ်တယ်ဆိုတာ
အတော်လေးတော့ ဆန်းကြယ်တယ် သဒ္ဒါရဲ့...... 
မင်းကို ပိုင်ဆိုင်နေချင်တာမျိုးမဟုတ်ဘူး 
မင်းပျော်နေတာ ပြုံးနေတာကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း 
ဒီလူ့ရင်ထဲမှာ ပီတိဖြစ်နေတတ်တာမျိုး 

ပြောရရင် 
ကိုယ့်ရဲ့အချစ်က 
ဟောဒီ ဝေဒနာမြို့လေးမှာပဲ 
နေနေရစ်ဖို့ ထိုက်တန်တဲ့ အချစ်မျိုးပေါ့

ဒါပေမယ့်
ဒီမြို့ကလေးမှာပဲ 
ကိုယ် ပျော်နေပါတယ် သဒ္ဒါ 

မင်းပျော်နေတာကို ငေးကြည့်ရင်း 
မင်းပိုပျော်နေနိုင်အောင် ကြိုးစားရင်း 
ကျလာမယ့် မင်းရဲ့ မျက်ရည်တွေကို
ငါ့ လက်ဖမိုးနဲ့ သုတ်ပေးခွင့် မရရင်တောင် 
မင်း မျက်ရည်တွေ ဘယ်သူ့ကြောင့်မှ 
မကျရစေဖို့ ကြိုးစားရင်း 
ဒီမြို့ကလေးမှာ 
ကိုယ်ပျော်နေပါတယ် သဒ္ဒါ 

ဒီမြို့ကလေးရဲ့ အဝေးမှာ 
မင်းပျော်နေစေဖို့ ဆုတောင်းရင်းပေါ့ သဒ္ဒါရယ်




Wednesday, July 26, 2023

မြို့ကလေး - ၄

သဒ္ဒါရေ 
ဒီ ဝေဒနာမြို့လေးထဲ 
အယ်ကိုဟောတွေနဲ့ မျောနေရတာ 
နည်းနည်းတော့ သက်သာပါတယ် သဒ္ဒါ 

ကိုယ့်အတွက်တော့ 
အရက်က ချိုမလာသလို 
ကိုယ့်အချစ်ကလည်း ခါးမသွားခဲ့ဘူး 
မင်းကို ချစ်ဆဲ ချစ်မြဲ 
မင်းကို ချစ်ရတဲ့ အချစ်က ချိုမြိန်နေဆဲ 

တခါတလေတော့လည်း 
ဝေဒနာတွေမခံနိုင်တဲ့အဆုံး 
ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားစေချင်မိတယ် 
ဒါပေမယ့် 
ကိုယ် ပြုံးပြနေနိုင်အောင် 
ကြိုးစားရမယ် မဟုတ်လား 

မင်းရဲ့ နှုတ်ခမ်းလေး 
မဲ့ချိုးလေး ချိုးသွားရင်တောင် 
ဒီရင်ဘတ်က နာနာနေတတ်တာ 
မင်းရဲ့နှုတ်ခမ်းလေး 
အပြုံးတွေဝေနေစေဖို့ 
မင်းမျက်ဝန်းလေး 
အရွှန်းတွေဝေနေစေဖို့ 
ဒီ ဝေဒနာမြို့လေးထဲမှာ 
ကိုယ်ပြုံးပြနေနိုင်အောင် 
ကြိုးစားရမယ် မဟုတ်လား သဒ္ဒါ 

ဟုတ်တယ် 
မင်းပျော်နေမှ 
ကိုယ်က ပျော်နိုင်မှာကို....... 

Thursday, July 20, 2023

မြို့ကလေး - ၃

 (၃)

 

မင်းရဲ့ အရိပ်ကလေး
လမ်းလျှောက်လာတာကို
ငါထိုင်ငေးမိတယ်

ကပိုကရို
ကနွဲ့ကလျဆိုပေမယ့်
ငါ့အတွက်တော့
ဒါ ပြဇာတ်တပုဒ်လည်း ဟုတ်တယ်

မင်းလှမ်းလာတဲ့
ခြေသံတိုင်းက
ဆည်းလည်းခတ်သံ
ကဗျာရွတ်သံ
ဂီတတေးသံ

ငှက်ကလေးတို့ရေ

သီချင်းဆိုတာ ခဏလောက် ရပ်လိုက်ပေးကြပါ

ချစ်သူရဲ့ဂီတကို အနှောက်အယှက်မပေးကြပါနဲ့


ငါ့ချစ်သူ့ရဲ့အရိပ်ကလေး
လေကြမ်းတွေတိုးမှာ စိုးလို့
ငါ့ အရေပြားတွေက သူ့ရဲ့ အကာအရံဖြစ်ပါစေ
ငါ့ချစ်သူရဲ့ အရိပ်ကလေး
နေထိုးမိမှာ စိုးလို့
ငါ့အရိပ်က သူ့အတွက် ထီးတလက်ဖြစ်ပါစေ

သူပျင်းတဲ့အခါ
ဒီ ဝေဒနာမြို့လေးမှာ လျှောက်စရာလမ်း
အသည်းခွဲလမ်းပဲ ရှိတယ်
အပျင်းပြေသလောက်
ဒီလမ်းကို သူ အကြိမ်ကြိမ်လျှောက်ပါစေ
သူ့ အရိပ်ကို
မငြိုငြင်ကြေး

အသည်းခွဲလမ်းတဘက်တချက်က
ငါ့ မျက်ရည်တွေကို ခူးခူး
သူ့ အရိပ်ကလေး
စူးမစူးဖို့က အရေးကြီးတယ်

လမ်းကို ဖြေးဖြေးလျှောက်ပါ သဒ္ဒါရေ
နင်သွားရာ လမ်းတလျှောက်
ငုဝါတွေ ဝပ်ဆင်း
ငါ့ နှလုံးသည်းပွတ်ကို ခင်းပေးထားတယ်  

လမ်းကို ဖြေးဖြေးလျှောက်ပါ သဒ္ဒါရေ
ငါ့ ဝေဒနာမြို့မှာ
နင် မတော်တဆ လဲသွားခဲ့ရင်တောင်
နာမသွားဖို့အရေး
ငါ့ ပုခုံးကို ခင်းပေးထားတယ်

မင်း သိမှာ မဟုတ်ပေမယ့်
ဒီ ဝေဒနာမြို့လေးထဲ
ငါ ပိုက်ထွေးထားမိတဲ့
မင်းရဲ့ အရိပ်ကလေး
ခလုတ်မိ ဆူးမငြိစေဖို့
ပျော်နေနိုင်ဖို့
အပျင်းပြေဖို့
ဒါ ငါ့ချစ်ခြင်းရဲ့ ပြယုဂ်တခုပေါ့ကွယ်....

Wednesday, July 19, 2023

မြို့ကလေး - ၂

(၂)

ဒီမြို့လေးရဲ့ လမ်းတွေမှာ
ငါ ခင်လေးဆတ်ဆတ်တုန် ပန်းတွေ စိုက်မယ် သိလား သဒ္ဒါ
ခင်လေးဆတ်ဆတ်တုန်အောင် လှတဲ့ပန်းတွေလိုပဲ
မင်းက ခရမ်းရောင်နဲ့လှတယ်


ပြီးရင်
ဒီမြို့လေးရဲ့ ခုံတန်းတွေပေါ်မှာ
စံပယ်တွေခင်း
မင်းလျှောက်မယ့်လမ်းမှာ ငုဝါတွေ ဝပ်ဆင်းနေစေရမယ်

ဟိုသီချင်းလေး တပုဒ်
ဆိုလိုရင်းက သိပ်ချစ်တယ်
သဒ္ဒါရယ် နင့်ကိုချစ်တယ်” တဲ့
ဟုတ်တယ်လေ
သဒ္ဒါရဲ့
ဘာများ မရှင်းတာရှိသေးလို့လဲ

အရိပ်ကလေးပါပဲ
ဒါပေမယ့် အဲ့ဒါ မင်းရဲ့ အရိပ်ကလေးဖြစ်လို့နေတာကိုက
အဲ့ဒီအရိပ်ကလေး
ခလုတ်မထိ ဆူးမငြိဖို့အရေး
ဒီမြို့ကလေးမှာ ငါ ကြိုးစားနေရတာပေါ့

မနက်ဘက် အရုဏ်တက်တကြိမ်
ညဘက် နေဝင်တကြိမ်
ဒီဝေဒနာမြို့လေးမှာ
ရှိခိုးပွဲ ရှိတယ် သဒ္ဒါ
မင်းရဲ့ အရိပ်ကို ဦးညွှတ်ကြရင်း

မင်းအပေါ်ထားတဲ့ ငါ့ရဲ့ ချစ်ခြင်းအကြောင်းကို မွှန်းဖွဲ့ရင်း 
ငါရယ်
ငါ့အတ္တရယ်
ငါ့နှလုံးသားရယ်
ငါ့ပုခုံးအစုံရယ်
အသံမထွက်ပဲ
တိတ်တိတ်လေးဆုတောင်းကြတယ်

ဝေဒနာမြို့လေးထဲမှာ
မင်းကို ချစ်တဲ့အကြောင်း
မင်းကို ချစ်ခဲ့တဲ့အကြောင်း
မင်းကို ဆက်ချစ်နေမယ့်အကြောင်း
မင်းကို ဒီရင်အစုံကို ပေးအပ်ကြောင်
မင်းပျော်နေပါစေကြောင်းပေါ့

လူတွေစွန့်ခွာသွားခဲ့ကြပြီဆိုပေမယ့်
ဒီ ဝေဒနာမြို့လေးမှာ နေရတာ
ငါ ပျော်ပါတယ် သဒ္ဒါ
မင်း အရိပ်ကလေးကို စောင့်ရှောက်ခွင့်ရရုံလေးနဲ့ကို
ငါ ပျော်နေတာပေါ့ သဒ္ဒါရဲ့

ဒီဝေဒနာမြို့လေးမှာ 
အသက်ဆုံးသည့်တိုင် 
ငါ ရှိနေမယ် 
ငါ့အလောင်းကို ရှုတဲ့အခါ 
မင်းအတွက် အချစ်တွေ မြင်သာပါစေကွယ်

Tuesday, July 18, 2023

မြို့ကလေး - ၁

(၁)

သစ်ပင် စိမ်းစိမ်းတွေရှိမယ်
သီချင်းဆိုတတ်တဲ့ ငှက်ကလေးတွေ ရှိမယ်
တောင်ကျချောင်းသေးသေးလေးရှိမယ်
ပြီး မင်းအရိပ်ရယ် ငါရယ်
လူတွေစွန့်သွားခဲ့တဲ့ ဒီမြို့ကလေးမှာ နေကြမယ်လေကွယ်....

လူတွေမရှိတော့တဲ့ ဒီမြို့ကလေးကို
ငါ့ကိုယ်ငါ
ဝေဒနာလို့ နာမည်ပေးမယ်


ဟုတ်တယ် သဒ္ဒါရဲ့
မင်းကိုချစ်တဲ့ ဝေဒနာတွေနဲ့ မြို့ကလေးပေါ့
ဒါပေမယ့်
ဒီဝေဒနာက လှပါတယ်
ချိုလည်း ချိုမြိန်ပါတယ်
ဒီ့ထက်ပိုတာက ဒီမြို့ကလေးမှာ
မင်းရဲ့ အရိပ်ကလေး
ငါ့ဘေးမှာ အမြဲနေတယ်လေ


လူတွေ စွန့်ပစ်သွားခဲ့တဲ့ ဒီမြို့လေးမှာ
ငါ တယောက်တည်း
ကဗျာတွေရေးမယ်
သီချင်းတွေညည်းမယ်
မင်းကိုချစ်တဲ့ အကြောင်း
ဘုရားကျောင်းမှာ ခေါင်းလောင်းထိုးမယ်


ကော်ဖီခါးခါးတခွက် သောက်မယ်
ပြီး
Tequilaတွေတခွက်ပြီး တခွက်
မင်းရဲ့ အရိပ်နဲ့ အဖော်လုပ်ပြီး မော့မယ်


ငါ့ဘေးနားမှာရှိနေမှာ
မင်းရဲ့ အရိပ်လေးပဲ ဖြစ်နေလေတော့
ငါ့မှာ ထွက်သွားမှာလည်း ပူစရာမလိုဘူး
ရှက်သွေးတွေဖြာနေစရာလည်း မလိုဘူး
အဲ့လိုနဲ့
ဒီ ဝေဒနာမြို့လေးမှာ
မင်းအရိပ်တွေကို ငါ အင်္ကျီတထည်လိုဝတ်
တောင်ကျချောင်းလေးထဲမှာ
ခြေပစ်လက်ပစ်ထိုင်နေဘူးတယ် သဒ္ဒါရဲ့......

လူတွေ စွန့်ခွာသွားခဲ့ပေမယ့်
မင်းအရိပ်နဲ့ အတူရှိဖို့အရေး
ဒီမြို့လေးမှာ ငါရှိနေပေးဦးမှာပါ သဒ္ဒါ
ဘုရားမှန်မှန်ရှိခိုးရင်း
တရားတွေ အကြိမ်ကြိမ်ပြိုလဲရင်း

ဒီမြို့လေးမှာ ငါရှိနေပေးဦးမှာပါ သဒ္ဒါ..... 

Wednesday, June 14, 2023

La Mer, Prideaux နှင့် ချစ်ခြင်း

Tinker Tailor Soldier Spy ဇာတ်ဒီကားကို ကြည့်ဖူးခဲ့ရင် 

La Mer ဆိုတဲ့ upbeat သီချင်းတပုဒ်ရယ် 

Prideaux နဲ့ Haydon ရဲ့ စကားလုံးတွေမလိုတဲ့ ချစ်ခြင်း အဓိပ္ပာယ်တွေရယ်

Smiley ရဲ့ အိမ်အပြန်ခြေလှမ်းတွေရယ်နဲ့ ဇာတ်သိမ်းခန်းကို ကောင်းကောင်းသတိရနေမည် ထင်သည် 


ဇာတ်သိမ်းခန်းမှာ သုံးထားတဲ့ La Mer က Julio Iglesias ဆိုထားတဲ့ version 


ဇာတ်သိမ်းခန်းရဲ့ ဇာတ်ရှိန်ကော၊ သရုပ်ဆောင်ချက်တွေကော အရမ်းကြိုက်လွန်းလို့  မကြာခဏ YouTube ပေါ်မှာ နားထောင်ဖြစ်တဲ့ သီချင်းတပုဒ်


ဇာတ်လမ်းအကြောင်းကောက်ရရင်

British Intelligence ရဲ့ ဌာနတခုထဲမှာ ထိပ်တန်းရာထူးထဲက တယောက်က ရုရှား သူလျှို ဖြစ်နေမှန်း သိတယ်။ ဒါပေမယ့် ဘယ်သူလဲ မသိဘူး။

သူလျှိုဘယ်သူလဲဆိုတာ သိရဖို့ mission တခုမှာ  အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Control က Prideaux(P) ကို ဟန်ဂေရီ ဗိုလ်မှုးတယောက်ဆီက သတင်းယူဖို့ လွှတ်လိုက်တယ်။ 

အဲ့ဒါ ထောင်ချောက်မှန်းသိလိုက်ပေမယ့် P အဖမ်းခံလိုက်ရတယ် နှိပ်စက်ခံရတယ်။

သေသွားပြီလို့ ထင်ကြပေမယ့် P က ပြန်လွတ်လာပြီး ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာအလုပ်ဝင်လုပ်တယ်။  

သူပြန်ရောက်လာတာကို တော်တော်များများက မသိကြဘူး။


အဆုံးသတ်တော့ သူလျှိုက Haydon ဖြစ်နေတယ်။ H နဲ့ P က ကျောင်းသားဘဝကတည်းက အချစ်ဇာတ်လမ်းတွေရှိခဲ့တယ်။ ဒါ့ထက်ပိုပြီး P က H သူလျှိုဆိုတာကို သိတယ် ဒါမှမဟုတ် ရိပ်မိတယ်။ သူ့ကို လွှတ်လိုက်တဲ့ mission အကြောင်းကိုလည်း သူက H ကို သတိပေးခဲ့သေးတယ်။ 


H တယောက် ဖမ်းခံလိုက်ရပြီဆိုတာ သိတဲ့အခါ H ကို သူကိုယ်တိုင် -စ်သ-တ်လိုက်တယ်။ 


ဇာတ်သိမ်းခန်းက La Mer သီချင်းနောက်ခံနဲ့ P ကိုယ်တိုင် H ကို အဝေးကနေ အဆုံးစီရင်လိုက်တဲ့ အခန်းပေါ့ 


ကြည့်မိလိုက်တိုင်း P ဘာလို့ Hကို သူ့လက်နဲ့ အဆုံးစီရင်ပေးခဲ့တာလဲ ဆိုတဲ့ အတွေးက စိတ်အလျဥ်ကို ရိုက်ခတ်သွားစမြဲ 


ဖြစ်နိုင်ခြေတွေကို အမျိုးမျိုးစဥ်းစားကြည့်မိပေမယ့် အဖြေတိတိကျကျရယ်လို့ထွက်မလာ
ဒါပေမယ့် တိကျတဲ့အချက်ကတော့ ချစ်ခြင်းက ဆန်းကြယ်တယ် ဆိုတာပဲ 


- P က သူ့ကို ပေးခဲ့တဲ့ ဒုက္ခတွေအတွက် လက်စားချေတာလား?
ဒါဆိုရင် သူကိုယ်တိုင် H ကို mission အကြောင်းပြောပြခဲ့တာ သူ့ကို အဖမ်းခံရစေတဲ့သူက H မှန်း သူရိပ်မိနေခဲ့တာပဲ?

ဘာလို့ အစောကြီးကတည်းက လက်တုံ့မပြန်ခဲ့သလဲ?မရေရာလို့လား?

 -
ဒါမှမဟုတ် အဖမ်းခံလိုက်ရတဲ့ ဒုက္ခကို သိပြီးတဲ့ P က သူချစ်တဲ့ H ကို ဒုက္ခတွေ မခံစေချင်တာလား


အဆုံးသတ်မခံရခင်မှာတင် သူတို့နှစ်ယောက် မျက်လုံးချင်းဆုံမိတယ် ပြီး H က တချက်ပြုံးလိုက်တယ် ပြီး လဲကျသွားတယ် ဒါက H ရဲ့ ဆန္ဒလား? မနာကျင်စေချင်တဲ့ အချစ်လား


- ဒါမှမဟုတ် မသေချာသေးလို့ လက်စားမချေသေးတာလား

ချစ်တဲ့သူမို့ ကိုယ့်ကိုဒုက္ခရောက်စေခဲ့သည့်တိုင် အပြစ်မမြင်နိုင်ဖြစ်နေရတာလား


ဖြစ်နိုင်ချေတွေ မေးခွန်းတွေအများကြီးပဲ 


ဘာကြောင့်ပဲဖြစ်ဖြစ် သေချာတာကတော့ ချစ်တယ်ဆိုတဲ့ကိစ္စက တော်တော်ဆန်းကြယ်သလို တော်တော်ဒုက္ခများသည်


- အေးမြစေတာလည်း ဒီ ချစ်ခြင်းပဲဖြစ်ပြီး 

ပူလောင်စေတာလည်း ဒီ ချစ်ခြင်းကြောင့်ပင်


- ပိုင်ဆိုင်ချင်တာလည်း ချစ်ခြင်းဖြစ်ပြီး 

လှသထက်လှ မြင့်သထက်မြင့်သွားတာကို ငေးကြည့်ရင်း ကျေနပ်နေတာမျိုးကလည်း ချစ်ခြင်းပဲဖြစ်သည် 


- ၅၂၀ ကလည်း ချစ်ခြင်းဖြစ်ပြီး ၁၅၀၀ ကလည်း အချစ်ဖြစ်သည် 


ဘယ်လိုပဲချစ်ချစ် ချစ်ခြင်းဆိုတဲ့ပြဿနာရှိလာတာနဲ့ ဒုက္ခတွေက တပုံတပင် အဖော်အပေါင်းနဲ့ ဝင်လာတတ်သည် 


Prideaux ကိုပဲကြည့် 


တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာက ခံစားချက်ဆိုတာထက် 

ယုံကြည် ကိုးကွယ်ရာ ဘာသာတရားတခုဖြစ်သင့်သည်ဟု ထင်သည်

ချစ်ခြင်းကို ကိုးကွယ်ဆည်းကပ်ရင်း သူ့ရဲ့ ပညတ်တော်တွေထဲမှာ လူတွေကို စည်းနှောင်ထားသင့်သည် 

နောက်ဆုံး ကျနော်တို့တွေကိုယ်တိုင်က ချစ်ခြင်းရဲ့သာဝကတွေ ဖြစ်နေသင့်သည်မလား 

Wednesday, May 31, 2023

အလင်းနှင့် အတူ

ရုတ်တရက်ကြီးဖြစ်သည်။ မိနစ်မဆိုင်း စက္ကန့်မဆိုင်း။ သို့သော် အတွေးမှာတော့ ဘာကြောင့် ဘယ်လိုဆိုတာ ခုထိ နားမလည်နိုင်။ သိသာတာကတော့ ဒီအကြောင်းအရာသည် ညမဟုတ်၍ နေ့ဖြစ်ရခြင်း ဖြစ်ပေမည်။ ထိုနေ့သည် မှောင်သည် လှောင်သည် ပြောင်သည် ယောင်သည်။ ထောင်ထားခြားနားခြင်းကို အရေးမယူလိုခြင်းကြောင့် အိပ်ရေးဝဝ အိပ်မည်။

လူပျိုသိုး တစ်ယောက်ဖြစ်သော ကျွန်တော်သည် အိမ်ထောင်ရှိ၍နေပြီလော။ ကျွန်တော့်ဘယ်လက်မောင်းပေါ်မှာ အမျိုးသမီးတယောက် သံစုံဟောက်ရင်း အိပ်နေသည်။ ထိုအမျိုးသမီးကို ကျွန်တော်မသိ။ နံရံတဖက်က ဓာတ်ပုံကြီးပေါ်တွင် သူမနှင့် ကျွန်တော် မင်္ဂလာဝတ်စုံတွေဝတ်ထားပြီး ဖက်ထားကြသည်။ သို့သော် သူမကို မသိတာ သေချာသည်။ တသက်နဲ့ တကိုယ် သူမကို မမြင်ဖူးသေး။

နောက် ဖုန်းက တီတီ တီတီ ထမြည်လာသည်။ အလင်းရောင် မရှိသော နေ့မှာ ဘယ်သူများ ဖုန်းခေါ်သလဲကြည့်မိတော့။ ဒါ ဖုန်းခေါ်သံမဟုတ် ဒါ alarm ဖြစ်သည်။ ဒီနေ့ ကျွန်တော် မင်္ဂလာဆောင်မည့်နေ့တဲ့။ နေရာတွေ အချိန်တွေ ရေးထားသည်။ မိန်းမပျိုတစ်ယောက်၏ ဓာတ်ပုံကိုလည်း တွေ့ရသည်။ ခုနက ဘေးမှာ အိပ်နေသော အမျိုးသမီးတော့ မဟုတ်။ ဟုတ်သည် သေချာသည်။ ဒီ မိန်းမပျိုကိုလည်း ကျွန်တော်မသိ။ ဒါ ကျွန်တော့်ဖုန်းဖြစ်သည်။ လုံးဝမလွဲ။ ခေါင်းတွေထဲ စဉ်းစားလို့မရ ကျွန်တော့်ဘေးက မိန်းမပျိုကို ပြန်လှည့်ကြည့်ဖို့ ကြိုးစားတော့ ဘာကိုမျှ မတွေ့ရတော့။

ဒါ ဘယ်လိုဖြစ်တာလဲ။ သေချာသည် ခုနက အမျိုးသမီးတစ်ဦး ကျွန်တော့်ဘေးမှာ အိပ်နေသည်။ တိတိကျကျဆိုရရင် ရင်ခွင်ထဲတွင်ဖြစ်သည်။ ဟောက်သံများတောင် ပေးနေသေးသည်။ နံရံပေါ်က ဓာတ်ပုံကြီးကို တချက်လှမ်းကြည့်တော့ ထိုနေရာတွင် ဘာမှမရှိ။ ပြတင်းပေါက်တချပ်က နေရာယူထားသည်။ အလွန်စိစစ်သောသူ၊ အရာရာကို စာအုပ်ပေါ်တွင် ဖုန်းပေါ်တွင် ရေးမှတ်ထားတတ်သူမှန်း ကိုယ့်ကိုယ်ကို ကျွန်တော်သိသည်။ ဒါဆို ဒီနေ့ မင်္ဂလာဆောင်သည် ဘာလဲ။

ထိုမိန်းမပျိုကိုလည်း ကျွန်တော်မသိ။ ထိုမိန်းမပျိုကကော ကျွန်တော့်ကို သိလေမည်လား။ ဘာပဲဖြစ်ဖြစ် မှတ်သားထားတယ်ဆိုတာ အလကားတော့ မဖြစ်နိုင် သွားကြည့်လိုက်တာ ကောင်းမည်။ အိပ်ရာထ မျက်နှာသစ် ရေချိုး ပြီး အဝတ်ဗီရိုကို ဖွင့်လိုက်တော့ အထဲမှာ သန့်ပြန့်ပြီး ကော့နေအောင် မီးပူတိုက်ထားသော အနက်ရောင် အနောက်တိုင်း ဝတ်စုံချိတ်ထားသည်။ သေချာကြည့်တော့ အင်္ကျီချိတ်တွင် စာရွက်လေးတခု ချိတ်ထားသည် မင်္ဂလာပွဲမှာ ချစ်သောသူ ဝတ်ဖို့တဲ့ နာမည်တွေ လက်မှတ်တွေတော့ ထိုးမထား။ ထိုဝတ်စုံကိုပဲ ဝတ်ကြည့်လိုက်တော့ အံ့အားသင့်စရာ ကျွန်တော်နဲ့ တသားတည်းကျနေသည်။ ဒါဆိုရင် ဒါ ငါ့ဝတ်စုံများလား။ သေချာပြန်ဖတ်ကြည့်တော့ ဒီလက်ရေးကို မမြင်ဖူး။ ဒီအချိန် နံရံကပ်နာရီက သုံးနာရီထိုးကြောင်း အသံပေးလာသည်။ အပြင်မှာ ဘာအလင်းရောင်မှ မရှိ။ ဖုန်းကို ပြန်ထုတ်ကြည့်တော့ ဒါ နေ့လည် သုံးနာရီတဲ့။ ဖုန်းထဲမှာ မှတ်ထားသည့် လိပ်စာကို တချက်ကြည့်ပြီး မင်္ဂလာပွဲရှိရာကို သွားဖို့  အိမ်အပြင်လှမ်းထွက် ဘေးဘီဝဲယာကြည့်တော့ မိုးမျှော်တိုက်ကြီးတွေ ဒါနဲ့ အိမ်တံခါး ဆွဲပိတ်လိုက်သည်။

ဘုရားရေ ဘာအိမ် ဘာတံခါး ဘာအဆောက်အဦမှ မရှိသည့် နေရာမှ ကျွန်တော် ရပ်နေပြီး လက်ကိုင်ဘုတခုကို ကိုင်ထားသလိုလုပ်ကာ တံခါးကို ကျွန်တော် ပိတ်နေမိသည်ပဲ။ ခုနက လက်ကိုင်ဘုတခု ကျွန်တော့်လက်ထဲမှာ ဆုပ်ကိုင်ထားသည် ခု လေဟာပြင်က လွဲ၍ ဘာမှမရှိ။ ဝတ်စုံသည်လည်း ခုနက အနောက်တိုင်းဝတ်စုံဖြစ်သည်။ ဖုန်းလည်းရှိသည်။ နာရီလည်းရှိသည်။ ဒါပေမယ့် နောက်ကျောဖက်မှာ ဘာမှမရှိ။

လမ်းပေါ်က ဖြတ်လျှောက်သွားသည့် လူတယောက်ကို အပြေးလိုက်မေးသည်။ ဟုတ်သည် ဒီလမ်းသည် ၁၃ လမ်း။ ကျွန်တော် လက်ညိုးထိုးပြသည့်နေရာကို ထိုသူက ကြည့်ပြီး ပြောသည်။ အဲဒီ အိမ်နံပါတ် ၁၃မှာ သူ့သက်တမ်းတစ်လျှောက် ဘာအဆောက်အဦမှ ဆောက်တာ ရှိတာ မမြင်ဖူးခဲ့တဲ့။ ဘယ်လိုမှ မဖြစ်နိုင်။ ဒါ ကျွန်တော့်အိမ် ခက်တာက ဘာမှရှိမနေတာကလွဲလို့ ဒါ ကျုပ်ရဲ့အိမ်။ နားမလည်နိုင်တော့ ခုနက ပျောက်သွားသည့် ရင်ခွင်ထဲက အမျိုးသမီး၊  ပြန်လှည့်ကြည့်၍ မရှိတော့သော အိမ်။

ကျွန်တော့်နဲ့ ဒီနေ့ မင်္ဂလာဆောင်ရမယ့် မိန်းမပျိုကတော့ ဘာဖြစ်သွားလဲ သိချင်သိနိုင်မည်။ ဟုတ်သည် သူ့ဆီ သွားသင့်သည်။ နေရာက ဟိုးဘက်တလမ်း မြစ်ကို ကျော်ပြီးသွားရုံ။ လမ်းပဲလျှောက်လာခဲ့ပြီး လိပ်စာပါ နေရာရှေ့ကို ရောက်တော့ ဝတ်ကောင်းစားလှဝတ်ထားသည့်လူတွေ အထဲမှာထိုင်နေသည်။ ဓာတ်ပုံထဲက မိန်းမပျိုက အပြေးထွက်လာပြီး ဘယ်ဘက်လက်မောင်းကို လာချိတ်သည်။ လူတွေကလည်း ကျွန်တော်နဲ့ မိန်းမပျိုကိုငေးကြည့်လျက်။ ဓာတ်ပုံဆရာရဲ့ ကင်မရာကလည်း လက်ကနဲ လက်ကနဲ။ ထိုမိန်းမပျို ခေါ်ဆောင်ရာနောက် လမ်းမကြီးအတိုင်း လျှောက်လာတော့ အခါတော်ပေး သီချင်းသံကို သီဆိုနေပြီ ဒီသီချင်းကို အရမ်းကြိုက်သည် ငယ်ကတည်းက အရမ်းနှစ်သက်သည် မျက်လုံးအစုံကို မှိတ်ပြီး နားသောတ အာရုံတခုထဲ ခံစားလိုက်ချင်သည်။ တဖြောင့်တည်းသွားရမည့် ဒီလျှောက်လှမ်းပေါ်မှာ သီချင်းသံကို မျက်လုံးလေးမှိတ်ပြီး နားထောင်လိုက်သည်နှင့် တပြိုင်နက် ထိုမိန်းမပျိုက နားနားလေးကပ်၍ စကားလာပြောသည် မင်္ဂလာပွဲပြီးရင် ကျောင်းသွားတက်ရမယ်နော်တဲ့။

လန့်ဖြတ်ပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ဝတ်ကောင်းစားလှနဲ့ ထိုင်နေကြတဲ့ သူတွေ အခါတော်ပေးဆိုနေတဲ့ သူတွေ ဘာမှမရှိတော့။ သီချင်းသံလည်း ပျောက်သွားပြီ ဒါ မြက်ခင်းပြင်ကြီးသာဖြစ်သည်။ ခုနက အဝတ်အစားတွေလည်း ကိုယ်ပေါ်တွင်မရှိ။ ကျွန်တော်သည် အဖြူအစိမ်းဝတ်ပြီး လွယ်အိပ်ကို ဘေးသိုင်းလွယ်ထားသော မူလတန်းကျောင်းသားကလေးဖြစ်သည်။ ဘေးဘက်မှာ ကလေးမလေးတယောက်က ငေး၍ကြည့်နေသည်။ နင်ဘယ်သူလဲလို့ မေးလိုက်တော့ ငါ နင့်အိပ်မက်အတွက် တစ္ဆေတစ်ကောင်တဲ့(ကျွန်တော်ကတော့ နတ်သမီးဟုမြင်သည်)။ တခွန်းတည်းပြောပြီး သူမ အပြုံးတွေခြွေလျက် ပျောက်သွားသည်။ အင်း မနက်တောင် လင်းပြီပဲ။


နေဦး
(၂၀၁၁ စက်တင်ဘာ ၁၁၊ မနက် ၉း၃၇)