Pages

Tuesday, October 05, 2010

ကစ္ဆပနဒီ

နဒီရေ
နင် ခြေအချမမှားခဲ့သလို
ငါ ကြင်နာပြတာတွေများ မမှားခဲ့ပါဘူး နဒီ……

ငါ့မြေမှာ နင်စိုး
ငါ့အကျိုးအတွက် နင်စီးဆင်း
ငါ့ချစ်ခြင်းကတော့ နင့်အတွက်ပဲ နဒီ….

နင့် လျှောက်လမ်းအထက်
ငါတို့ အသက်တွေ တင်
နင့် အသွင်အပြင်က
ငါတို့အတွက် အရေးကြီးပါတယ် နဒီ…….

နင်သွားရာလမ်းတလျှောက်
ဟောဒီ စပါးတွေပေါက်တယ်
နင် လှမ်းရာ လမ်းတလျှောက်
ငါတို့ မခမ်းခြောက်ခဲ့ဘူး နဒီ…….

ငါ့ရင်ကို ဖြတ်ပါ
ငါ့အသားကို စားသုံးပါ
ငါ့နှလုံးသားကိုတော့
နင့်ရဲ့ ဖြစ်တည်မှုနဲ့ အသက်ဆက်ပေးခဲ့ပါ နဒီ…..

မြစ်ဖျားခံ နင့်အသက်က
ငါ့ ရင်ဘတ်ထဲကမှ မဟုတ်ခဲ့တာ နဒီရယ်
နင့်ကိုငါ ပိုင်တယ်လို့ မဆိုလိုရက်ပါဘူး
ဒါပေမယ့် နဒီရယ်
ဟောဒီက ငါ့ရင်ထက်
နင် ပျော်မွေ့သလိုနေချင်နေ
နင် ဒေါသကြီးချင်သလိုကြီး
နင့် မြစ်ဖျားခံရာက လာတဲ့ မီးမှန်သမျှ
ငါ့ရင်ကို ဖြတ်ခဲ့တာပါ နဒီ……………..

ငါ့ရင်က နင့်ကို နှင်မချဘူး
ငါ့ရင်က နင့်ကို ဘ၀င်မကျစိတ်မပြခဲ့ဘူး
ငါ့ရင်က နင့်ကို အသွင်အပြင်မှန်သမျှ လက်ခံပြခဲ့တာပါ နဒီ………

လှမ်းပါ နင်းပါ စီးဆင်းပါ
ဟောဒီခန္ဓာအထက် နင်ပျော်နေသမျှ ငါ လက်ခံထားခဲ့မှာပါ နဒီ…..

နေဦး
(၂၀၁၀ အောက်တိုဘာ ၅၊ နေ့လည် ၂ နာရီ)

(ကိုင်ဇာရဲ့ ကစ္ဆပနဒီ လှိုင်းသံကို နားထောင်မိရင်း ကစ္ဆပနဒီခေါ် ကုလားတန်မြစ်ရဲ့ အကြောင်းကို ဖတ်မိရာမှ ရေးသားမိခြင်းဖြစ်သည်။ ကစ္ဆပနဒီမြစ်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသတွင် မြစ်ဖျားခံခဲ့ခြင်းဖြစ်သည်။ ကျွန်တော်ပြန်ဖတ်မိသလောက် ရေးကြည့်ခြင်းဖြစ်ပါသည် ကျွန်တော်မရောက်ဘူးပါ အမှားပါကောင်း ပါနိုင်မည်ဖြစ်သဖြင့် အမှားအယွင်းရှိခဲ့လျှင် ထောက်ပြဆွေးနွေးပေးစေလိုပါသည်)