Pages

Saturday, March 05, 2011

အရိပ်က ကျုပ်တို့ ခြေလှမ်းနောက်
တကောက်ကောက်လိုက်နေတတ်တယ်လား...

ဒီဇာတ်လမ်းမှာ ကျုပ်တို့က
အရိပ်တွေနောက် တကောက်ကောက်လိုက်တယ်
အရိပ်တွေ ပျံသွားတာများ
ကြယ်တွေကြားမှာ လှလှပပ
တမ်းတတတ်တဲ့ နှုတ်ခမ်းဖျားထက်မှာတော့
သွေးစက်တွေ သွေးစက်တွေ
ကမ္ဘာကလည်း သူ့အရှိန်နဲ့သူ မလည်ပတ်နိုင်တော့
အနမ်းတွေ တွန်းအားပေးမယ့် အချိန်ကို မျှော်နေရတယ်........

လည်ပတ်နှုန်းတွေ နှေးလာတဲ့ ကမ္ဘာမှာ
တနေ့ဟာ ၂၄နာရီမဟုတ်တော့ဘူး
သူနဲ့ ချစ်သူ ချစ်ရည်ပလူးကြ
မျက်ရည်တွေမြေခရင်
အဲဒါ ညပဲ...........

ခရီးတထောက်လျှောက်ဖို့
လမ်းတွေလည်းမလို
ကမ်းတွေလည်း ပြိုနေပြီ
မြက်ခင်းပြင်တွေက စိမ်း
တောအုပ်တွေထဲမှာ ဘဝတွေယိမ်းထိုး က
ဒိုရေမီဖာ သင်စတုံးက
မင်းဆိုပြခဲ့ဖူးတဲ့ သီချင်း
မင်းဘာသာမင်း လမ်းခင်းလျှောက်ပါ.........

ခုခေတ်မှာ တက္ကသိုလ်ဟာ စိန်ပန်းတွေနဲ့ မလှဘူး
သစ်ပုတ်ပင်လဲ ပါမလာဘူး
ကဗျာဆန်မှ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်မယ်ဆိုရင်
မင်းနဲ့  ငါနဲ့  ဒီမှာပဲ သေခန်းရှင်ခန်းပြတ်လိုက်ရအောင်
အသွားတွေတထက်ထက်မြနေမှတော့
ဟောဒါက ဘဝရဲ့လမ်းဆိုတာသေချာပြနေပြီလေ......

အနှစ်မရှိတဲ့တောမို့  ကြက်ဆူပင်မင်းမူတာလား
ဟင်္သာဆိုတာ ပုံရိန်ပန်းချီထဲမှာသာ လှတာ
မင်းလည်းသိ ငါလည်းသိ
ဘာမှမထူးခြားတဲ့ ဘဲတကောင်ကို
မလိုဘဲ တန်ဆာတွေ ဆင်ပေးမိတာကိုယ်က
ငါတို့တွေအပြစ်မှန်းသိဖို့
အချိန်က အတော်လင့်နေပြီ.........

ကျားမို့လည်း မရဲပါဘူး
ဖားမို့လည်း မိုးမသဲပါဘူး
အသွားမလွတ်တဲ့ စကားတွေကြောင့်
အဖျားတက်ခဲ့ဘူးတဲ့ လူတွေအကြောင်း
မင်း စာရင်းပြုစုထားတာ ပိုကောင်းမယ်ထင်တယ်....

ပြေးပြေး ပြေးပြေးပြေး
ဝေးနိုင်သမျှ ဝေးဝေးပြေး
ဝေးဝေးပြေးနိုင်သမျှ ဆုဖလားက
ငါတို့လက်ထဲမှာပဲ
ခွေးပြေးဝက်ပြေးလား
အရှင်ပြေး အသေပြေးလား
အပြင်ကမ္ဘာက အော်အော်ပြ
အဲသည့်ပါးစပ်တွေကိုယ်က
အပြေးသမားတွေလို ရှိုက်သံဟပ်
ခင်ဗျားတို့ အသည်းနှလုံးက
ပိုက်ဆံသက်သက်ပဲ ရှုရှိုက်တတ်သလား.......

နောက်တနေ့မှာ
ဒီဘဝကို ကွေ့ဖို့ အရေး
အမေ့ကို ကျွန်တော် ဖုန်းခေါ်မေးအုံးမယ်
သံသရာ မကြောက်သူတွေအဖို့
အံလေးနဲ့ ကြိတ်ဝါးလို့ရတယ်
အသံသေးလေးနဲ့ ကြိတ်ဖားလို့ရတယ်
ပြန်ပြေးဖို့တော့ မစဉ်းစားနဲ့
ဒီဘဝထဲမှာ အရှင်ထွက်မရှိ
အသေထွက်ပဲ ရှိတယ်.........

ချိတ်မှာမိတဲ့ ငါး
သူ့ကို အမှားဆိုမလား
အစာနဲ့ မျှားတဲ့ လူတွေကို အပြစ်ဆိုမလား
ငတ်လာတဲ့အခိုက်မတော့
ပင့်သက်ကို ရှိုက်ထုတ်
အဲဒါ သေမင်းရဲ့ ပြယုဂ်မှန်းသိလည်း
သူတို့ ဖမ်းဆွဲကြရတော့တာပဲ..........

မသေမရှင်ပဲ
အနမ်းတွေ ကြွေကြွေကျ
အလွမ်းတွေ မြေဝယ်ခတော့
အရင်ဘဝက သူရဲကောင်းတွေတောင်မှ
ခုတော့ ကြောက်ချင်ရောင်ဆောင်နေရော့ထင်တယ်
နှလုံးသား ဗလာ
ဦးနှောက် ဗလာနဲ့
စိန်တွေ ရွှေတွေ နောက်ကလိုက်
ငွေအတွက်မိုက်တဲ့သူတွေက
ဒီကမ္ဘာမှာ အထွဋ်အထိပ်တွေဖြစ်လို့
ဘယ်သူ တရားပျက်ပျက်
ကျွန်တော် တရားမပျက်ဘူးဆိုတဲ့ လက်အစုံ
ဘဝအခါးအသီးတွေနဲ့ ဆုံတဲ့အခါ
သိုးမည်းတွေဖြစ်သွား
သူတို့လည်း အံသွားလေးနဲ့ ကြိတ်ဝါးတတ်သွားတယ်.....

အစာငတ်တဲ့ ငါးအပြစ်လား
အစာတပ်ပြီးမျှားတဲ့ လူတွေအပြစ်လား......

ခင်ဗျား စကားကို ဆင်ခြင်ပါ
နှလုံးသားသန့်သန့်နဲ့
ရိုးသားမှုတွေဖွဲ့
ပညာရှိတွေပြည့်နေတဲ့ ခေတ်ဆိုတာ ကုန်ပြီ
ပညာတတ်တွေ ပေါချင်ပေါမယ်
ပညာမက်တွေ ပေါချင်ပေါမယ်
ဘွဲ့ဒီဂရီတွေ ရှည်ချင်ရှည်မယ်
ကမ္ဘာက အမှောင်ထုထဲ ကျနေဆဲ
လည်ပတ်နှုန်းတွေ နှေးလွန်းတော့
တနေ့ဟာ ၂၄နာရီ မဟုတ်တော့
လူတွေရဲ့ သွေးတွေ မြေခ
မျက်ရည်တွေ မြေကျ
ဒါဟာ ည ဆိုမှ ည စစ်စစ်ပဲ.............

နေဦး
(၂၀၁၀ မတ် ၅၊ မနက် ၉း၅၃)