Pages

Thursday, June 03, 2010

ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေ


ကျွန်တော့်အဖေ မကြာခဏပြောတတ်တဲ့စကားလေးပါ။ နောက် ကျွန်တော့်ဆရာ့တယောက်ရဲ့ လက်စွဲစကားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နည်းနည်းတော့ ပြောပုံလေးကွာတယ်။ ကျွန်တော့်အဖေပြောနေကျက "ကောင်းကောင်းနေချင်ရင် ကောင်းအောင်နေ" တဲ့။ ဆရာပြောတတ်တာကတော့ ခေါင်းစဉ်လေးအတိုင်း "ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေ"။

ရုတ်တရက်တော့ ဖတ်ကြည့်လိုက်တာ အင်း ရွဲ့များပြောနေသလိုပါပဲ စဉ်းစားကြည့်လေ ပြောထားပုံကိုက ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေတဲ့။ အဲဒါတော့ သူပြောမှလား ကိုယ်လည်း သိတာပေါ့ ကောင်းကောင်းနေချင်မှတော့ ကောင်းကောင်းနေတာပေါ့။ စကားရဲ့ နောက်ကွယ်က အတိမ်အနက်ကို ငယ်ငယ်က မစဉ်းစားမိခဲ့ဖူးပါဘူး။ ဟုတ်ပါတယ် ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေရပါတယ်။ ကောင်းကောင်းနေခွင့်ရဖို့ အဲဒီလူဟာ ကောင်းကောင်းနေရပါတယ်။ ပြောရင်း စကားရှုပ်သွားလားမသိဘူး။

သူ့စကားရဲ့ မြှပ်ကွက်က ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေ။ ကောင်းကောင်းနေခွင့်ရဖို့ ကောင်းကောင်းနေရတယ်ဆိုတဲ့ အကြောင်းပါ။ ကောင်းကောင်းနေခွင့်ရဖို့ ကောင်းကောင်းနေရတယ်ဆိုတာ ဘာလဲ။ ကျွန်တော်တို့ ကျောင်းသားအရွယ်မှာ စာကြိုးစားရပါတယ် တကယ်ဆို စာကြည့်ရတာ ငြီးငွေ့ဖို့ ကောင်းပါတယ် ဒါဆို ဘာလို့ ကြည့်သတုန်း ကောင်းကောင်းနေခွင့်ရဖို့ပါ။ ပညာတတ်ဖြစ်တော့ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်ရရင်တောင် အမိုးအကာအောက် အဲကွန်းခန်းထဲမှာ အေးအေးဆေးဆေး အလုပ်လုပ်ရပါတယ်။ အဲဒါကို ကျောင်းသားဘဝမှာ ကောင်းကောင်းနေတယ်လို့ ဆိုပါတယ်။

အလုပ်လုပ်တဲ့ အခါမှာကော ဥပမာ ကျွန်တော်တို့ သူများဝန်ထမ်းလုပ်နေတယ်ပဲ သဘောထား ကျရအောင်ပါ။ အလုပ်ကို ပုံမှန်သွားရပါတယ်။ ကိုယ့်အလုပ်ကို ပြီးအောင် လုပ်ရပါတယ်။ အလုပ်ကို ကြိုးစားပြီးလုပ်ရပါတယ်။ တကယ်တမ်း တဖက်က ကြည့်ရင် အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရတာ ကောင်းတာလားလို့ တွေးစရာပါ။ ဟုတ်တယ်လေ အလုပ်လုပ်ရတာ ဒီလောက်ပင်ပန်းတဲ့ ကိစ္စ ဘာလုပ်ဖို့ ပင်ပင်ပန်းပန်းလုပ်မှာတုန်း ကောင်းကောင်းနေဖို့ပါ။ အလုပ်ကြိုးစားခြင်းရဲ့ အသီးအပွင့်တွေကို ခံစားဖို့ပါ။ ယေဘုယျပေါ့နော် အလုပ်ကြိုးစားရင် ရာထူးတက်မယ် လခတိုးမယ် ဝင်ငွေများမယ်။ ဝင်ငွေများရင် ဘဝမှာပိုပြီး သက်တောင့်သက်သာနေနိုင်မယ် ကောင်းကောင်းနေနိုင်မယ်။ မိဘကို ထောက်ပံ့နိုင်မယ် ကြွေးမြီဟောင်းကိုလည်း ကောင်းကောင်းဆပ်နိုင်မယ် ကြွေးမြီသစ်ကိုလည်း ကောင်းကောင်းချနိုင်မယ်။

အိမ်ထောင်ကျလာတဲ့ အခါလည်း လူတယောက်က ကောင်းကောင်းနေနိုင်ဖို့ ကောင်းကောင်း နေရပါတယ်။ ကိုယ်နဲ့ သွေးမတော် သားမစပ်ပေမယ့် ကိုယ်လက်ထပ်တောင်းရမ်းပြီး ယူထားတဲ့ ကိုယ့်အမျိုးသမီး ကိုယ့် ဇနီးမယားအပေါ်မှာကို သစ္စာရှိရပါတယ်။ အမျိုးသမီးများဆိုရင်လည်း ထိုနည်းတူပဲ ကိုယ့်ရဲ့ အိမ်ဦးသခင် လင်ယောက်ျားအပေါ်မှာ သစ္စာရှိရှိထိန်းသိမ်းရပါတယ်။ ဘာလို့တုန်းဆိုတော့ ကောင်းကောင်းနေရဖို့ပါ။ မဟုတ်ရင် ပဋိပက္ခတွေ ရန်ပွဲတွေနဲ့ အိမ်ထောင်တခုဟာ ပျော်ရွှင်ဖွယ်ထက် စိတ်မချမ်းမြေ့ဖွယ်ရာ ကောင်းနေပါလိမ့်မယ်။

စိတ်ထဲမှာ ပျင်းရိငြီးငွေ့တဲ့အတွေးတွေ ဝင်နေတိုင်း၊ ပေါ့ပေါ့နေတဲ့ စိတ်ထားတွေ ဝင်လာတိုင်း အဖေနဲ့ ဖုန်းပြောဖြစ်ရင် အဖေ့ဆီက ကောင်းကောင်းနေချင်ရင် ကောင်းအောင်နေဆိုတဲ့ စကားလေ တခွန်းကြားတိုင်း ပျင်းရိငြီးငွေ့မှုတွေကြားက လန့်လန့်နိုးလာတယ်။ စိတ်ထဲမှာလည်း အကြိမ်ကြိမ် အဖန်ဖန် ပြန်ရေရွတ်မိတယ်.......

......ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေ......